ရွှေဝါရောင် လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ကို လဝက အက်ဖြင့် စွဲဆိုထားသော အမှုအတွက် မိခင်နှင့်အတူ စစ်ဆေး

ရွှေဝါရောင် လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ကို လဝက အက်ဖြင့် စွဲဆိုထားသော အမှုအတွက် မိခင်နှင့်အတူ စစ်ဆေး
Published 30 March 2016
ယဉ်မျိုးသွယ်

ရွှေဝါရောင် လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ(ခေါ်)ဦးညီညီလွင်ကို လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် မဟာအောင်မြေမြို့နယ် တရားရုံးတွင် စွဲဆိုထားသော အမှုအတွက် မိခင်နှင့် ၎င်းကို မတ် ၃၀ ရက်က စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။မိခင်ဖြစ်သူ ဒေါ်ရေးနှင့် ဦးဂမ္ဘီရတို့ကို နှစ်ဖက်ရှေ့နေများမှ အပြန်အလှန် စစ်ဆေးခဲ့ပြီး နောက်တစ်ပတ် ရုံးချိန်းတွင် ဇနီးဖြစ်သူကို စစ်ဆေးမည်ဖြစ်သည်။“ဦးဂမ္ဘီရ ခန္ဓီးထောင်မှာ ဦးခေါင်းကို အိတ်နဲ့စွပ်ပြီး ရိုက်ခံရတဲ့ ဒဏ်တွေရယ်၊ ငှက်ဖျားပိုး ဒဏ်ရယ် ဦးခေါင်းပိုင်းဆိုင်ရာ ဝေဒနာ စွဲကပ်ခဲ့ရတာပါ။ နောက်ပြီး မတ် ၂၀၀၉ ခုနှစ် မတ် ၁၃ ရက်ကနေ မေ ၉ ရက်အထိ ခြေထောက်နဲ့ လက်နှစ်ဖက်လုံး လက်ထိပ်၊ ဒေါက် လုံး၀ မချွတ်ဘဲ ထားတဲ့ဒဏ်၊ အပြင်ရောက်လို့ လွတ်တော့လည်း ဆရာဝန်တွေ အနေနဲ့ ဆေးကုသဖို့ မရဲကြဘူး။ ဒါကြောင့် မလွှဲမရှောင်သာ တာချီလိတ်ကတစ်ဆင့် တစ်ဖက်နိုင်ငံကို သွားရောက် ဆေးကုသခဲ့ရတာပါ။ တရားဝင် သွားရောက်ခဲ့တယ် ဆိုတာကို အဲဒီဖက်က တာဝန်ရှိသူတွေ အကုန် သိပါတယ်။ သို့သော် မန္တလေးမှာ အဖမ်းခံလိုက်ရတယ်။ အခု သူ့ဇနီးက အာမခံ အထောက်အထားတွေရဖို့ တာချီလိတ်ကို ထပ်သွားပါတယ်။ ဦးဂမ္ဘီရဖြစ်နေလို့ အထောက်အထားရဖို့ သိပ်မလွယ်ဘူး ထင်ပါတယ်။ တရုတ်နိုင်ငံသားတွေကိုတော့ ၁၃(၁) နဲ့စွဲတာ ၁၅ သိန်းတန် အာမခံ ပေးပါတယ်။ မြန်မာနိုင်ငံသား စစ်စစ်ကိုတော့ မပေးပါဘူး။ ဒီလိုတွေ ရှိတာကြောင့် ဦးဂမ္ဘီရ အနေနဲ့ ဥပဒေကို မယုံကြည်တော့တာမို့ စွဲချက်တင် အမိန့်ကို အယူခံ မတက်တော့တာပါ။ သူ့အမျိုးသမီး စစ်ပြီးရင်တော့ ပြီးပါပြီ။ အမိန့်ချဖို့ပဲ ကျန်တော့တယ်” ဟု ဦးဂမ္ဘီရဘက်မှ လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ဦးညီညီလွင်သည် ရွှေဝါရောင် အရေးခင်းတွင် ဦးဆောင်ခဲ့သဖြင့် အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ရခဲ့သော ဒဏ်ရာများကြောင့် ထောင်မှ လွတ်မြောက်လာသော်လည်း ဦးနှောက်အတွင်း ငှက်ဖျားပိုး ဝင်ရောက်ခဲ့ရာ ဦးခေါင်းခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရကြောင်း၊ ဆက်လက်၍လည်း ဆေးစစ်မှုများ အဆက်မပြတ် ပြုလုပ်နေရသဖြင့် ယခု စွဲဆိုထားသော အမှုအတွက် အချုပ်လွတ် ထုချေခွင့် အာမခံပေးရန် နှစ်ကြိမ်တိုင်တိုင် လျှောက်ထားခဲ့ရာ ပယ်ချခံခဲ့ရသည်။တာချီလိတ်မြို့၊ အမှတ်(၁) ချစ်ကြည်ရေး တံတားမှ မယ်ဆိုင်သို့ တရားမဝင် ဖြတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ၁၂-၁၁-၂၀၁၃ ၌ အမှတ် (၁)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်သို့ ထွက်ခွာပြီး ချင်းမိုင်မြို့၊ ဆီပူလင်း ဆေးရုံတွင် ဆေးကုသ၍ မြန်မာနိုင်ငံသို့ ပြန်လာခြင်း မရှိဘဲ တရားမဝင် နေထိုင်ခဲ့ကြောင်း စသည်တို့ကို ကျူးလွန်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံတွင်းသို့  တရားမဝင် ဝင်/ထွက် သွားလာသဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃ (၂) ကို ကျူးလွန်ကြောင်း စိစစ် တွေ့ရှိခဲ့သဖြင့် ဇန်နဝါရီ ၂၀ ရက် နံနက်တွင် မဟာအောင်မြေမြို့နယ် လဝက ဦးစီးမှူး ဦးသောင်းတန်က တိုင်တန်း၍ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ကို (ပ)၅၇/၂၀၁၆ လဝက အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အမှတ်(၉) ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။        

Most Read

Most Recent