ANP ပါတီဝင်ကို ဝန်ကြီးချုပ် ခန့်အပ်ပေးရန် ဘူးသီးတောင်ဒေသခံ တစ်ထောင်ကျော် ဆန္ဒထုတ်ဖော်

ANP ပါတီဝင်ကို ဝန်ကြီးချုပ် ခန့်အပ်ပေးရန် ဘူးသီးတောင်ဒေသခံ တစ်ထောင်ကျော် ဆန္ဒထုတ်ဖော်
Published 29 March 2016
သားရွှေဦး (ကစ္ဆပ)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက်  ရခိုင်အမျိုးသားပါတီ(ANP) မှ  ပါတီဝင်ကိုသာ ခန့်အပ်ပေးပါရန် ဘူးသီးတောင်ဒေသခံ တစ်ထောင်ကျော်က  မတ် ၂၈ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မွန်းလွဲ ၂  နာရီတွင် စတင်ခဲ့ပြီး မြို့တစ်ပတ် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ဆန္ဒဖော်ထုတ်ရခြင်းနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့ နွေးထွေးသူများလူမှုကူညီရေးအသင်း ဦးဆောင်သူ  ဦးဇော်ဝင်းက “ကျွန်တော်တို့ မတ် ၂၅ ရက်ကစပြီး “ANP မှ ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့်ပြုပါ”စာသားပါ ပိုစတာကို အိမ်တိုင်းမှာကပ်ပြီး တောင်းဆိုခဲ့တယ်။ ဒီနေ့လည်း လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်ရခြင်းက ပြည်နယ်မှာ အနိုင်ရပါတီဖြစ်တဲ့ ANP က ဦးဆောင်အစိုးရဖွဲ့စေလိုတဲ့ ပြည်သူ့ဆန္ဒကို ထုတ်ဖော်ပြသတာ ဖြစ်ပါတယ်။ NLD ပါတီက ခန့်မယ့် ပြည်နယ်ဝန်ကြီးချုပ်ကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ANP ကထုတ်တဲ့ ၁/၂၀၁၆ ကြေငြာချက်ကို ပြည်သူတွေက ထောက်ခံတာဖြစ်တယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို ANP က ဖြစ်စေချင်တယ်။ အဲဒါမှပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက တိုင်းရင်းသားအရေး၊ ဖယ်ဒရယ်အရေးကို အမှန်တကယ် ကြိုးပမ်းဆောင်ရွက်တယ်လို့ ပြောလို့ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ဘူးလို့ပြောပြီး သူတို့ အစိုးရ ဖွဲ့ဖို့ရရှိတဲ့အခါမှ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်လို့ ဖွဲ့စည်းပုံကို လွှဲချတာ သဘောမတူပါဘူး”ဟု ပြောကြားသည်။ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ANP အစိုးရဖွဲ့ရေး ဒို့အရေး ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ANP ကိုပေးရမယ်။ တစ်ပါတီအာဏာရှင် မဖြစ်စေနှင့်၊ ပြည်သူများကို လေးစားပါ။ ပြည်သူ့ဆန္ဒ အစိုးရဖြစ်ပါစေ၊ ပြည်နယ်အစိုးရကို ဦးစားပေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား ရခိုင်အမျိုးသားပါတီမှ ခန့်အပ်ခွင့်ရရှိရေးနှင့် ပြည်နယ်အစိုးရအား ရခိုင်အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းခွင့်ရရေးအတွက် လူထုဆန္ဒကို ထုတ်ဖော်ပြသသည့် အနေဖြင့် “ANP မှ ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့်ပြုပါ”စာသားပါ စာရွက်များကို ဘူးသီးတောင်မြို့ရှိ နေအိမ်အချို့တွင် ကပ်ကာ ဆန္ဒထုတ်ဖော်မှုကို မတ် ၂၅ ရက်က စတင်ပြုလုပ်ခဲ့သည်။အလားတူ စစ်တွေမြို့၊ မောင်တောမြို့၊ မြောက်ဦးမြို့တို့တွင်လည်း ယခင်က ဆန္ဒထုတ်ဖော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent