ဂုဏ်သိက္ခာ ထွက်ပေါက်၊ သနပ်ခါးလိမ်းတဲ့ စတော့နဲ့ ဘယ်သွားမလဲ ငွေဖြူငွေမည်း

ဂုဏ်သိက္ခာ ထွက်ပေါက်၊ သနပ်ခါးလိမ်းတဲ့ စတော့နဲ့ ဘယ်သွားမလဲ ငွေဖြူငွေမည်း
Published 31 March 2016
သန်းစိုး(ဘောဂဗေဒ)

ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး ထိန်းကျောင်းနိုင်ခွင့် အခွင့်အာဏာ ရရှိထားတဲ့ ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဟာ အဖွဲ့ဝင်လေးဦးနှင့် ဖွဲ့စည်းထားပြီး တစ်ဦးကတော့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတာဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ စီးပွားရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့ စတော့အိတ်ချိန်း ကော်မရှင်လိုမျိုးကို အစိုးရ ဝင်ရောက်စွက်ဖက်မှု အနည်းဆုံးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စတော့အိတ်ချိန်းနဲ့ ငွေကြေးကျွမ်းကျင်သူတွေ၊ စာရင်းအင်းနဲ့ ဘောဂဗေဒပညာရှင်တွေနဲ့ လွတ်လွတ်လပ်လပ် ဖွဲ့စည်းတည်ထောင် ထားကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အခုမှ စတင်ရတာဖြစ်ပြီး အမှီအခိုကင်းရဲ့လား၊ စတော့အိတ်ချိန်း ကျွမ်းကျင်သူတွေပါသလား၊ နိုင်ငံတကာဘဏ္ဍာရေး၊ ငွေကြေး၊ ဘောဂဗေဒ ပညာရှင်တွေပါသလား ဒါမှမဟုတ် တိုင်ပင်သလားဆိုတဲ့မေးခွန်းဟာ ငွေကြေးသက်သေခံလက်မှတ် ထုတ်ပေးရေး ကော်မရှင်အတွက် မှတ်ကျောက်တင်မှာဖြစ်ပါတယ်။
လုပ်ငန်းလည်ပတ်မှု ဖြစ်စဉ်တစ်ခုလုံးအတွက် ကျွမ်းကျင်အိုင်တီပညာရှင်တွေ၊ အွန်လိုင်း အင်တာနက်စနစ် ကျွမ်းကျင်တဲ့ ဆော့ဖ်ဝဲလ်ပညာရှင်၊ ငွေကြေးနဲ့ဘဏ္ဍာရေး အသွားအလာလုပ်ငန်းတွေအတွက် နည်းပညာ စိတ်ချရမှုတွေ ဘယ်လောက်ပံ့ပိုးထား သလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။ စတော့အိတ်ချိန်းတွင် ရှယ်ယာတွေ စတင်ရောင်းချဖို့ အများပိုင်ကုမ္ပဏီများကို ရွေးချယ်ရာမှာ ၊ FMI၊ သီလဝါအများပိုင်ကုမ္ပဏီ၊ Great HOR KHAN Public Co.,Ltd၊  MAPCO၊ First Privated Bank နှင့် Myanmar Citizen Bank တို့ကို ရွေးချယ်ထား ကြောင်း မနှစ်ကတည်းက သိရပါတယ်။
■ Nonproductive Public Company
