ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာ၊ ဘော်ကြိုဘုရား အနီး၊ မိုင်တိုင်အမှတ် (၁၂၂/ဝ) နှင့် (၁၂၂/၁) ကြားတွင် ဧပြီ ၃ ရက် ည ၈ နာရီ အချိန်ခန့်က ကုန်များ တင်ဆောင်လာသော ခြောက်ဘီးယာဉ်မှာ လမ်းချော်ပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မန္တလေးဘက်မှ လားရှိုးဘက်သို့ ယာဉ်မောင်း မဲလုံး (၃၀ နှစ်) တံတားဦးမြို့ နေသူ မောင်းနှင်လာသည့် 8J/---- ခြောက်ဘီးယာဉ်မှာ လမ်းချော်ပြီး လမ်းယာဘက်ခြမ်းရှိ ဦးစိုင်းသိန်းမောင်၏ နှစ်ထပ်တိုက်၊ သွပ်မိုး၊ ထရံကာနေအိမ်အား ဝင်တိုက်မိပြီး နေအိမ်ခေါင်းရင်း ရေမြောင်းအတွင်းသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ မဲလုံးတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဆီးခုံကွဲ ဒဏ်ရာ၊ ယာဉ်နောက်လိုက် ဝမ်းဗိုက်ပွင့်၍ အူများအပြင်သို့ထွက်သည့် ဒဏ်ရာ၊ ယာဉ်ပေါ်တွင် လိုက်ပါလာသော အသက် (၄၀) နှစ်ခန့်ရှိ အမျိုးသား တစ်ဦး လည်ပင်းပြတ်ရှ ဒဏ်ရာ၊ အသက် (၃၀ နှစ်) ခန့်ရှိ အမျိုးသားတစ်ဦး ဦးခေါင်းပွင့် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းမဲလုံးအား အရေးယူပေးရန် ရဲအုပ်ကံညွန့်က တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် သီပေါမြို့မ ရဲစခန်းတွင် ယာဉ် (ပ) ၁၂/၁၆၊ ပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မန္တလေး-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဘော်ကြိုကျေးရွာအနီး ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လေးဦး သေဆုံး