AAPP စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၆၀ ဝန်းကျင်နှင့် လယ်သမားများ အပါအဝင် အမှု ရင်ဆိုင်နေရသူ ၂၀၀ ကျော် လွတ်မြောက်ရန် ကျန်နေဟု ဆို

AAPP စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၆၀ ဝန်းကျင်နှင့် လယ်သမားများ အပါအဝင် အမှု ရင်ဆိုင်နေရသူ ၂၀၀ ကျော် လွတ်မြောက်ရန် ကျန်နေဟု ဆို
Published 21 April 2016
အောင်ဇော်ထွန်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၆၀ ဝန်းကျင်နှင့် နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော် လွတ်မြောက်ရန် ကျန်နေသေးရာ မကြာမီ လွတ်မြောက်မည်ဟု မျှော်လင့်ကြောင်း AAPP မှ ဦးအောင်မျိုးကျော်က ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများအနက် ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ဆက်နွှယ်ပြီး အကျဉ်းကျနေသူ ၃၈ ဦးဖြစ်ပြီး ၂၀ မှာ ယခင် ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်များအတွင်း နိုင်ငံရေး အကျဉ်းသား ဖြစ်ခြင်း မဖြစ်ခြင်း အငြင်းပွားမှုကြောင့် အကျဉ်းထောင်များ အတွင်း၌ ကျန်နေသူများ ဖြစ်ကြောင်း သိရသည်။ဦးအောင်မျိုးကျော်က “ကျွန်တော်တို့ စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၆၀ ဝန်းကျင် ကျန်တယ်။ အမှုရင်ဆိုင်နေရတဲ့သူတွေက ၂၇၁ ယောက်ကျန်တယ်။ နိုင်ငံရေး အကျဉ်းသား ၆၀ မှာ ရခိုင်က AA နဲ့ ဆက်သွယ်တဲ့သူက ၃၈ ယောက် ပါတယ်။ ပြီးတဲ့ အခါကျတော့ ဦးသိန်းစိန် အစိုးရ ၂၀၁၃ ခုနှစ်တုန်းက နိုင်ငံရေး အကျဉ်းသား အားလုံး ကုန်သွားပြီဆိုတဲ့ အချိန်မှာ ကျန်ခဲ့တဲ့လူ ၃၀ ရှိတယ်။ အဲဒီ ၃၀ မှာ ခုနစ်ယောက်က လွတ်ရက်စေ့လို့ လွတ်သွားကြပြီ။ သုံးယောက်က ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပါသွားတယ်။ အဲဒီတော့ ၂၀ ကျန်သေးတယ်။ အဲဒီတော့ ၂၀ ရယ် ရခိုင် ၃၈ ယောက်ရယ်ဆိုတော့ ၅၈ ယောက်။ ကျန်တဲ့ဟာ နည်းနည်းရှိကောင်း ရှိနိုင်တယ်” ဟု ပြောကြားသည်။အမှု ရင်ဆိုင်နေရသူ ၂၀၀ ကျော်ထဲတွင် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် သပိတ်မှောက် တောင်းဆို လှုပ်ရှားခဲ့မှုနှင့် ပတ်သက်သူ အနည်းငယ်နှင့် လယ်သမားအရေး လှုပ်ရှားသူများ၊ အလုပ်သမားအရေး ဆောင်ရွက်သူများ ပါဝင်သည်ဟု ၎င်းက ဆိုသည်။ နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသားကျောင်းသူများ လွတ်မြောက်ရေးအတွက် အမြန်ဆုံး ကြိုးစားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် ဧပြီ ၈ ရက်တွင် အမှုရင်ဆိုင်နေရသူ ၁၉၉ ဦးနှင့် ဧပြီ ၁၇ ရက်တွင် အကျဉ်းသား ၈၃ ဦးတို့ကို အစိုးရက လွှတ်ပေးခဲ့သည်။ လွှတ်ပေးရန် ကျန်နေသေးသည့် နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေရသူများ လွတ်မြောက်ရေးအတွက် နှစ်သစ်ကူး ရုံးပိတ်ရက် ကုန်ဆုံးပြီးနောက် တရားရုံးများ ဖွင့်လှစ်သည့်အချိန်တွင် အမြန်ဆုံး ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဧပြီ ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။“သင်္ကြန်တွင်း ရုံးပိတ်ရက်မှာတောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အနားမယူဘဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့တယ်။ အခုလည်း သူတို့ ကြိုးစားမယ်ဆိုတဲ့ ကိစ္စက အောင်လည်း အောင်မြင်မယ်။ တကယ်လည်း ကြိုးစားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်။ မကြာခင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး အကျဉ်းထောင်တွေက အကုန်လုံး လွတ်မြောက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးအောင်မျိုးကျော်က ဆိုသည်။ထို့ပြင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းကို သက်ဆိုင်ရာမှ အမည်စာရင်း အတိအကျ ထုတ်ပြန်ပေးရန်လည်း ဦးအောင်မျိုးကျော်က တိုက်တွန်း တောင်းဆိုသည်။

Most Read

Most Recent