အခုဆိုရင် အများပိုင်ကုမ္ပဏီတွေထဲက ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၤFMI ရဲ့ အစုရှယ်ယာ ထုတ်ရောင်းချနိုင်ဖို့ ပြီးခဲ့တဲ့ မတ် ၂၅ ရက်မှာ စတော့ရှယ်ယာရောင်းချပွဲ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။ စတော့အိတ်ချိန်း စဖွင့်ချိန်မှာပဲ ရှယ်ယာတစ်ခုသတ်မှတ် ဈေးနှုန်းကျပ် ၂၆၀၀၀ နဲ့ ဖွင့်လိုက်ပေမယ့် ဝယ်လိုအားဟာ နှစ်ဆကျော် ထိုးတက်သွားပါတယ်။ ရန်ကုန်စတော့အိတ်ချိန်း စဖွင့်တဲ့ တစ်ရက်အတွင်းမှာပဲ ရှယ်ယာအရေအတွက် တစ်သိန်းတစ်သောင်းကျော်သွားခဲ့ပြီး ကျပ်သုံးဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိထားပါတယ်။ FMI ရဲ့ ဈေးကွက်မတည် ငွေဟာ ကျပ်သန်း ၇၂၇၈၈၀ ဖြစ်တယ်လို့ ပြောထားပါတယ်။ အများပြည်သူသိထားတဲ့ FMI ရဲ့စီးပွားရေးလုပ်ငန်းတွေကတော့ ရိုးမဘဏ်လုပ်ငန်း၊ ပန်းလှိုင်ဂေါက်ကွင်းနဲ့ ဆေးရုံ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ FMI စီးပွားရေးလုပ်ငန်းစုနဲ့ အိမ်ရာတွေစတဲ့ Nonproductive အများပိုင်ကုမ္ပဏီဖြစ်ပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ကာလတုန်းကလည်း Myanmar Thilawa SEZ ကုမ္ပဏီ၏ အစုရှယ်ယာများဟာ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်မသတ်မှတ်ခင်တုန်းက ကျပ် ၁၀၀၀၀ နဲ့ရောင်းချထားပြီး EOI စတင်လျှောက်တော့ ကျပ် ၄၀၀၀၀ အထိ ဈေးပေါက်ခဲ့ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းတွင် အရွေးချယ်ခံရပြီးနောက် ရှယ်ယာတစ်စုကို ကျပ် ၅၀၀၀၀ ခန့် ပေါက်ဈေးဖြစ်ခဲ့ပြီး အခုဆိုရင် ၉၀၀၀ ပတ်ဝန်းကျင် ဖြစ်ပေါ်နေတယ်လို့ ကောလာဟလသတင်း ထွက်နေပါတယ်။ ဒီလို စတော့ရှယ်ယာတွေ ရဲ့ အမှန်ဈေးနှုန်းဖြစ်သင့်တဲ့ ဈေးနှုန်းဖြစ် မဖြစ်ကို စံနှုန်း စည်းကမ်း သတ်မှတ်ပေးတဲ့ စတော့အာဏာပိုင်အဖွဲ့က Risk Management အလုပ်ပေးရမှာဖြစ်ပြီး အာမခံပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ ရှယ်ယာဈေးနှုန်း တည်ငြိမ်မှု၊ မြင့်တက်မှု၊ ရေရှည် ရပ်တည်နေမှုတွေဟာ ထုတ်လုပ်မှုကိုအခြေပြုထားတဲ့ လုပ်ငန်းတွေအများစုဖြစ်ပါတယ်။ နိုင်ငံတကာ စာရင်းအင်းစနစ်၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစီးဆင်းမှုစတဲ့ စံချိန်စံညွှွန်းများစွာနဲ့ အာမခံထားကြတာ ဖြစ်ပါတယ်။
