အတူပုံရေး ဆရာအေး

အတူပုံရေး ဆရာအေး
Published 29 March 2016
ဝေယံအောင်

ပန်းချီတော်ဆရာချုံ အောက်ပြည်အောက်ရွာသို့ ဆင်းသွားချိန်တွင် မန္တလေး၌ တပည့်ဖြစ်သူ ဆရာအေး၊ ဆရာမြတို့ ကျန်ရစ်ခဲ့သည်။ ဆရာအေးကို မင်းတုန်းမင်းကြီး လက်ထက် ၁၈၇၁ ခုနှစ်တွင် အဖကောင်ဟန် မြေနန်းသွေးသောက်ကြီး မောင်မောင်သန့်နှင့် အမိ ဒေါ်ဒေါ်နုတို့က မွေးဖွားခဲ့သည်။ မောင်ဖေခင်၊ မောင်အေး၊ မောင်ဘဦး၊ မသိင်္ဂီ၊ မဆင်ဟူသော မွေးချင်းငါးဦးတွင် ဆရာအေးသည် ဒုတိယမြောက်သား ဖြစ်သည်။ ငယ်စဉ်က မိဘမျိုးရိုးစဉ်ဆက် ကိုးကွယ်ခဲ့သည့် ဒုတိယ မောင်းထောင်ဆရာတော်ကြီးထံတွင် ပညာသင်ကြားခဲ့သည်။ ဆရာအေးသည် ခြင်္သေ့ရုပ်၊ နဂါးရုပ်၊ ဆင်၊ မြင်းကနေပုံတို့ကို ရေးခြစ်လေ့ရှိရာ ဆရာတော်ကြီးက ကျောင်းသို့ သီတင်းဆောက်တည်လေ့ရှိသော နန်းတွင်းပန်းချီဆရာ တစ်ဦးထံတွင် အပ်နှံပေးခဲ့သည်။ ထို့နောက် ဆရာအေးသည် ဆရာချုံ၏ ပန်းချီလုပ်ငန်းတွင် အလုပ်သင်အဖြစ် ဆည်းကပ်ဝင်ရောက်၍ ဆရာ၏ ဝေယျာဝစ္စများကို ဆောင်ရွက်ပေးရင်း ဆေးရေး၊ မျဉ်းရေးပန်းချီအတတ်ကို လက်ထပ်သင်ယူခဲ့သည်။ ဆရာချုံကလည်း တပည့်ဖြစ်သူကို ပန်းချီတော်ဦး ကြာညွန့်၊ ဆရာစာတို့၏ မူရင်းပန်းချီ လက်ရာများကို မိမိရှေ့တွင်ပင် ကူးရေးလေ့လာစေပြီး မျဉ်းယူ၊ မျဉ်းဆွဲတို့ကို သေချာသွန်သင်ပေးခဲ့သည်။ ဆရာအေးသည် တစ်ကြောင်းဆွဲ ဆရာဆိုင်နှင့်လည်း ပန်းချီပညာ သင်ခွင့်ရခဲ့သည်။ သီပေါမင်း ပါတော်မူသောအခါ နန်းတွင်း အနုပညာရှင်များ ဒုက္ခရောက်သကဲ့သို့  ဆရာအေးသည်လည်း ပန်းချီတော်ဘွဲ့နှင့် လွဲခဲ့ရလေသည်။ဆရာအေးသည် အသက် ၁၈ နှစ်အရွယ်တွင် ပန်းချီ အလုပ်တိုက်ဖွင့်၍ ပန်းချီလုပ်ငန်းများကို လက်ခံ လုပ်ကိုင်ခဲ့သည်။ အထူးသဖြင့် ဇာတ်နိပါတ်တော် ကားများနှင့် မင်းခမ်းမင်းနားဆိုင်ရာ ကားများကို ရေးဆွဲခဲ့သည်။ ထိုခေတ်က ဘုန်းကြီးပျံ၊ ဘတော်ပျံ၊ မယ်တော်ပျံ စသည်တို့တွင် ဆရာအေးနှင့် ဆရာစောတို့ ပန်းချီလက်ရာများ မပါလျှင် ပွဲ၏ဂုဏ် မပြည့်စုံသလောက် ဖြစ်ခဲ့သည်။ ဆရာအေး၊ ဆရာမြ၊ ဆရာစော၊ ဆရာသောင်၊ ဆရာသူတို့ အပြိုင်ကြဲကြသော