ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် မီဒီယာ

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် မီဒီယာ
Published 31 March 2016
မောင်ကောင်းကင်

(၁)
အိန္ဒိယလွတ်လပ်ရေးကို နေရူးသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို တဂိုးက စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
တရုတ်ပြည်သစ် ထူထောင်ရေးကို မော်စီတုန်းသည် လောလောဆယ်အားဖြင့် သူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို လူရွှန်းက စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်။
ထိုနည်းတူစွာ မြန်မာနိုင်ငံလွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ဇော်ဂျီ (ရသစာပေနိဒါန်းစာအုပ်မှ)
(၂)
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အမှန်အားဖြင့် နာမည်ကျော် သတင်းစာဆရာများ၏ ဘိုးအေကြီးသာမဟုတ်။ ကဗျာ့ဝိဒူ ကဗျာ့ပါရဂူကြီးလည်းဖြစ်သည်။ စာဆိုတော်ကြီး တစ်ဦးအနေနှင့်ကြည့်လျှင် မဟာကဗျာ လေးချိုးကြီးများကို ပဌမဆုံး တခမ်းတနား စထွင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်နှင့် အမျှ ကျွန်ဘဝတွင် မြန်မာတွေ အိပ်မောကျ မနေအောင် ကလောင်နှင့်နှိုးဆွခဲ့သည့် ဇာတိမာန်စာဆိုတော်ကြီး ဖြစ်ကြောင်းလည်း တွေ့နိုင်သည်။
ဒါတွင်မက မြန်မာ့ရာဇဝင်သမိုင်း၊ မော်ကွန်း၊ ဧချင်းအစောင်စောင်ကို ထုံးလိုချေ ရေလိုနှောက်နိုင်သည့် ရာဇဝင်ဆရာကြီးဟုလည်း မော်ကွန်းတင်နိုင်သည်။ နိုင်ငံရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့် တော်လှန်ရေးသမားစစ်စစ် မျိုးချစ်ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိသော တိုင်းပြည်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေး တည်ဆောက် ကြရာမှာ အတူတကွ ပါဝင်ခဲ့သည်။ လွတ်လပ်ရေးဗိသုကာကြီး မြန်မာ့ငြိမ်းချမ်ရေးနှင့် က မ္ဘာ့ငြိမ်းချမ်းရေးအတွက် မနားမနေ ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးသခင်ကြီး သီလ၊ သမာဓိ၊ ပညာအရာတွင် မြန်မာတစ်မျိုးလုံးက နမူနာယူထိုက်ကြသည့် စံပြပုဂ္ဂိုလ်ကြီး တစ်ဦးအနေနှင့်လည်း ဆရာကြီးကို ဦးညွတ်နိုင်ကြသည်။
ဦးဘဖေ (ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဈာပနမဏ္ဍပ်၌ ဟောပြောချက်မှ)
(၃)
ဤနှစ်ပေါင်း ငါးဆယ်ကျော်အတွင်း ဆရာကြီး ရေးသားဖွဲ့ဆိုခဲ့သည့် စာတို့ကို လှမ်းမျှော်ကြည့်လိုက်သောအခါ ဟိမဝန္တာတောင်တွင် တောင်ခြေမှ တက်သွားလျှင် တောင်ထွတ်သို့ ရောက်သောအခါ ရာသီဥတုအမျိုးမျိုး၊ သစ်ပင်ပန်းမာန်အမျိုးမျိုး၊ ကျေးငှက်တိရစ္ဆာန် အမျိုးမျိုးတို့ကို တစ်လွှာစီ တစ်လွှာစီ တွေ့သွားနိုင်သကဲ့သို့ ဆရာကြီး၏ စာတို့တွင်လည်း စိတ်ကူး၊ စိတ်သန်း၊ ရေးပုံရေးဟန်၊ အ ကြောင်းအရာ၊ စိတ်ထားစေတနာစသည်တို့ ကို တစ်လွှာစီ တွေ့သွားရပါသည်။
