အိန္ဒိယနိုင်ငံ၏ ရာသီဥတု အခြေအနေရ ဝယ်လိုအားပေါ် မူတည်၍ ပြည်တွင်းပဲဈေးနှုန်း ဆက်လက်မြင့်တက် နိုင်မည်ဟု ခန့်မှန်းထားပြီး ဧပြီနောက်ဆုံးပတ်တွင် မတ်ပဲဈေးနှုန်း SQ တစ်တန်လျှင် ကျပ် ၁၈ သိန်း ၄ သောင်း ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း ရေးမှူး (၂) ဦးမြတ်စိုးက ပြောကြားသည်။
ဧပြီ ၂၈ ရက်တွင် ပြည်တွင်းပဲဈေးနှုန်း အနေဖြင့် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၇ သိန်း ၁ သောင်း၊ SQ တစ်တန်လျှင် ကျပ် ၁၈ သိန်း ၄ သောင်း ပေါက်ဈေးရှိပြီး ပဲစင်းငုံ FAQ တစ်တန်လျှင် ကျပ် ၁၅ သိန်း ၃ သောင်း ပေါက်ဈေးရှိကာ ပဲတီစိမ်းမှာမူ ဈေးငြိမ်လျက်ရှိပြီး အချိန် ၆၀ လျှင် ကျပ် ၁၀ သိန်း ၇ ထောင် ပေါက်ဈေးရှိကြောင်း သိရသည်။
ဧပြီ တတိယပတ်နှင့် နှိုင်းယှဉ်ပါက မတ်ပဲ SQ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၃၀၀၀၀ ခန့် ဈေးနှုန်းကျဆင်းလျက် ရှိသော်လည်း အိန္ဒိယနိုင်ငံ၏ ရာသီဥတု အခြေအနေကြောင့် ပုံမှန်ဝယ်လိုအားထက် ပိုမိုမြင့်တက်ပါက ပြည်တွင်းပဲဈေးနှုန်းမှာ ဆက်လက်မြင့်တက်နိုင်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများက သုံးသပ်ပြောကြားသည်။
"အိန္ဒိယဘက်က ပုံမှန်ဝယ်နေပေမယ့် အခုရက်ပိုင်းမှာ ဝယ်လိုအားမြင့်နေတော့ ဈေးက ပြန်ပြီးတက်နေတာပါ။ သူတို့ဆီမှာလည်း ပဲစိုက်တယ်။ ဒါပေမဲ့ သူတို့နိုင်ငံမှာလည်း ရာသီဥတုက ပုံမှန်မဟုတ်တော့ ခြောက်လပိုင်း၊ ခုနစ်လပိုင်းမှာ မိုးမရွာဘူးဆိုရင် သူတို့ဘက်မှာ ပဲအထွက်က ကျမှာပဲ။ အဲဒါဆိုရင် အိန္ဒိယဘက်က အဝယ်များမယ်။ အဲဒါကို ကြည့်ပြီးတော့ ပဲဈေးက ဆက်ပြီးမြင့်တက်နိုင် တယ်လို့ ခန့်မှန်းရတာပါ။ ဒါပေမဲ့ ပဲတီစိမ်းကတော့ တစ်ကမ္ဘာလုံးကလည်း စိုက်တယ်ဆိုတော့ ပြည်တွင်းပဲတီစိမ်း ဈေးနှုန်းကတော့ သိပ်ပြီးမြင့်တက်မှု မရှိနိုင်ဘူး" ဟု ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရေးမှူး (၂) ဦးမြတ်စိုးက ပြောကြားသည်။
ပဲတီစိမ်းအနေဖြင့် တစ်ကမ္ဘာလုံးတွင် စိုက်ပျိုးမှုအားကောင်းပြီး ထိုင်းနိုင်ငံတွင်လည်း စိုက်ပျိုးမှုများ ရှိနေသောကြောင့် ပြည်တွင်းဈေးကွက်၌ ပဲတီစိမ်းဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၁၂ သိန်းကျော် တင်ပို့ထားပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ဒေါ်လာ ၁၂၀၅ သန်း ရရှိထားကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတန်ချိန် ၂၃၅၀၀၀ ကျော် လျော့နည်းသော်လည်း နိုင်ငံခြားဝင် ငွေ ဒေါ်လာ ၁၄ သန်း ပိုမိုရရှိခဲ့သည်။
ပြည်ပသို့ တင်ပို့လျက်ရှိသည့် ပဲမျိုးစုံတွင် ပဲစင်းငုံ အမျိုးအစားကို အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိပြီး မတ်ပဲအမျိုးအစားကို ရာခိုင်နှုန်း ၇၀ အထိ တင်ပို့နေရပြီး ပဲတီစိမ်း အမျိုးအစားကို အရှေ့တောင်အာရှ နိုင်ငံများမှ အများဆုံး ဝယ်ယူကာ ထိုင်ဝမ်မှာ မြန်မာပြည်မှ ထွက်ရှိသည့် ပဲများကို ဝယ်ယူမှု မရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားပေါ် မူတည်၍ ပြည်တွင်းပဲဈေး ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းထားပြီး ဧပြီလ နောက်ဆုံးပတ်တွင် မတ်ပဲဈေး SQ တစ်တန်လျှင် ကျပ် ၁၈ သိန်း ၄ သောင်းရှိနေ