ခေတ်ဖြစ်ပေသည်။ ဆရာချုံသည်လည်း ရန်ကုန်မှ မန္တလေးသို့ တက်လာ၍ တပည့်ဖြစ်သူ၏ လုပ်ငန်းအချို့ကို ဝင်ရောက် ဆောင်ရွက်ပေးခဲ့သည်။ ဆရာအေးသည် အရပ် ၅ ပေ၊ ၅ လက်မခန့်ရှိပြီး သန့်သန့်ပြန့်ပြန့် နေတတ်သည်။ မရီဆိုသော အမျိုးသမီးနှင့် အိမ်ထောင်ပြုခဲ့ပြီး သား၊ သမီးလေးဦး ထွန်းကားခဲ့သည်။ ဆရာအေး ပုံတူဆရာဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့သူမှာ မန္တလေးတောင် ရသေ့ကြီး ဦးခန္တီဖြစ်သည်။ ရသေ့ကြီးသည် မြန်မာနိုင်ငံ အနှံ့အပြား ကုသိုလ်တော် အဆောက်အဦး၊ ဘုရား၊ တန်ဆောင်းများတွင် ပြည်သူပြည်သားများ ကုသိုလ်တရားပွားပြီး အကျိုးရှိစေရန် ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ် နိပါတ်တော်များကို ပန်းချီဆရာများကို အရေးခိုင်း၍ သရုပ်ဖော်ချင်ခဲ့သည်။ ရေးဆွဲနိုင်သူ ပန်းချီဆရာကို ရှာခဲ့ရာ နန်းဆန်ဆန်၊ မူမှန်မှန်ရေးနိုင်မည့် နန်းတွင်းအဆက်အနွှယ် ပန်းချီဆရာ ဆရာအေးကို အထူးနှစ်သက်ခဲ့သည်။ ထို့ကြောင့် ဆရာအေးကို ဝက်မစွတ် ဝန်ထောက်မင်း (ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ အဘိုး) ထံခေါ်သွားခဲ့သည်။ “ဒကာတော် ဝန်ထောက်မင်းက နန်းဓလေ့ အဝတ်အစား၊ အစီးအနှင်း၊ အဆောင်အယောင် စတဲ့အသွင်အပြင်တွေကို ဒီလူငယ်လေးကို သတိပြု ညွှန်ကြားပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဒီကလေး ကိုယ်တိုင်ကလည်း မူလအခြေခံ ကလေးတွေကို သူ့ဆရာ ပန်းချီတော်ကြီး ဆရာချုံဆီက အတန်အသင့် ရခဲ့လိုက်သေးသမို့တယ်ပြီး နားမဝေးလှဘူးလို့ ထင်မိပါတယ် ဒကာတော်” ဟူ၍ မေတ္တာရပ်ခံခဲ့ရာ ဝန်ထောက်မင်းက လက်ခံခဲ့သည်။ဆရာအေးသည် နှစ်ရက်ခြား သုံးရက်ခြား ဘိုင်စကယ်လေးနှင့် ဝန်မင်းထံ သွားရောက်၍ ပုံကြမ်းကလေးများ လောင်းပြသည်။ ဝန်ထောက်မင်းက ရာဇဘိသိက်ခံ၊ မုဒ္ဓါဘိသိက်ခံစသော အခမ်းအနားကြီးများတွင် ရှင်ဘုရင်မှစ၍  နန်းတော်လှေကားတွင် စောင့်နေသော စစ်သားလေးအထိ အဝတ်အစားများကို မမှားရလေအောင် တိတိကျကျ ညွှန်ပြပေးသည်။ ထို့ကြောင့် ဆရာအေး၏ နိပါတ်တော် ပန်းချီကားများနှင့် ရာဇဝင်ကားများမှာ ဇာတ်မင်းသား