လွတ်လပ်စွာ ပြောဆိုခွင့်

လွတ်လပ်စွာ ပြောဆိုခွင့်
Published 30 March 2016
တင့်ခိုင်

(၁)လွတ်လပ်စွာ ပြောဆိုခွင့်သည် လူသားအားလုံး၏ မွေးရာပါ လူ့အခွင့်အရေး တစ်ခု ဖြစ်သည်။ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံများတွင် လွတ်လပ်စွာ ပြောဆိုခွင့် လူတိုင်း ရကြသည်။ ဆိုရသော် လွတ်လပ်စွာ ပြောဆိုခွင့် ဟူသည် ပြည်သူက ရွေးချယ်ထားပြီး အာဏာ အပ်နှင်းထားသူများ လမ်းကြောင်းပေါ်မှ တိမ်းစောင်း မသွားစေရန် တည့်မတ်ပေးသော ကိရိယာ တစ်ခုလည်း ဖြစ်သည်။လူ့အခွင့်အရေး၏ နောက်ဆုံး ရည်မှန်းချက်သည် လူသားများ၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်သည် လူသားများ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာရေးအတွက် လိုအပ်ချက်တစ်ခု ဖြစ်သည်။ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့် မရကြသူများသည် မိမိ၏ မွေးရာပါ အခွင့်အရေးကို ပိတ်ပင် ခံထားရသူများလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရာစုဝက်ခန့် အချိန်ကာလ၌ “လူ့အခွင့်အရေး” ဟူသော စကားကို ကြားပင် မကြားခဲ့ရ။ “နိုင်ငံရေးနှင့် မပတ်သက်ရ” ဟု တရားဝင် အမိန့် မထုတ်ခဲ့သော်လည်း လူငယ်များကို နိုင်ငံရေးနှင့် အဆက်ဖြတ်ထားကာ ခြောက်လှန့် ပုံသွင်းခဲ့ကြသည်။ဒီမိုကရေစီ နိုင်ငံများတွင် လူကို အလွန် တန်ဖိုးထားသည်။ လူ့ဂုဏ်သိက္ခာကို အလေးအနက် ပြုသည်။ ထိုကြောင့်လည်း လူသား ဖွံ့ဖြိုးမှု၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှု၊ လူသား ဂုဏ်သိက္ခာအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို ခွင့်ပြုထားကြသည်။ သို့ရာတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို ဆုပ်ကိုင်ပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်လာစေရန် တမင်လှုံ့ဆော် ဖန်တီးခြင်းများသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို အလွဲသုံးစား ပြုလုပ်ခြင်းသာ ဖြစ်၏။ ထို့ကြောင့်လည်း ဒီမိုကရေစီကို လိုလိုလားလား မရှိသူများအဖို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ထားကြသည်။ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ” အောက်တွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ပတ်သက်၍ ပုဒ်မ ၃၅၄ တွင် ဤသို့ ဖော်ပြထားသည်။၃၅၄။        နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်။(က)    မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇ ခုနှစ်)၊ လွတ်လပ်မှု အခွင့်အရေးအောက်ရှိ ပုဒ်မ (၁၇) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။ပုဒ်မ ၁၇။    တရားဥပဒေနှင့် လည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် လည်းကောင်း၊ ပြည်သူ ကိုယ်ကျင့်တရားနှင့် လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားများသည် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲနိုင်ရမည်။(က)    မိမိတို့၏ ယုံကြည်၊ ထင်မြင်ချက်တို့ကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်သော အခွင့်အရေး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အကန့်အသတ်မှာ ယေဘုယျမျှသာ ဖြစ်ပြီး တည်ဆဲ ဥပဒေများ၏ ပြဋ္ဌာန်းမှုကို ရည်ညွှန်းထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကမူ အကန့်အသတ် ပိုများသည့်အပြင် “ပြည်သူများ၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းသော ဥပဒေ” ကိုပါ ထည့်သွင်းထားခဲ့သည်။၁၉၄၈ ခုနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှ တစ်ခဲနက် အတည်ပြု ထုတ်ပြန်လိုက်သော “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း” အပိုဒ် ၁၉ တွင်မူ အောက်ပါအတိုင်း ဖော်ပြထားသည်။“လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက် မရှိဘဲ လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့် ပါဝင်သည်။ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုရာတွင် အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုများကို မထိပါးရန်လည်း လိုအပ်ပါသေး၏။ သို့ဖြစ်၍ ဒီမိုကရေစီ စနစ်တွင် မိမိ၌ အခွင့်အရေး ရှိသလို တာဝန်လည်း ရှိနေသည်ကို သတိမူ ဆင်ခြင်ရန် လိုပါသည်။ထိုကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၉) တွင် ဤသို့ ဖော်ပြထားသည်။အပိုဒ် (၂၉)     (၁) မိမိ၏ စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်းအတွက် လူတိုင်း၌ တာဝန်ရှိသည်။                      (၂) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေ လေးစားစေရန် အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာ ကျင့်ဆောင်ရန် အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဋ္ဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်း ခံရမည်။                      (၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် လည်းကောင်း အခြေခံ မူများနှင့် လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။မည်သို့ပင်ဖြစ်စေ လွတ်လပ်စွာ ပြောဆိုခွင့်၌ အကန့်အသတ်များ ပါဝင်နေပါသည်။ တည်ဆဲ ဥပဒေများကို နိုင်ငံသားတိုင်း လိုက်နာရန် တာဝန်ရှိပါသည်။ သို့ရာတွင် ဥပဒေ အရာ၌ တည်ဆဲ ဥပဒေများသည် အခြေခံ ဥပဒေကို လွှမ်းမိုး၍ မရပါ။(၂)အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏ နိဒါန်းမှ အနည်းငယ် ကောက်နုတ် ဖော်ပြလိုပါသည်။“လူ့အခွင့်အရေးကို အရေးမထား၊ မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက် ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သည်။ လူသားများ၏ မျိုးရိုးဂုဏ်သိက္ခာနှင့် အညီအမျှ ရရှိမည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူသားများ၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံ အုတ်မြစ်လည်း ဖြစ်ပါသည်။လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုများကို ခံစားရယူစေနိုင်မည့် လောကတစ်ခု ပေါ်ပေါက်လာရန် ရည်ရွယ်ပြီး ဤကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါသည်။မတူညီသော အတွေးအမြင်များ၊ မတူညီသော အသံများသည် ဒီမိုကရေစီကို ဖျက်ဆီးခြင်း မဟုတ်။ အဆိုပါ ပွတ်တိုက်မှုများသည် အစိုးရရော၊ အတိုက်အခံများကိုပါ ပိုမို ပြောင်လက်လာစေနိုင်ပါသည်။ ထို့ကြောင့်လည်း ဒီမိုကရေစီ နိုင်ငံများတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို ဂရုတစိုက်၊ တလေးတစား ခွင့်ပြုထားရခြင်း ဖြစ်သည်။ ဆိုရသော် လွတ်လပ်စွာ ပြောဆိုခွင့်သည် ဒီမိုကရေစီ၏ အသက်သွေးကြော ဖြစ်သည်။ မတူညီမှုများသည် လွတ်လပ်စွာ ပြောဆိုခွင့်မှ ရှင်သန် ပေါက်ဖွားလာပြီး ထိုမတူညီမှုများကပင်လျှင် စားပွဲဝိုင်း ယဉ်ကျေးမှုကို သန္ဓေတည်စေပါသည်။လွတ်လပ်စွာ ပြောဆိုခွင့်သည် လူသားများ၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုရုံမျှ မက လောကသစ် တစ်ခု ဖြစ်ထွန်းလာစေနိုင်ပါ၏။ ကျွန်တော်တို့သည် နှစ်ပေါင်း ၅၀ ကျော် အဆိုပါ လောကသစ်အတွက် ကြိုးပမ်း အားထုတ်ခဲ့ကြရ၏။ ထိုသို့ ကြိုးပမ်းရာတွင် ကျောင်းသားလူငယ်များ အပါအဝင် ပြည်သူများသည် သူတို့၏ ဘဝ၊ သူတို့၏ အသက်၊ သွေး၊ ချွေးများကို စတေးခဲ့ကြရသည်။ အလိုလို ရရှိလာခြင်း မဟုတ်။သို့ဖြစ်၍လည်း အစိုးရသစ် အနေဖြင့် မြန်မာနိုင်ငံသားများ လူ့အခွင့်အရေး အပြည့်အ၀ ရရှိသော လောကသစ် တစ်ခုကို ထူထောင်နိုင်ရန် လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒ ထုတ်ဖော်ခွင့်တို့ကို အဟန့်အတား ပြုထားသော ဒီမိုကရေစီနှင့် မကိုက်ညီသော ဥပဒေများကို ပြင်ဆင် ဖျက်သိမ်းပေးရန် လိုပါလိမ့်မည်။ သို့မှသာ လူထု၏ ဆန္ဒနှင့် ကိုက်ညီမည် ဖြစ်ပါသည်။

Most Read

Most Recent