FMI စီးပွားရေးလုပ်ငန်းစုအနေနဲ့ ဘယ်လိုကုန်စည်တွေ ထုတ်လုပ်တယ်၊ ပြည်ပပို့ကုန်မြှင့်တင်ရေး၊ ပြည်တွင်းသွင်းကုန်တွေမှာ သူ့ရဲ့ထုတ်ကုန်တွေက ဘယ်လိုဈေးကွက် နေရာယူထားသလဲဆိုတဲ့ ထုတ်လုပ်မှုကွင်းဆက်ကို မသိရသေးပါဘူး။ထို့အတူ သီလဝါ အထူးစီးပွားရေးဇုန်ကတော့ ဘယ်ကုန်စည်မှ ထုတ်လုပ်မှုမရှိသေးပါဘူး။ ဒီလိုစတော့ရှယ်ယာဈေးနှုန်း ထောင်တက်သွားမှုဟာ ငွေရှိတဲ့သူတွေ ငွေကစားရင်းတက်နေတဲ့ ဈေးနှုန်းဖြစ်နေခဲ့မယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ပိုပြီး စိတ်အဝင်စားဆုံးအချက်က အဲဒီ စတော့ရှယ်ယာပိုင်ဆိုင်သူတွေဟာ ဘယ်သူတွေလဲ၊ လက်ဆင့်ကမ်း ရောင်းချနေသူတွေဟာ ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
အမှန်တကယ်တော့ အဲဒီကုမ္ပဏီတွေဟာ ထုတ်လုပ်မှုအခြေပြု လုပ်ငန်းတွေအပေါ် အခြေပြုပြီး စတင်ဆောင်ရွက်သင့်ပေမယ့် အမှန်တကယ်ရွေးထားတဲ့ nonproductive public company တွေဆိုရင်စတော့ ဈေးကွက်မှာရှိတဲ့ ရှယ်ယာဈေးနှုန်း ခုန်တက်မှုကို ဆန်းစစ်ရမှာဖြစ်ပါတယ်။ အဲဒီလို ဈေးများမြင့်တက်နေခြင်းဟာ မည်သည့် အကြောင်းကြောင့် မြင့်တက်နေတယ်ဆိုတာကို ဘယ်သူကမှ ရှင်းလင်းမှုမလုပ်ထားပါဘူး။ အဲဒီလို မြင့်တက်နေမှုများဟာ စတော့အိတ်ချိန်းမှာ အမှန်တကယ်သာ ရှယ်ယာများ ရောင်းချတော့မယ်ဆိုရင် အများပြည်သူကို ဈေးဖွင့်သတ်တဲ့ ဈေးနှုန်းကို ဘယ်လောက်နဲ့ သတ်မှတ်ရောင်းချမယ်၊ ရှယ်ယာတစ်ခုရဲ့ဈေးနှုန်း ဖြစ်နိုင်ခြေ၊ ဈေးကွက်အလားအလာ စတာတွေကို Stock Risk Management(စတော့ရှယ်ယာတွေရဲ့ အန္တရာယ်ညွှန်းကိန်း) ဆန်းစစ်ပေးနိုင်တဲ့ နိုင်ငံတကာအဆင့်မီ စတော့အိတ်ချိန်း ကြီးကြပ်စောင့်ကြည့်ရုံးကနေ ထုတ်ပြန်ရမှာဖြစ်ပါတယ်။
အခုလိုဈေးနှုန်းတက်နေတဲ့ နှုန်းတွေနဲ့ အရောင်းအဝယ် ဖြစ်နေရင် ငွေကြေးခဝါချ မှုများ၊ ဈေးကွက် လက်ဝါးကြီးအုပ်မှုများ စသည့် အခြေအနေများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ စတော့ရှယ်ယာတွေကိုရှားအောင် တမင်ဖန်တီးပြီး ငွေရှိတဲ့သူက တခြားရင်းနှီး မြှုပ်နှံဖို့နေရာလည်းမရှိတော့ အစုရှယ်ယာတစ်လက်ကနေ တစ်လက် ကူးပြောင်းနေရင်း ဈေးတက်နေတယ်ဆိုရင် စတော့အိတ်ချိန်းမှာ အမှန်တကယ် ရှိသင့်တဲ့ဈေးနှုန်းထက် အများကြီးမြင့်တက်သွားပြီး အရောင်းအဝယ် ရပ်တန့်သွားချိန်မှာ ဈေးကွက်ကပျောက်သွား မှာဖြစ်ပါတယ်။ နောက်ဆုံးအမြင့်ဈေးနဲ့ ဝယ်ထားတဲ့ စတော့ရှယ်ယာတွေဟာ ဘာမှမသိတဲ့ အများပြည်သူလက်ထဲမှာ ပိုက်ဘောမိပြီး ကျန်ခဲ့နိုင်ပါတယ်။ အစုရှယ်ယာပိုင်ရှင်တွေ ကိုယ်တိုင် အစုရှယ်ယာဈေးတက်အောင် ဈေးကွက်ကစားပြီး အမြင့်ဆုံးဈေးရောက်မှ ရောင်းထုတ်လိုက်တဲ့ စတော့ဈေးကွက်မှာ မသမာတဲ့ စီးပွားရှာနည်း ကျင့်သုံးသွားမှာကိုပါပဲ။
စတော့အိတ်ချိန်းဈေးကွက်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေလည်း နောက်ဆုတ်သွားနိုင်ပါတယ်။ ဒါကြောင့် စတော့အိတ်ချိန်းမှာ အမှန်တကယ်ဖြစ်သင့်တဲ့ ဈေးနှုန်းဟုတ်မဟုတ်ကို အများပြည်သူကို ကနဦးဈေးဖွင့်ပေးတဲ့ စတော့အိတ်ချိန်း ကြီးကြပ်တဲ့ရုံးတွေက စစ်ဆေးပေးဖို့ တာဝန်ရှိလာပါပြီ။ ဒါကြောင့် လမ်းခုလတ်မှာ ရောက်နေတဲ့ ကမ္ဘာဒီးယားရဲ့ စတော့အိတ်ချိန်းအတွေ့အကြုံကို အနည်းငယ် ဖောက်သည်ချလိုပါ တယ်။
■ ကမ္ဘောဒီးယား
ကမ္ဘောဒီးယား စတော့အိတ်ချိန်းဟာ ၂၀၁၂ ခုနှစ် ဧပြီလမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး တရားဝင် ရောင်းချဖို့စာရင်းဝင်တဲ့ လုပ်ငန်းကတော့ ဖနွမ်းပင် ရေအရင်းအမြစ် ပံ့ပိုးမှု အာဏာပိုင်အဖွဲ့ဖြစ်ပြီး စတင်ဖွင့်လှစ်တဲ့နေ့မှာ (အခု မြန်မာနိုင်ငံမှာလို) စတော့ရှယ်ယာတစ်ခုချင်းရဲ့တန်ဖိုးဟာ မူရင်းတန်ဖိုးရဲ့ ဆယ်ဆအထိ ထိုးတက်သွားခဲ့ပါတယ်။ အများပြည်သူကို ကနဦးဈေးစဖွင့်ပေးတဲ့ ရှယ်ယာတစ်ခုချင်းတန်ဖိုး၊ ခမာငွေ  ၆၃၀၀ ဈေးနှုန်းဟာ အခုဆိုရင် ဝယ်သူ ရောင်းသူ အမှန်ဈေးကွက်မှာတော့ ခမာငွေ ၄၃၂၀ ဖြစ်သွားလို့ အစုရှယ်ဈေးနှုန်းကျဆင်းသွားပါပြီ။ စတော့ဈေးနှုန်းတွေ အတက်အကျ အညွှန်းကိန်း သတ်မှတ်မှုနှုန်းအရဆိုရင် အနုတ် ၁၄ ဒသမ ၉ ရာခိုင်နှုန်း ရှိနေတာကြောင့် ကုမ္ပဏီ တိုးတက်လာဖို့အလားအလာဟာ ကြောက်ခမန်းလိလိ အခြေအနေကို ရောက်ရှိနေတယ်လို့လည်း ဆိုထားပါတယ်။