မင်းသမီးများ၏ အဝတ်အစားနှင့် မတူဘဲ မူမှန်နန်းတွင်းသုံး နန်းတော်သုံး အဝတ်အစားများနှင့် ရေးဆွဲနိုင်၍ ပိုမိုပြောင်မြောက်ခဲ့သည်။ နိပါတ်တော်ရေး ဆရာအေးဟု အမည်တွင်ခဲ့သည်။ ဆရာအေးသည် ရသေ့ကြီးနှင့် ဝန်ထောက်မင်းတို့၏ ကူညီအားပေးမှုကြောင့် ထီးမူနန်းရာများကို ကျနမှန်ကန်စွာ ရေးခြယ်နိုင်သည့် ပန်းချီဆရာဖြစ်ရုံမက  ဝက်မစွတ် ဝန်မင်း၏သား ရာဇဝတ်ဝန်ထောက် ဦးမောင်ကျော် (ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ ဖခင်) ကူညီမှုကြောင့်လည်း ဥရောပ ပန်းချီနည်းနာနှင့် ပုံတူရေးနိုင်စွမ်းသည့် ပန်းချီဆရာ တစ်ဦးဖြစ်ခဲ့သေးသည်။ ဦးမောင်ကျော်မှာလည်း ပန်းချီဝါသနာကြီးသူဖြစ်၍ ဆရာအေးကို ကမ္ဘာကျော် ပန်းချီဆရာများ၏ နမူနာကားများကို အစုံလိုက်ဝယ်ပေးပြီး ထိုနည်းများကို မှီး၍ပုံတူရေးရန် တိုက်တွန်းခဲ့သည်။ ဝက်မစွတ်ဝန်မင်း၏ ပုံတူ၊ ရနောင်မင်းသား၏ညီ ပင်းသာမင်းသား မောင်မောင်ဗြောင်း၏ သမီး၊ တောင်သာမြို့စား ခင်ခင်ကြီး၏ ပုံတူနှင့် မိမိ၏ ပုံတူတို့ကို ဇွတ်အတင်း ဆွဲခိုင်းခဲ့သည်။ အနောက်နည်း လိုက်စားသူ ပန်းချီမောင်မောင်ကြီးနှင့်လည်း မိတ်ဆက်ပေးခဲ့ပြီး မကြာခဏ တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့သည်။ ထို့နောက် ဆရာအေးသည် ပုံတူရေးတွင် နာမည်ပိုကြီးလာပြီး သူဌေးသူကြွယ်နှင့် ဘုန်းတော်ကြီးများက ပုံတူရေးခြယ်ရန် လာရောက် အပ်နှံကြသည်။ ထိုစဉ်က ဧရာဝတီ သူဌေးကြီးနှင့် သမီးပုံ၊ လှေသင်းအတွင်းဝန်ပုံ ၊ မြေတိုင်းဝန်ထောက် ဦးသီး၏ပုံ၊ ရာဇဝတ်ဝန်ထောက် ဦးမြဘော်ပုံနှင့် အခြား မင်းသား၊ မင်းသမီး ပုံတို့ကိုလည်း အများအပြား လက်ခံရေးဆွဲခဲ့သည်။ ကမ္ဘာ့ပန်းချီပြပွဲအတွက် ဆရာအေးနှင့် ဆရာမြတို့၏ ပန်းချီကားများကို အနောက်နိုင်ငံများက ပြသချိတ်ဆွဲရန် မှာကြား၍ ပို့ပေးခဲ့ဖူးကြောင်း အဆိုရှိသည်။ ဆရာအေးသည် ဥရောပ ပန်းချီဟန်ကို အပီလိုက် ရေးသောအခါ မြူသဘောများပါ လာသဖြင့် အမှုံအမှေး ဆရာအေးဟူ၍ အမည်တွင်ခဲ့ပြန်သည်။ ဆရာချုံ၏ ပုံတူပန်းချီတွင် ကောက်ကြောင်းကို မူမပျက်တွေ့ရသော်လည်း ဆရာအေး၏ ပုံတူကားများတွင် ကောက်ကြောင်းအခြေခံ ကွယ်ပျောက်၍ ဥရောပ နည်းစနစ်ဘက်သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့သည်။ဆရာအေး၏ မဟာနွယ်စဉ် ဗောဓိကုန်း ပန်းချီအလုပ်ရုံတွင် လူပုံတူနှင့် နိပါတ်တော်ရေး ဆရာအေးဟူသော ဆိုင်းဘုတ်ကြီးကို နတ်ရုပ်ကြီး တစ်ရုပ်နှင့်တွဲ၍ ချိတ်ဆွဲထားလေသည်။ ငါးခန်းတွဲ နှစ်ထပ်အိမ်ကြီး၏ အပေါ်ထပ်တွင် ဆရာအေး၏ အလုပ်ခန်းရှိသည်။ တပည့်လက်သား မြောက်မြားစွာနှင့် လုပ်ငန်းကြီးများကို လက်ခံ လုပ်ကိုင်လေ့ရှိရာ အောက်ထပ် တစ်ခုလုံးမှာ တပည့်များ၏ အလုပ်ရုံကြီး ဖြစ်နေသည်။ ထိုခေတ်က တပည့်များဖြစ်ကြသော ကျောက်သွေးတန်း ဦးခင်မောင်၊ ဆရာကျောက်နှင့် ဦးချစ်မြဲတို့သည် နောင်တွင် နာမည်ကျော် ပန်းချီဆရာကြီးများ ဖြစ်လာခဲ့ကြသည်။ သားသမီးများအနက် ဦးစောမောင်မှာ ဆရာအေး၏ ခြေရာနင်းခဲ့သည်။ ဆရာအေး မအားလပ်လျှင် အလုပ်ရုံကို ကွပ်ကဲအုပ်ချုပ်သည်။ ဖခင်ကိုယ်စား ပန်းချီရေးဆွဲမှုတွင်လည်း ပါဝင်ကူညီခဲ့သည်။ ကိုဖူးခေါင်မှာလည်း ပန်းချီ ဝါသနာပါသူဖြစ်၍ ပါဝင်ရေးဆွဲခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းဆရာအေး၏ ဗုဒ္ဓဝင် ဇာတ်ကားများအောက်တွင် ဆရာအေးနှင့်သားများဟု လက်မှတ်ရေးထိုးခြင်းကို တွေ့ကြရသည်။ ဆရာအေးသည် ဇနီးဒေါ်ရီ ပုလိပ်ရောဂါဖြင့် ဆုံးပြီးနောက် ဒေါ်အေးကြွယ်ဆိုသူနှင့် အိမ်ထောင်ပြုခဲ့သည်။ ဒုတိယ ဇနီးနှင့် အမလေး၊ မလှထွေး၊ မောင်အောင်ခိုး၊ မောင်ကျော်စိုးဆိုသည့် သားသမီးလေးဦး ထွန်းကားခဲ့ပြန်သည်။ သမီးမလှထွေးမှာ ဖခင်ဆရာအေးနှင့် အစ်ကိုဖြစ်သူ ဦးစောမောင်ကဲ့သို့ ပန်းချီ ဝါသနာကြီးသူဖြစ်ပြီး နောင်ပန်းချီကျောင်းတွင် သုံးနှစ် သင်တန်းပင် တက်ခဲ့ဖူးသူဖြစ်သည်။ ဆရာအေးနှင့် ရင်းနှီးခင်မင်သူများမှာ ပန်းချီဦးမောင်မောင်ကြီး၊ ပန်းချီ ဆရာကြီးဦးထွန်းလှ (ရန်ကုန်)၊ ဆရာငယ် (ကြည့်မြင်တိုင်)၊ ပန်းချီဆရာ ဦးဘအုန်းနှင့် လန်ဒန်အတ် ဦးအုန်းမောင်တို့ ဖြစ်သည်။ ဆရာအေး ကွယ်လွန်သည့် ခုနှစ်မှာ ၁၉၃၁ ခုနှစ်ဖြစ်သည်။ဆရာကြီး ဦးဘဉာဏ်သည် ဆရာအေး၏ လက်ရာများကို မြင်သောအခါ “အနောက်နိုင်ငံများမှာဆိုရင် အာရ်အေ (Royal Academy) ရနိုင်တဲ့ လက်ရာအဆင့်အတန်း ရောက်နေတယ်” ဟု ပြောခဲ့ဖူးသည်။ ဆရာကြီး ဦးဘသက်ကလည်း “ပန်းချီကျော်တွေဟာ သူ့နည်းနှင့်သူ တစ်မျိုးတစ်ဘာသာစီ ကောင်းကြတာ ချည်းပါပဲ။ ဒါပေမဲ့ ဆရာအေးရဲ့ အယူအဆ၊ ဆေးရောင် အသုံးအနှုန်းကိုတော့ဖြင့် မီနိုင်ကြတော့မယ် မထင်ပါဘူးကွယ်” ဟု မှတ်ချက်ချခဲ့သည်။ ဆရာကြီး ဦးငွေကိုင်သည် ဆရာအေး၏ လက်ရာများကို နှစ်သက်သူ တစ်ဦးဖြစ်သည်။ “ဆရာကြီးဟာ ဆေးကိုင်စိုတယ်၊ ဆရာအေးကြီး လွှတ်လိုက်တဲ့ စုတ်ချက်တိုင်းမှာ လေပါတယ်” ဟု မှတ်ချက်ချ ချီးကျူးဖူးကြောင်း သိရသည်။ ၁၉၆၆ - ၆၇ ခုနှစ်များတွင် ဆရာညိုဝင်းရှင်သည် ဆရာကြီး ဦးစောမောင်ထံ သွားရောက်တွေ့ဆုံပြီး   ဆရာအေး၏ အကြောင်းကို မေးမြန်းမှတ်သားခဲ့သည်။ စစ်ဘေး၊ မီးဘေးများကြောင့် ဆရာအေးရေးဆွဲသည့် ပန်းချီကားများနှင့် ပုရပိုက် အချို့ကို ဘုန်းတော်ကြီးကျောင်းများသို့ ပို့ခဲ့ရကြောင်း၊ မန္တလေး အမျိုးသားပြတိုက်နှင့် မန္တလေး တက္ကသိုလ်ပြတိုက်သို့ ပေးအပ်ဖူးကြောင်း၊ ရှေးဟောင်း သုတေသနာဌာန အတွက်လည်း  အချို့ကို ကူးယူစေခဲ့ကြောင်း သိခဲ့ရသည်။ ဆရာကြီး နတ်မောက်ထွန်းရှိန်သည်လည်း မန္တလေးမှ နိပါတ်တော် ပန်းချီကားများနှင့် နိပါတ်တော် ပန်းချီဆရာကြီးများ အကြောင်းကို ရနိုင်သမျှ မှတ်တမ်းတင်ခဲ့သည်။ ဆရာကြီး၏ ရတနာပုံ မန္တလေး နိပါတ်ပန်းချီကျော်များ စာအုပ်တွင် မန္တလေးရှိ ဆရာအေး လက်ရာများ အကြောင်းကို ဖော်ပြထားသည်။ ယခုအခါ ဆရာအေး၏ လက်ရာများကို အမျိုးသားပြတိုက် (နေပြည်တော်) နှင့် ဆရာဗိဿ နိုး ဦးတင်ဝင်းထံတွင် လည်းကောင်း၊ မန္တလေးမြို့ရှိ အိမ်တော်ရာဘုရား၊ သုဓမ္မာဇရပ်နှင့် မန္တလေး တောင်စောင်းတန်းတွင် တွေ့မြင်လေ့လာနိုင်သည်။ ဆရာအေး၏ မျိုးဆက်အနေဖြင့် မန္တလေးမြို့တွင် အသက် ၉၂ နှစ်အရွယ် သမီးဖြစ်သူ ဒေါ်လှထွေး ကျန်ရစ်သည်။ရည်ညွှန်း- အတူပုံရေး ဆရာအေး (ပန်းချီလှတင်ထွန်း)- ဆရာအေး အတ္ထုပ္ပတ္တိ (ကျေးတောသား)- မြေးဖြစ်သူ ဆရာကြီးခင်မောင်အေး (မန္တလေး) ၏ ပြောကြားချက်များ

Most Read

Most Recent