စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် အုပ်စုတို့က ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်ခြင်း အစီရင်ခံစာ ၂၀၁၅ ထုတ်ပြန်

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် အုပ်စုတို့က ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်ခြင်း အစီရင်ခံစာ ၂၀၁၅ ထုတ်ပြန်
Published 27 April 2016
ကျော်မျိုး

၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အစိုးရ၏ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှု မူဝါဒများကို လေ့လာ သုံးသပ်ထားသည့် မြန်မာနိုင်ငံ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ ၂၀၁၅ ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် အုပ်စုတို့က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ကြောင်း သိရသည်။အစီရင်ခံစာတွင် ဘဏ္ဍာရေး မူဝါဒများ ရေရှည်တည်တံ့ရေး၊ ပြည်ထောင်စုဘတ်ဂျက် အစိတ်အပိုင်းများအား ပြန်လည် ညှိနှိုင်းခြင်း၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများ၏ ဖြန့်ကြက်ပေးနိုင်မှု၊ အရည်အသွေးနှင့် သာတူညီမျှ ဖြစ်စေမှုတို့ကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးတွင် အစိုးရ အသုံးစရိတ်များ ထိရောက်စွာ သုံးစွဲခြင်းနှင့် ဒေသန္တရအဆင့် ဝန်ဆောင်မှုများ ပေးအပ်ရာတွင် ဘတ်ဂျက်မူဘောင်များ ခိုင်မာစေခြင်း စသည့် အပိုင်းငါးခု ပါဝင်ကြောင်း သိရသည်။ဘဏ္ဍာရေး မူဝါဒများ ရေရှည်တည်တံ့ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဘတ်ဂျက်တွင် ချေးငွေ အစီအစဉ်အား ဦးစွာထည့်သွင်း ဖော်ပြခြင်းနှင့် ကာလလတ် ချေးငွေဗျူဟာ ချမှတ်၍ ညင်သာစွာ ပြောင်းလဲ ကျင့်သုံးခြင်း၊ ချေးငွေများ ရယူရာတွင် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဗဟိုအာဏာပိုင်အဖြစ် တာဝန်ယူ၍ ဆွေးနွေးခြင်းနှင့် သဘောတူခြင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသည့် ဝင်ငွေများကို ပြည်ထောင်စု ဘတ်ဂျက်သို့ ဗဟိုမှ ထည့်သွင်းနိုင်ရန်နှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေ အတက်အကျ ဖြစ်ပေါ်နိုင်မှု အခြေအနေများကို ကာလလတ် ဘဏ္ဍာရေး မူဘောင်တွင် ထည့်သွင်းစဉ်းစားခြင်း၊ ဘဏ္ဍာရေး စည်းမျဉ်းနှင့် အညွှန်းကိန်းများကို ကုန်ပစ္စည်း ဈေးနှုန်းများနှင့် ချိတ်ဆက်ထားခြင်း၊ နိုင်ငံပိုင် လုပ်ငန်းများ၏ ဘဏ္ဍာရေး အခြေအနေများကို ထိန်းသိမ်းလမ်းညွှန်ရန် မူဘောင်ချမှတ်ခြင်းတို့ ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။ထို့ပြင် ဘတ်ဂျက် အစိတ်အပိုင်းများ ပြန်လည်ညှိနှိုင်းခြင်းနှင့် ပတ်သက်၍ လက်ရှိ အခွန်ကင်းလွတ်ခွင့်များကို ပြန်လည်သုံးသပ်ခြင်း၊ အခွန်ကင်းလွတ်ခွင့် အသစ်များကို ထည့်သွင်းစဉ်းစားခြင်း၊ ဝင်ငွေကြွေးများကို စီမံခန့်ခွဲခြင်းနှင့် ဘတ်ဂျက်ပြင်ပရှိ ငွေစာရင်းများကို တဖြည်းဖြည်း လျှော့ချသွားခြင်း၊ တပ်မတော်၏ အသုံးစရိတ်များ သုံးသပ်ခြင်းနှင့် ထိရောက်မှု ရှိမရှိ အလားအလာ ဖော်ထုတ်ခြင်း၊ အစိုးရ၏ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲခြင်းနှင့် ထိရောက်မှု စစ်ဆေးခြင်းတို့ကို ပြန်လည်သုံးသပ်ခြင်းနှင့် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် ကုန်ကျမည့် အသုံးစရိတ်များကို လျှော့ချခြင်း စသည်တို့ကို ဆောင်ရွက်ရန် အကြံပြုထားကြောင်း သိရသည်။ကျန်းမာရေးနှင့် ပတ်သက်ပြီး ထိရောက်မှု မရှိသော အသုံးစရိတ်များကို လျှော့ချနိုင်ရန်၊ ဆေးနှင့် ဆေးဝါးများ ဝယ်ယူရာတွင် မဟာဗျူဟာ ချမှတ်သွားရန်၊ ကျေးလက်ဒေသ အခြေခံ ကျန်းမာရေး အဆောက်အအုံများနှင့် တန်ဖိုးကြီးမြို့ပြ အခြေပြု အဆင့်မြင့် စက်ပစ္စည်းတို့ အကြားတွင် ဟန်ချက်ညီ ရင်းနှီးမြှုပ်နှံရန် မူဝါဒ ဖော်ဆောင်ရန် အကြံပြုထားသည်။ 

Most Read

Most Recent