ယနေ့ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) နံနက်ပိုင်းတွင် ပြောကြား ခဲ့သော နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ယနေ့ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) နံနက်ပိုင်းတွင် ပြောကြား ခဲ့သော နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
Published 17 April 2016

ယနေ့ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) နံနက်ပိုင်းတွင် ပြောကြား ခဲ့သော နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
နိုင်ငံတော်သူ နိုင်ငံသားများ ခင်ဗျား၊
နှစ်သစ်မင်္ဂလာ အခါသမယမှာ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။
ပြီးခဲ့တဲ့ရက်များအတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး ဒီကနေ့ကစတင်ကာ မင်္ဂလာရှိသော နှစ်သစ်ကို ဝင်ရောက်ကြတော့ မှာဖြစ်ပါတယ်။
ထူးမြတ်တဲ့ဒီလိုနေ့ရက်မှာ နိုင်ငံသူ နိုင်ငံသားများကို ဦးစွာပထမပြောကြား လိုတာကတော့ ကျေးဇူးစကားပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ထောက်ခံဆန္ဒမဲပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ နိုင်ငံ့တာဝန်များကို လွှဲပြောင်းရယူနိုင်ခဲ့တာဖြစ်ပြီး ကျွန်တော် ကိုယ်တိုင်လည်း အခုလို နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားခွင့်ရ တာဖြစ်လို့ မဲဆန္ဒရှင် ပြည်သူလူထုကြီးကို အထူးလှိုက်လှဲစွာ ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်။
နှစ်သစ်ကူးကာလမှာ နိုင်ငံသားအများပြည်သူ နှစ်ထောင်းအားရရှိစေဖို့အတွက် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရတဲ့ ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေများမှာ ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ နည်းလမ်းများကို အသုံးပြုဆောင် ရွက်ကာ သူတို့အသီးသီးကျခံနေရတဲ့ ပြစ်ဒဏ်များ၊ စွဲဆိုထားတဲ့အမှုတွေက လွတ်မြောက်စေဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဟာ လတ်တလောကိစ္စရပ်များအတွက် ဖြေရှင်းဆောင်ရွက်တာ ဖြစ်ပြီး ရှေ့အဖို့မှာလည်း နိုင်ငံရေးအပါအဝင် မိမိတို့ရဲ့ ယုံကြည်ချက်များအတွက် ဥပဒေစည်း မျဉ်းများနဲ့ အညီ ကျင့်သုံးဆောင်ရွက် ကြသူတို့ အကျဉ်းချခံရခြင်းဘေးက ကင်းဝေးစေဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အခုဆိုရင် ဒီနှစ်သစ်နဲ့ နောင်လာမယ့်နှစ်များဟာ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်စေဖို့ အခွင့်အလမ်းများစွာ သယ်ဆောင်လာမှာဖြစ်ကြောင်း အားလုံးကယုံကြည် စွာဖြင့် မျှော် လင့်စောင့်စားလျက်ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒါပေမယ့်ဒီအခွင့်အလမ်းတွေကို အထိရောက်ဆုံး အသုံးချနိုင်ဖို့နဲ့ တိုင်းပြည်အတွက် အကောင်းဆုံးအကျိုးရလဒ်တွေပေါ်ထွက်လာစေဖို့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ မပြတ်သော သတိ၊ မလျှော့သောလုံ့လ ဝီရိယနဲ့ ကြိုးပမ်းဆောင်ရွက်သွားကြရဦးမှာ ဖြစ်ပါတယ်။ဒီလိုဆောင် ရွက် ရာမှာ အောင်မြင်မှုရရှိစေဖို့အတွက် နိုင်ငံသူနိုင်ငံသားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း အထူးလိုအပ်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့အစိုးရကတိုင်းပြည်အကျိုးအတွက်ရည်ရွယ် ချမှတ်ထားတဲ့မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးနဲ့ ပြည်သူအများစုရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်ဆောင် ရွက်တဲ့နေရာမှာ ကျွန်တော်တို့ကိုရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူ များကလည်း မိမိတို့နေရာကဏ္ဍအသီးသီးက ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွန်တော်တို့ရဲ့ချို့ယွင်းချက်များ ကို ဝေဖန်ထောက်ပြခြင်း၊ လုပ်ဆောင်သင့်တာတွေကို အကြံပြု လမ်းညွှန်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ ဆက်လက်တက်ကြွစွာ ဝိုင်းဝန်းပါဝင်ပေးကြဖို့ အလေးအနက်ပန်ကြားလိုပါတယ်။
နှစ်သစ်ကို ခွန်သစ်အားသစ် စိတ်စေတနာသစ်တွေနဲ့ ဖြတ်သန်းနိုင် ကြပါစေလို့ ဆန္ဒပြုပါတယ်။
ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့သစ်အနေနဲ့ နိုင်ငံတော်တာဝန်တွေကို စတင် ထမ်းဆောင်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတစ်ဖွဲ့ လုံးကို မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ပြည်သူလူထုတွေကသောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး စတုဒိသာ ကျွေးမွေး ခဲ့ကြတာ၊ လုပ်အားဒါန ပြုကြတာတွေအတွက် အထူးပဲ ဝမ်းမြောက်ကျေးဇူးတင်ပြီး အသိအမှတ်ပြုပါတယ် ဆိုတာကို ပြောကြားလိုပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Most Read

Most Recent