ဆရာကြီးသည် ရယ်ကာမောကာ စောင်းကာ ချိတ်ကာနှင့် ရေးသည်လည်းရှိပါသည်။ ကိုယ်ရည်သွေးကာ ဂုဏ်ဖော်ကာရေးသည်လည်း ရှိပါသည်။ ဖိဖိနှိပ်နှိပ်နင်း နင်းနယ်နယ်ရေးသည်လည်း ရှိပါသည်။ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ ရေးသည်လည်း ရှိပါသည်။ ဝမ်းနည်းကြေကွဲစွာ ရေးသည်လည်း ရှိပါသည်။ ရဲရဲရင့်ရင့် စွန့်စွန့်စားစား ရေးးသည်လည်း ရှိပါသည်။ တည်တည်တံ့တံ့ ခံ့ခံ့ညားညား ရေးသည်လည်း ရှိပါသည်။ မည်သို့ပင်ရေးသည်ဖြစ်စေ သူ၏စေတနာ ရင်းမှာကား -
‘ရတနာအဆီ နဝင်းတဘောင်သံ ကြွေးတဲ့ပြင်
မြန်မာပြည် တြင်းအောင်သံတေးတွေနဲ့
ကျွတ်ဆုမပြတ် ပတ္တနာ သူမလေ
ဝတ္ထုဇာတ်ကဗျာတွေ ရေးပါလို့’ ဆိုသည့် အတိုင်း မြန်မာနိုင်ငံ ကျွန်ဘဝမှ ကျွတ်ဖို့ လွှတ်ဖို့ပင်ဖြစ်ပါသည်။
မင်းသုဝဏ် (ဆရာကြီး သခင်ကိုယ်တော်မှိုင်း လေးချိုးတရာနိဒါန်းမှ)
(၄)
‘ဆရာကြီး သခင်ကိုယ်တော်မှိုင်းစာပေကို ဆရာကြီးခံယူထားသည့် ကလောင်အမည်များဖြင့် ပိုင်းခြားပြီး လေ့လာမည်ဆိုလျှင် အ ပိုင်းသုံးပိုင်းရပါသည်။ ၎င်းတို့မှာ
(၁) ရွှေတောင်ဆရာလွမ်း သို့မဟုတ် ဆရာလွန်းဘဝ
(၂) မစ္စတာ မောင်မှိုင်းဘဝနှင့်
(၃) သခင်ကိုယ်တော်မှိုင်း ဘဝဟူ၍ ဖြစ် ပါသည်။’ဟူ၍ ဆရာရွှေကိုင်းသား၏ တိုင်းပြည်တွင် အဘက်ဘက်မှ ကျေးဇူးပြုခဲ့သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းစာပေ စာတမ်းတွင် ဖော်ပြခဲ့လေသည်။
ဆရာကြီးသည် စာမျိုးစုံရေးသားလျက် ပြည်သူလူထုကို တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်ခင်မြတ်နိုးတတ်အောင် မျိုးချစ်စိတ်များကို သွင်းပေးခဲ့လေသည်။
ဆရာကြီး၏ စာပေလက်ရာများထဲမှနေ၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်း တင်စားပြောကြားခဲ့သော ပုံပြင်တစ်ပုဒ်ကို အကျဉ်းမျှတင်ပြလိုပါသည်။
အင်းဝခေတ်ဘကြီးတော် ဘုရင်လက်ထက်တွင် မကွေးမြို့သူကြီး ကွယ်လွန်သွားရာ သားဖြစ်သူက မြို့သူကြီးခန့်ထားရန် လျှောက်လွှာတင်သွင်းပါသည်။ ဘကြီးတော်သည် လျှောက်လွှာကိုစိစစ်ပြီး သားဖြစ်သူ မောင်ထွန်းပေါ်အား သူ့ဖခင်၏နေရာတွင် မြို့သူကြီးအဖြစ် ဆက်လက် အမှုတော်ထမ်းစေဟူသော ခန့်အပ်လွှာအမိန့်တော်စာချွန်ကို ဗြဲတိုက်မှတဆင့် ချပေးလိုက်လေသည်။ သို့သော် ဗြဲတိုက်မှာ အလုပ်မလုပ်သဖြင့် မောင်ထွန်းပေါ်ထံ ခန့်အပ်လွှာရောက်ရှိခဲ့ခြင်း မရှိဖြစ်နေသည်။ မောင်ထွန်းပေါ်မှာ မြို့ ပြန်လိုက်၊ နေပြည်တော်တက်လာလိုက်၊ စုံစမ်းလိုက်ဖြစ်နေပြီး စရိတ်ထောင်းနေပြီဖြစ် သည်။ ထို့နောက် မောင်ထွန်းပေါ်သည် ရုပ်စုံဆရာကြီး