အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒနယ်မြေအတွင်း၌ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင် မိခင်ပါတီအား ချိတ်ဆက်၍ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆက်သွယ်ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်း မရှိပါက ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များအား အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယင်းကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားမှုများ ပြုလုပ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အပြုအမူများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များအား သတိပေးမှုများ ပြုလုပ်ခဲ့သည်။
“လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးတစ်ခုခုအတွက် နယ်ဆင်းတာပဲဖြစ်ဖြစ်၊ လွှတ်တော်အတွေ့အကြုံကို ရှင်းလင်းတာပဲဖြစ်ဖြစ်၊ မဲဆန္ဒရှင်နယ်မြေတွေကို သာရေးနာရေး သွားတာပဲဖြစ်ဖြစ်၊ ကိုယ့် မိခင်ပါတီကိုတော့ ပူးပေါင်းဆောင်ရွက်ရမယ်။
ကျွန်တော်ကိုယ်တိုင်လည်း လွှတ်တော်အတွေ့အကြုံ ရှင်းလင်းတာပဲဖြစ်ဖြစ်၊ တွေ့ဆုံပွဲ လုပ်တာပဲဖြစ်ဖြစ် ကျွန်တော့်သဘောနဲ့ ကျွန်တော် ဘယ်တော့မှမလုပ်ဘူး။ သက်ဆိုင်ရာ ကျွန်တော့်မြို့နယ်ကို အသိပေး အကြောင်းကြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကို မွေးဖွားပေးလိုက်တယ်။ ကျွန်တော်တို့ကို အောင်နိုင်ရေးအတွက် လုပ်ပေးခဲ့တယ်။ ရန်ကုန်မှာဖြစ်ခဲ့တယ်။ အဲဒီပုဂ္ဂိုလ်ကိုလည်း ကျွန်တော်ခေါ်တွေ့သွားမယ်။ သူက ကိုယ့်မြို့နယ်က လုပ်ဆောင်ပေးခဲ့တာကို မြို့နယ်က ပါတီကို ရှိတယ်လို့ သူက မထင်တော့ဘူး။ ငါကိုယ်စားလှယ်ပဲ ဆိုပြီး သူ့ကိုယ်သူ မာန်တက်နေတယ်။ သူဆိုတဲ့ ကိုယ်စားလှယ်ကို ဘယ်သူက မွေးဖွားပေးလိုက်တာလဲ။ ဘယ်သူက အောင်နိုင်အောင် လုပ်ပေးလိုက်သလဲ။ အခုတော့ သူ့ကိုယ်သူ ပုဂ္ဂိုလ်ရေးထူထောင်ပြီး သူရဲကောင်းကြီး တစ်ယောက်လိုမြင်နေတာ။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ ဒါက အရေးကြီးတယ်။ တခြားသော ကိုယ်စားလှယ်တော်ကြီးတွေနဲ့တော့ မဆိုင်ပါဘူး။ ဒီလိုပုံစံမျိုးတွေ နောက်ပိုင်းသိပ်များလာရင်တော့ ကျွန်တော်တို့ အရေးယူတာတွေ လုပ်သွားမယ်။ အဲဒီလို မျိုးတွေ မလုပ်ပါနဲ့။ အားလုံးအတူ လက်တွဲပြီးလုပ်ပါ”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်။
ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော်တွင်လည်း ရေးရာကော်မတီများ၌ NLD ပါတီဝင်များကိုသာ ခန့်ထားခြင်း မဟုတ်ဘဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ၊ တိုင်းရင်းသားပါတီများ၊ ပြည်ခိုင်ဖြိုးပါတီ အစရှိသည့် လူမျိုးပေါင်းစုံ ပါဝင်ပြီး အမျိုးသားရင်ကြားစေ့ရေးမူဝါဒဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒနယ်မြေအတွင်း ကွင်းဆင်း ဆောင်ရွက်ရာတွင် မိခင်ပါတီအား ချိတ်ဆက် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းမရှိပါက အရေးယူမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သတိပေး