ဒုတိယစာရင်းသွင်းတဲ့ ကုမ္ပဏီကတော့ ထိုင်ဝမ် အထည်ချုပ်လုပ်ငန်း အားပြုထားတဲ့ ကမ္ဘောဒီးယားအခြေစိုက် Grand Twin International အများပိုင် အထည်ချုပ်လုပ်ငန်း ဖြစ်ပါတယ်။ စတော့အိတ်ချိန်းမှာ စာရင်းသွင်း စတင်ရောင်းချတဲ့နေ့မှာ ခမာငွေ ၉၇၀၀ နဲ့ အများပြည်သူကို ကနဦးဈေးစဖွင့်ပေးခဲ့ပြီး ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ဒေါ်လာ ၁၉ ဒသမ ၃ သန်းအထိ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နှစ်လကြာပြီးတဲ့နောက်မှာတော့ ရှယ်ယာတစ်ခုချင်းရဲ့ ဈေးနှုန်းဟာ ၇၆၈၀ အထိ ထိုးကျသွားခဲ့ပါတယ်။ စတော့အညွှန်းကိန်းတွေရဲ့ သတ်မှတ်ချက်အရဆိုရင် အနုတ် ၂၀ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်လုံး တိုင်းတာချက်အရဆိုရင် အနုတ် ၇၅ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။
စတော့အိတ်ချိန်း ဈေးကွက်တွေမှာရှိတဲ့ အများပြည်သူကို ကနဦးဈေး စဖွင့်ပေးတဲ့ သတ်မှတ်တဲ့ဈေးနှုန်းနှင့် ဈေးကွက်မှာ အမှန်တကယ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းကွာဟချက်တွေကြောင့် ကမ္ဘောဒီးယား စတော့အိတ်ချိန်း အနာဂတ်အလားအလာဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေသလို အောင်မြင်နိုင်ပါ့မလားဆိုပြီး သံသယရှိခဲ့ကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် စတော့အိတ်ချိန်း စတင်ဖို့ အားယူနေတဲ့ မြန်မာအနေဖြင့် ကမ္ဘောဒီးယား စတော့အိတ်ချိန်းရဲ့အမှားတွေကို ထပ်ကာထပ်ကာမလုပ်မိစေဖို့ သင်ခန်းစာ ယူသင့်ပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယား စတော့အိတ်ချိန်းရဲ့ အမှားအယွင်းကြီး သုံးခု ဖြစ်နေတယ်ဆိုတာကို ထောက်ပြထားပါ တယ်။
■ ဂုဏ်သိက္ခာရှိတဲ့ထွက်ပေါက်
ပထမအမှားကတော့ စတော့အိတ်ချိန်းမှာ ရှယ်ယာအရောင်းအဝယ်လုပ်ဖို့ အများပိုင်ကုမ္ပဏီ၊ ကုမ္ပဏီတွေကို ရွေးချယ်တဲ့နေရာမှာ အဆောတလျင်မဖြစ်ဖို့နဲ့ အရွေးမမှားဖို့ တိုက်တွန်းထားပါတယ်။  အမှန်တကယ်က ကမ္ဘောဒီးယားစတော့အိတ်ချိန်းကို ပထမဆုံး စာရင်းသွင်းတဲ့ ဖနွမ်းပင်ရေအရင်းအမြစ် ပံ့ပိုးရေးအာဏာပိုင်အဖွဲ့ဆိုတာ စီးပွားရေးအရ အရမ်းဆိုးဆိုးရွားရွားဖြစ်နေတာမဟုတ်ဘဲ ထုတ်လုပ်မှုကို အခြေခံဦးစားပေးတဲ့ လုပ်ငန်းကို ဦးစားပေးတာဟာ အရမ်းကို အန္တရာယ်များတယ်လို့ ပြေားထားပါတယ်။ အမှန်တကယ် စာရင်းဝင်ဖို့ ဖြစ်သင့်တာကတော့ တယ်လီကွန်း လုပ်ငန်းကြီးတွေ၊ ဘဏ်လုပ်ငန်းကြီးတွေ၊ သတ္တုတွင်းလုပ်ငန်းတွေဟာ လုပ်ငန်းလည်ပတ်တဲ့နေရာမှာ ပိုပြီးစီးပွားရေး စီမံခန့်ခွဲမှု စွမ်းဆောင်ရည်ထက်မြက်တဲ့ သမိုင်းကြောင်းရှိတာကြောင့် ရွေးချယ်သင့်တယ်လို့ ဆိုထားပါတယ်။ ဥပမာအားဖြင့် ကမ္ဘောဒီးယား တယ်လီကွန်း လုပ်ငန်းကြီးဟာ ရင်းနှီးမြှုပ်နှံမှု ကြီးမားသလို စီးပွားရေးအကျိုးအမြတ်လည်းရှိနေပြီး တစ်နိုင်ငံလုံး ဖြန့်ကြက်ထားနိုင်တာကြောင့် ရေရှည်အာမခံ ပေးနိုင်ပါတယ်။
ကမ္ဘာ့ဘဏ်အုပ်စုဖြစ်တဲ့ နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း၊ ဂျာဒီးမဟာဗျူဟာ ဟိုးဒင်းနှင့် အခြားငွေကြေးအဖွဲတွေ ကျောထောက်နောက်ခံပေးထားပြီး ပြည်တွင်းမှာ အကောင်းဆုံးလည်ပတ်နေပြီဖြစ်တဲ့ ပုဂလိကဘဏ်တွေရဲ့ အစုရှယ်ယာတွေကို ဦးစားပေးသင့်တယ်လို့ ညွှန်းဆိုထားပါတယ်။ ဥပမာပေးထားတဲ့ ဘဏ်ကတော့ ACLEDA Bank ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကြီးတွေဟာ ဘဏ်ကြီးတွေဟာ ကမ္ဘာ့အဆင့်မီ အုပ်ချုပ်မှုစီမံကောင်းတွေ ကျင့်သုံးနေတယ်၊ နိုင်ငံတကာ ကျွမ်းကျင်သူတွေကို ခန့်ထားနိုင်တယ်၊ ကုမ္ပဏီရဲ့ငွေစာရင်းနှင့် စာရင်းအင်းထားရှိမှုဟာ အဆင့်အတန်း မီတယ်ဆိုတဲ့အချက်တွေဟာ အဲဒီကုမ္ပဏီရဲ့ ဂုဏ်သိက္ခာ ကျော်စောမှုတွေ ကြောင့် နိုင်ငံတကာအဆင့် ရှိတယ်လို့ ညွှန်းဆိုထားပါတယ်။
ဒုတိယ ထောက်ပြထားတဲ့အချက်ကတော့ ကမ္ဘောဒီးယား ကော်ပိုရေးရှင်းလုပ်ငန်းတွေဟာ နိုင်ငံတကာအဆင့်မီ စီမံအုပ်ချုပ်မှုစနစ် စံတော်ဝင်မဖြစ်ဘဲ အားနည်းချက်တွေ ရှိနေတယ်လို့ ရှင်းပြထားပါတယ်။ ကနဦး မှတ်ပုံတင်ထားတဲ့ ဖနွမ်းပင် ရေအရင်းအမြစ် ပံ့ပိုးရေးအာဏာပိုင်အဖွဲ့ရဲ့ အနာဂတ် စီးပွားရေး အလားအလာဖွင့်ဆိုမှုဟာ ေ၀ဝါးနေတယ်။ ကုမ္ပဏီရဲ့ နှစ်လတ် အစီရင်ခံစာ၊ ကုမ္ပဏီရဲ ဘဏ္ဍာရေးရှင်းတမ်း၊ မဟာဗျူဟာနှင့် အနာဂတ်စီမံချက်၊ ဝန်ထမ်းစီမံခန့်ခွဲမှု၊ အကျိုးအမြတ် စာရင်းဇယားတွေကို ရှာဖွေရတာ ခက်ခဲပါတယ်။ ဝက်ဘ်ဆိုက်တွေမှာ တင်ထားတာလည်း မရှိပါဘူး။ အများပြည်သူကို စတော့ရှယ်ယာ ကမ်းလှမ်းရောင်းချတဲ့ ရုံးမှာလည်း ဒီလိုအစီအစဉ်တွေ၊ လုပ်ငန်းစဉ် စီမံချက် သတင်းအချက်အလက်တွေကို ရှာဖွေ ကြည့်ရှု လေ့လာရတာ ခက်ခဲတယ် လို့ဆိုထားပါတယ်။ အများပိုင်ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှု အသစ်တွေကို အကြံပေးနိုင်တဲ့အဖွဲ့၊ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ရေး၊ နိုင်ငံတကာ စတော့အတွေ့အကြုံ ရရှိ နိုင်ဖို့  အကြီးတန်းအရာရှိတွေကို စတော့လုပ်ငန်းဆိုင်ရာ မွမ်းမံမှုသင်တန်း၊ ကမ္ဘာ့ စတော့ဈေးကွက်နှင့် ကုမ္ပဏီအောင်မြင်မှု ဖြစ်နိုင်ခြေကို လေ့လာတဲ့ စီးပွားရေး လေ့လာဆန်းစစ်ရေးအဖွဲ့၊ အစုရှယ်ယာ ဝင်ထားတဲ့သူတွေ အတွန့်တက်လာရင် အဆင်သင့် ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းစတာတွေကို မလုပ်ထားဘူးလို့ ဆိုထားပါတယ်။ စတော့ ဈေးကွက်ထဲကို စာရင်းသွင်းတဲ့ အများပိုင်ကုမ္ပဏီတွေ၊ ကုမ္ပဏီတွေဟာ အစိုးရစတော့အိတ်ချိန်း ကော်မရှင်နဲ့ သဘောတူညီချက် လက်မှတ် ရေးထိုးထားကတည်းက အရေးကြီး အချက်တွေ ပါဝင်ထည့်သွင်းထားပေမယ့် ဖနွမ်းပင် ရေအရင်းအမြစ် ပံ့ပိုးရေး အာဏာပိုင်အဖွဲ့ဟာ မျက်ကွယ်ပြုထားတယ်လို့ ဆောင်းပါးရှင်က ရှင်းထားပါတယ်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေ လေ့လာနိုင်ဖို့ ဝက်ဆိုက်ရဲ့ ဖော်ပြချက်ဟာလည်း ပြည်တွင်း ဘာသာတစ်ခုတည်းနဲ့ မလုံလောက်ဘဲ အင်္ဂလိပ်ဘာသာရပ်နဲ့ အများဆုံးဖော်ပြမှသာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိမှာဖြစ်ပါတယ်။
တတိယအချက်ကတော့ အချက်အလက် အားကိုးမှုထက် တွေးဆချက် ဖြစ်နိုင်ခြေ သတ်မှတ်တဲ့ စတော့ဈေးနှုန်းနှင့် ရှုပ်ထွေးတဲ့ အဝယ်အရောင်း အလွဲအပြောင်းနဲ့ နည်းပညာရပ်ဆိုင်ရာ ကိစ္စဖြစ်တယ်လို့ ဆိုထားပါတယ်။ စတော့အိတ်ချိန်းတွေရဲ့ ပထမဆုံး ဦးစားပေးလုပ်ရမှာက နည်းပညာအဆင့်မြင့်မှုနှင့် လိုအပ်တဲ့ စတော့ဈေးနှုန်း ဒေတာတွေ၊ ဈေးကွက် သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် ရရှိနေဖို့နဲ့ အဲဒီအချက်အလက်တွေအားလုံးဟာ မှန်ကန်နေဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘောဒီးယားစတော့အိတ်ချိန်း