ဆရာသီးနှင့် ဆက်သွယ်၍ အကျိုးအကြောင်းပြောပြရာ ဆရာသီးက ကူညီပေးသည်။ ကူညီပုံကား နန်းတော်ထဲတွင် ရုပ်စုံစင်တော်ကြီး ဝင်ရောက်ကြပြန်ချိန်တွင် ‘ထွန်းပေါ်တစ်လစ်၊ တစ်ရာ့ရှစ်’ဆိုသည့်စ ကားကိုပြောပြီးနောက် မောင်ထွန်းပေါ်မှာ မြို့သူကြီး ခန့်အပ်လွှာ စာချွန်တော်ရရေးအတွက် သွားရ၊ လာရ၊ ပေးရ၊ ကမ်းရတာကြောင့် ငွေကျပ် တစ်ရာ့ရှစ်ဆယ်ကျော် ကုန်သော်လည်း သူ့ကို မြို့သူကြီး ခန့်အပ်လွှာ အမိန့်စာချွန်သည် ဗြဲတိုက်မှတစ်နေကြောင်း ရုပ်စုံပွဲတွင် ထည့်သွင်းပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါတွင် ဘကြီးတော်ကပြုံးရင်း ဗြဲတိုက်ဝန်ကြီးအား ခေါ်ကာ မြို့သူကြီးခန့်အပ်လွှာကို မောင်ထွန်းပေါ်အား ချက်ချင်းပေးရန် မိန့်ကြားမှ ဗြဲတိုက်အမှုထမ်းများ မောင်ထွန်းပေါ် တည်အိမ်သွား၍ မြို့သူကြီးခန့်အပ်မိန့် စာချွန်ပေးအပ်လိုက်ရလေသည်။
ဤသည်မှာ ဆရာကြီး၏ စာပေလက်ရာထဲမှာ ‘ထွန်းပေါ်တစ်လစ်၊ တစ်ရာ့ရှစ်’ပုံပြင် အကျဉ်းဖြစ်လေသည်။
ဆရာကြီး၏ အဆိုပါပုံပြင်မှာ မီဒီယာများ၏ အရေးပါ အရာရောက်မှု အနေအထားကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
(၅)
ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား အဖဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့မှ မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ကြာသပတေးနေ့၌ မွေးဖွားခဲ့သည်။ အင်္ဂလိပ်သက္ကရာဇ်ကား ၁၈၇၆ ခုနှစ် မတ် ၂၃ ရက်ဖြစ်ပါသည်။
ဆရာကြီး၏နှစ် ၁၄၀ ပြည့် မွေးနေ့အခမ်းအနားကို မတ် ၂၃ ရက်နေ့၌ ရန်ကုန်မြို့ရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်တွင် ကျင်းပခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ သတင်းစာဆရာဘဝကို ဂုဏ်ပြုသောအားဖြင့် သတင်းဆောင်းပါးဆု သုံးဆုကို ပေးအပ်ခဲ့လေသည်။
အမှန်တကယ်ဆိုလျှင် မြန်မာသက္ကရာဇ် နှင့် တွက်ချက်မည်ဆိုပါက တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့တွင်မှ နှစ် ၁၄၀ ပြည့်မွေးနေ့ ဖြစ်မည်ဖြစ်သည်။ သို့သော်လည်း မှတ်ရလွယ်သော ခရစ်သက္ကရာဇ်ကို မူတည်၍ ကျင်းပခဲ့ခြင်း ဖြစ်ပုံရပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့ (Mass Media) သို့မဟုတ် (Mass Communication) ဟု ခေါ်ဆိုရမည်ဖြစ်သော လူထုဆက်သွယ်ရေး လုပ်ငန်းများဖြစ်သည့် သတင်းစာများ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား၊ ရုပ်ရှင် အစရှိသည်တို့သည် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေးများအတွက် အထူးအရေးပါသော နေရာတွင်ရှိနေသည်မှာ သိသာ ထင်ရှားလှပါသည်။

Most Read

Most Recent