ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ပါဝင်ခြင်းမရှိကြောင်း ပါတီ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ပြောကြား

ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ပါဝင်ခြင်းမရှိကြောင်း ပါတီ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ပြောကြား
Published 19 April 2016
သန်းလှိုင် (စစ်တွေ)

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ပါဝင်ခြင်းမရှိကြောင်း ပါတီသတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဦးကျော်ဇောဦးက ပြောကြားသည်။လက်ရှိတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ANP ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဦးကျော်လွင်သည်  ဝန်ကြီးနေရာ လက်ခံခဲ့သည့်အတွက် ပါတီမူဝါဒနှင့်အညီ ဦးကျော်လွင်အား ပါတီမှ ထုတ်ပယ်ပြီး ဖြစ်သဖြင့် အဆိုပါ ဝန်ကြီးအနေဖြင့် ပါတီတွင်း ရှိနေသေးသည်ဟု ပြောဆိုသော်လည်း ထိုသို့ပြောဆိုမှုမှာ လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း ANP ပါတီပြော ရေးဆိုခွင့်ရှိသူများက ပြောဆိုကြသည်။ယင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်ဇောဦးက “ကျွန်တော်တို့က အရင်ကတည်းက ပါတီမူအနေနဲ့ သတ်မှတ်ထားပြီး ဖြစ်တယ်။ ပါတီအနေနဲ့ ရခိုင်ပြည်နယ်အစိုးရ မဖွဲ့နိုင်လို့ရှိရင် အတိုက်အခံအဖြစ် ရပ်တည်သွားမယ်ဆိုတာကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ဗဟိုကော်မတီက သတ်မှတ်ထားတာဖြစ်သလို မလိုက်နာရင် အရေးယူမယ်ဆိုတာကိုလည်း သတ်မှတ်ထားတယ်။ ဒါကြောင့် ကိုယ်စားလှယ်တစ်ဦးက ရာထူးလက်ခံတဲ့အတွက် အဲဒီရာထူး လက်ခံတဲ့သူကိုလည်း ပါတီက ထုတ်ပယ်ပြီးသား ဖြစ်တယ်။ ပြီးတော့ လက်ရှိမှာလည်း ပါတီဟာ စည်းစည်းလုံးလုံး ရှိပါတယ်။ ဒါပေမဲ့ မူဝါဒနဲ့ မကိုက်ညီတာတွေ အတွက်တော့ ပါတီက ထုတ်ပယ်တာတွေ ရှိတယ်။ အပြစ်ပေးတာတွေ ရှိတယ်။ အဲဒါကိုလည်း တချို့ အင်အားစုတွေက ပါတီနှစ်ခြမ်းကွဲတဲ့ ပုံစံမျိုး ပုံဖော်နေကြတာတွေကို တွေ့ရတယ်။  တကယ်တော့ ပါတီရဲ့ အစိတ်အပိုင်းတချို့ ပဲ့ထွက်သွားရုံလောက်ပါပဲ”ဟုပြောကြားသည်။ANP ပါတီအနေဖြင့် ၁/၂၀၁၆နှင့် ၂/၂၀၁၆ ဖြင့် သဘောထားကြေညာချက်များကိုလည်း ထုတ်ပြန်ထားခဲ့ပြီး ယင်းကြေညာချက်နှင့်အညီ လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်အနေဖြင့် ပါတီတွင်း စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော နှင့် သတ္တုတွင်းဝန်ကြီးနေရာအား လက်ခံခဲ့သည့်အတွက် ပါတီမှ တရားဝင် ထုတ်ပယ်ထားပြီးဖြစ်ကြောင်းနှင့် ပါတီနှင့်သက်ဆိုင်မှု မရှိတော့ကြောင်း သိရသည်။လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် NLD ပါတီဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ANP ပါတီမှ အတိုက်အခံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။     

Most Read

Most Recent