တိုးမြှင့်လိုက်သည့် “ဆမ” လိုင်စင် သက်တမ်းကြေး လျှော့ပေါ့ပေးရန် လူငယ်ဆရာဝန်အချို့ မြန်မာနိုင်ငံ ဆေးကောင်စီသို့ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို

တိုးမြှင့်လိုက်သည့် “ဆမ” လိုင်စင် သက်တမ်းကြေး လျှော့ပေါ့ပေးရန် လူငယ်ဆရာဝန်အချို့ မြန်မာနိုင်ငံ ဆေးကောင်စီသို့ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို
Published 23 April 2016
အိသဉ္ဇာကျော်

မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေအသစ် အရ တိုးမြှင့်လိုက်သည့် ဆရာဝန်များ၏ “ဆမ” လိုင်စင် သက်တမ်းကြေး ပမာဏကို လျှော့ပေါ့ပေးရန် မြန်မာနိုင်ငံ ဆေးကောင်စီသို့ ဒေသအချို့မှ လူငယ်ဆရာဝန်များ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း သိရသည်။“မြန်မာနိုင်ငံ ဆေးကောင်စီက ဒီလကစပြီး ဆရာဝန်တွေရဲ့ “ဆမ” လိုင်စင် သက်တမ်းကြေးကို အရင်နှုန်းထားထက်ပိုတဲ့ နှုန်းထား အသစ်တစ်ခုကို တိုးမြှင့်လိုက်တယ်။ နှုန်းထားအသစ်က ပုံမှန်လက်ထောက် ဆရာဝန်တွေ၊ ဘွဲ့ရပြီးစ လူငယ်ဆရာဝန်တွေ အတွက်ဆိုရင် အရမ်းမြင့်နေတယ်။ ပုံမှန်ကြည့်ရင်တော့ သုံးနှစ်စာ အတွက်မှ ၄၅၀၀၀ ကျပ် ဆိုပေမယ့် နယ်ကလူတွေအတွက်က အဆင်မပြေပါဘူး။ ပြီးတော့ဆေးကောင်စီက ရန်ကုန်မှာပဲရှိပြီး နယ်မြို့ကြီးတွေမှာ ဌာနခွဲ မရှိတဲ့အတွက် နယ်ရောက်နေတဲ့ ဆရာဝန် ဒါမှမဟုတ် နယ်က ဆရာဝန်တွေဆိုရင် ရန်ကုန်အထိလာပြီး သက်တမ်းတိုးရတယ်။ သက်တမ်းတစ်ခါတိုးရင် သက်တမ်းတိုးကြေးအပြင် သွားလာနေထိုင် စရိတ်ပါကုန်လို့ နယ်က လူငယ်ဆရာဝန် အများစုက မတတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မော်လမြိုင်မှာရှိတဲ့ လူငယ်ဆရာဝန် ၁၅ ယောက်စုပြီး သက်တမ်းကြေးကို လျှော့ပေါ့ပေးဖို့အပြင် ဆေးကောင်စီကို နယ်မြို့ကြီးတွေမှာပါ ဌာနခွဲတွေ အဆင်ပြေရင် ဖွင့်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။ အရင်နှုန်းထား အဟောင်းနဲ့ သိပ်မကွာတဲ့ နှုန်းထားတစ်ခုအထိ လျှော့ပေါ့ပေးမယ် ဆိုရင်တော့ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်” ဟု ဘီးလင်းမြို့ အကျဉ်းဦးစီးဌာန (တောင်စွန်း) တွင် တာဝန် ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန် ဒေါက်တာ ရဲသူရက ပြောကြားသည်။မြန်မာနိုင်ငံ ဆေးကောင်စီက ဆရာဝန်များ၏ “ဆမ” လိုင်စင် သက်တမ်းကြေးကို ဧပြီ ၁ ရက်က ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊ ဆရာဝန် မှတ်ပုံတင်နှင့် ဆေးကုသခွင့်လိုင်စင် လျှောက်ထားခြင်းကို ယခင်က ကျပ် ၂၅၀၀၀ ကောက်ခံရာမှ ယခု နှုန်းထားသစ်အရ ကျပ် ၅၀၀၀၀ (ဆေးကောင်စီ ဥပဒေ စာအုပ်နှင့် Ethics စာအုပ်အပါအဝင်) သို့လည်းကောင်း၊ သုံးနှစ်တစ်ကြိမ် ဆေးကုသခွင့် လိုင်စင် သက်တမ်းတိုးခြင်းကို ယခင်က ကျပ် ၈၀၀၀ ကောက်ခံရာမှ ယခု ကျပ် ၄၅၀၀၀ (တစ်နှစ်လျှင် ကျပ် ၁၅၀၀၀ နှုန်း) သို့ လည်းကောင်း၊ လိုင်စင်သက်တမ်း ရက်လွန်ကြေးကို ယခင် ကျပ် ၁၂၁၀၀ မှ ယခု တစ်နှစ်လျှင် ကျပ် ၂၅၀၀၀ (သုံးနှစ်နှင့် အထက် ကျော်လွန်ပါက ကျပ် ၁၀၀၀၀၀) သို့ လည်းကောင်း၊ ဆေးကုသခွင့် လိုင်စင်မူရင်းခွဲ (ပျောက်ဆုံးခြင်းအတွက် အသစ်ပြန်လည် လျှောက်ထားခြင်း) ကို ယခင်က ကျပ် ၁၂၂၀၀ မှ ယခု ကျပ် ၁၀၀၀၀၀ သို့လည်းကောင်း၊ ဆေးကောင်စီ မှတ်ပုံတင်ကတ်ပြား မူရင်းခွဲ (ပျောက်ဆုံးခြင်းအတွက် အသစ်ပြန်လည် လျှောက်ထားခြင်း) အတွက် ယခင်က ကျပ် ၁၁၅၂၀ မှ ကျပ် ၁၀၀၀၀၀ သို့ လည်းကောင်း၊ ဆေးကောင်စီ မှတ်ပုံတင်ကတ်ပြား အဟောင်းမှ အသစ်သို့ လဲလှယ်ခြင်းအတွက် ယခင်က ကျပ် ၁၅၀၀ မှ ယခု ကျပ် ၅၀၀၀ ကျပ်သို့ လည်းကောင်း၊ ဘွဲ့လွန်မှတ်ပုံတင်ကြေးအတွက် ယခင်က ကျပ် ၁၃၅၂၀ မှ ယခု ကျပ် ၁၀၀၀၀ သို့လည်းကောင်း ပြောင်းလဲ သတ်မှတ်ခဲ့သည်။ထို့ပြင် Certificate of Good Standing လျှောက်ထားခြင်းအတွက် ကောက်ခံသော နှုန်းထားများကိုမူ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း မရှိကြောင်း၊ နိုင်ငံခြားသား ဆရာဝန်များအတွက် ကန့်သတ် ဆေးကုသခွင့် လိုင်စင်ထုတ်ပေးရာတွင် မှတ်ပုံတင်ကြေးအဖြစ် သုံးလ သက်တမ်းအတွက် ဒေါ်လာ ၁၅၀၀၊ ခြောက်လသက်တမ်းအတွက် ဒေါ်လာ ၃၀၀၀ နှင့် ၁၂ လ သက်တမ်းအတွက် ဒေါ်လာ ၆၀၀၀ သတ်မှတ်ထားပြီး၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှစ၍ မြန်မာနိုင်ငံ ဆေးကောင်စီမှ နိုင်ငံခြားသား ဆရာဝန်များအတွက် ကောက်ခံသည့် လိုင်စင်ကြေးများ အားလုံးကို မြန်မာ ကျပ်ငွေဖြင့် ကောက်ခံခဲ့ကြောင်း သိရသည်။“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ ကချင်ပြည်နယ် တစ်ဝိုက်က လူငယ်ဆရာဝန် ၃၀ လောက် စုပေါင်းပြီး ရန်ကုန်က ဆေးကောင်စီကို စာပို့တောင်းဆိုထားတယ်။ ရုတ်တရက် တိုးမြှင့်လိုက်တဲ့ လိုင်စင်သက်တမ်းကြေးက လူငယ်ဆရာဝန်တွေ အများစုအတွက် အဆင်မပြေပါဘူး။ သက်တမ်းတိုးမယ် ဆိုရင်လည်း တစ်ပတ်လောက်ကြာတော့ နယ်ကလူတွေဆို နေထိုင်စရိတ်ပါ ကုန်တာပါ။ ဒါကြောင့် လျှော့ပေါ့ပေးဖို့၊ ဌာနခွဲတွေ ဖွင့်ပေးဖို့ ဒါမှမဟုတ် အွန်လိုင်းစနစ်နဲ့ သက်တမ်းတိုးလို့ရအောင် လုပ်ပေးဖို့တွေကိုပါ တောင်းဆိုထားပါတယ်” ဟု မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာစုစုဝင်းက ဆိုသည်။လက်ရှိအချိန်အထိ မြန်မာနိုင်ငံ ဆေးကောင်စီမှ ဆေးကုသခွင့် လိုင်စင်ထုတ်ပေးပြီးသူ ၄၂၀၉၁ ဦး ရှိကြောင်းနှင့် အသက် ၇၀ နှင့် အထက် ဆရာဝန်ကြီးများ၏ လိုင်စင်သက်တမ်း လဲလှယ်ခွင့်ကိုမူ ကင်းလွတ်ခွင့် ပေးထားကြောင်း သိရသည်။

Most Read

Most Recent