စီမံခန့်ခွဲသူတွေအနေနဲ့ အထက်ပါ လုပ်ငန်းစဉ်တွေ အပီအပြင် လုပ်နိုင်လိမ့်မယ်လို့ ပိုတွက်ဆပြီးယုံကြည်မှု လွန်ကဲခဲ့ဟန်တူပါတယ်။ နည်းပညာအကူအညီပေးတဲ့ ကိုရီးယားအိတ်ချိန်း စီမံခန့်ခွဲမှု ပုံစံတွေကို အတုယူ နည်းနာခံခဲ့ပေမယ့် အတွေ့အကြုံ အားနည်းချက်တွေကြောင့် စတော့အိတ်ချိန်း လုပ်ငန်းစဉ်တွေကို အပြည့်အ၀ အသုံးမချနိုင်ခဲ့ ဘူးလို့ မှတ်ချက်ပြုထားပါတယ်။
■ ဘယ်သွားမလဲ ငွေဖြူငွေမည်း
မြန်မာနိုင်ငံဟာ ငွေဖြူငွေမည်း ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မဖြေရှင်းသေးနိုင်ပါဘူး။ အဂတိလိုက်စားမှု၊ နိုင်ငံခြားငွေကြေးများ၊ ဘိန်းနဲ့ မူးယစ်ဆေးဝါး ငွေကြေးများဟာ  တရားဝင် ဈေးကွက်ထဲကို ရောက်လာလို့ ရန်ကုန်မြို့အိမ်ခြံမြေမိုးထိအောင် တက်နေတဲ့အကျိုးဆက်ကို ခံစားနေရဆဲပါ။ ငွေဖြူငွေမည်း ပြဿနာကို ဘယ်လိုကိုင်တွယ်နေသလဲ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒီလိုငွေကြေး ခဝါချချင်သူတွေက အစုရှယ်ယာတွေ နင်းကန်ဝယ်ပြီး ရှယ်ယာဈေးနှုန်း မြင့်တက်နေတဲ့ အခြေအနေကို ထိန်းချုပ်ထားလာမှာကိုလည်း စိုးရိမ်ရပါတယ်။ အခုဆိုရင် အများပိုင် ကုမ္ပဏီတချို့ ရှယ်ယာဈေးနှုန်းတွေထောင် တက်နေတာနဲ့ပတ်သက်ပြီး ငွေကြေးခဝါချမှုတွေနဲ ဆက်စပ်နိုင်ခြေ ရှိတယ်ဆိုပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့အကြီးတန်းအရာရှိ ဒီလဆန်းပိုင်းတုန်းက မီဒီယာတွေမှာ ပြောထားပါတယ်။။ မြန်မာနိုင်ငံမှာ ငွေကြေး ဖောဖောသီသီကိုင်ပြီး ဈေးကစားနိုင်တဲ့သူတွေ အများကြီးမရှိနိုင်ပါဘူး။ ထုတ်လုပ်မှု အခြေပြုထားတဲ့ အများပိုင်လုပ်ငန်းတွေ မဖြစ်တာကြောင့် စတော့ရှယ်ယာတွေရဲ့ အမှန်ဈေးနှုန်း ဖြစ်မဖြစ်၊ ငွေဖြူငွေမည်း ခဝါချမှု ဖြစ်မဖြစ်စတဲ့ အန္တရာယ် (Risk) တွေရှိနေတာကြောင့် စတော့အိတ်ချိန်းကို ဘယ်လို ကိုင်တွယ်မယ်၊ အဲဒီလိုကိုင်တွယ်ဖို့ နည်းပညာ၊ စောင့်ကြည့်စစ်ဆေးမှု၊ အာမခံမှုစတဲ့ နည်းလမ်းတွေ အဆင်သင့်ပြင်ထားဖို့လိုပါပြီ။ အဆိုးဆုံးကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စတော့ဈေးကွက်ဆိုင်ရာ ယုံကြည်မှု ပျောက်ဆုံးသွားမှာကိုပါပဲ။

Most Read

Most Recent