၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တရားမဝင်သစ် တန်ချိန် ၄၆၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်၌ အများဆုံး ဖမ်းဆီးရမိ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တရားမဝင်သစ် တန်ချိန် ၄၆၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်၌ အများဆုံး ဖမ်းဆီးရမိ
Published 22 April 2016
ဆန်းထူးအောင်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ တရားမဝင် သစ်တန်ချိန် ၄၆၁၅၃ ဒသမ ၀၅၈၄ တန် ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်တွင် အများဆုံး ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖမ်းဆီးရမိသည့် ပြည်ထောင်စုချုပ် သစ်စာရင်းအရ သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် တရားမဝင် ဖမ်းဆီးရမိမှုများသည် ကချင်ပြည်နယ်တွင် ၆၄၉၆ ဒသမ ၅၁၂၂ တန်၊ ကယားပြည်နယ်တွင် ၂၉၀ ဒသမ ၀၀၃၄ တန်၊ ကရင်ပြည်နယ်တွင် ၁၉၆ ဒသမ ၈၁၃၄ တန်၊ ချင်းပြည်နယ်တွင် ၃၅၄ ဒသမ ၅၄၁၄ တန်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၀၄၁၆ ဒသမ ၄၄၈၈ တန်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၈၆၆ ဒသမ ၅၁၅၂ တန်၊ ပဲခူးတိုင်းဒေသကြီးတွင် ၆၁၂၄ ဒသမ ၁၇၇၆ တန်၊ မကွေးတိုင်း ဒေသကြီးတွင် ၂၁၂၆ ဒသမ ၁၁၈၈ တန်၊ မန္တလေးတိုင်း ဒေသကြီးတွင် ၂၆၂၆ ဒသမ ၃၉၉၅ တန် တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်တွင် ၇၈၄ ဒသမ ၇၂၇၂ တန်၊ မွန်ပြည်နယ်တွင် ၈၉ ဒသမ ၅၃၅၈ တန်၊ ရခိုင်ပြည်နယ်တွင် ၉၀၉ ဒသမ ၅၄၉၂ တန်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၇၃၆ ဒသမ ၆၄၅၁ တန်၊ ရှမ်း (တောင်ကြီး) ၆၂၀၀ ဒသမ ၉၄၉၅ တန်၊ ရှမ်း (လားရှိုး) ၉၈၅၁ ဒသမ ၁၉၁၁ တန်၊ ရှမ်း (ကျိုင်းတုံ) ၅၀၇ ဒသမ ၅၈၆၃ တန်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၅၇၅ ဒသမ ၃၄၃၉ တန်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် သစ်များတွင် ကျွန်း (လုံးတန်၊ ခွဲသားတန်) ၁၅၇၄၇ ဒသမ ၂၃၅၄ တန်၊ သစ်မာ (လုံးတန်၊ ခွဲသားတန်) ၁၀၄၃၈ ဒသမ ၆၉၁၆ တန်၊ အခြား (လုံးတန်၊ ခွဲသား တန်) ၁၉၉၆၇ ဒသမ ၁၃၁၄ တန်တို့ဖြစ် ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့်  မြန်မာနိုင်ငံမှ သစ်များခိုးထုတ်မှုမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း သစ်အလုံးလိုက် ခိုးထုတ်မှုမှ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံဖိုးခန့် အကျိုးအမြတ် ရရှိခဲ့ကာ တမလန်းသစ်များ ခိုးထုတ်၍ လက်လီနှင့် သစ်အချောထည်အဖြစ် ပြောင်းလဲမှုကြောင့် ၂၀၁၄ ခုနှစ် တစ်ခုတည်းမှာပင် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံဖိုးခန့်အထိ အကျိုးအမြတ် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သစ်များ အဆမတန်အကျိုးအမြတ် ထုတ်နေမှုအပေါ် ဖော်ထုတ်ခဲ့သည့် အင်္ဂလန်နိုင်ငံအခြေစိုက် EIA ၏စာရင်းများအရ မြန်မာနိုင်ငံ၏သစ်များ ခိုးထုတ်၍ တရုတ်နိုင်ငံအတွင်းရှိ သစ်များအား ထိန်းသိမ်းနိုင်ခဲ့မှုကြောင့် ကမ္ဘာ့သစ်တော ပြန်လည်ဖုံးလွှမ်းမှု မြင့်တက်ခဲ့သည့် နိုင်ငံများ စာရင်းတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့သစ်တော အများဆုံး ပြုန်းတီးနေသည့် နိုင်ငံများစာရင်းတွင် ကမ္ဘာ့သစ်တောပြုန်းတီးမှု အဆိုးဆုံး နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ သစ်ထွက်ရှိနိုင်မှု အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်နေပြီး တရားဝင် သစ်ထုတ်လုပ်မှုကို အကြီးအကျယ် လျှော့ချနေရကြောင်း အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဇန်နဝါရီ ၁၂ ရက်က သုံးသပ်ပြောကြားသည်။            
 

Most Read

Most Recent