ဘရပ်ဆဲလေဆိပ် ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများအတွက် မတ် ၂၇ ၌ ငြိမ်းချမ်းရေး ချီတက်ပွဲပြုလုပ်ရန် စီစဉ်ထားခြင်းကို လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ဖျက်သိမ်းခဲ့ရပြီး တတိယမြောက် မသင်္ကာသူကို အကြမ်းဖက်လူသတ်မှုဖြင့် ဘယ်ဂျီယံက မတ် ၂၇ ရက်တွင် တရားစွဲဆိုခဲ့သည်။
ဘယ်ဂျီယံရဲများက လူပေါင်း ၃၁ ဦး သေဆုံးခဲ့သည့် မတ် ၂၂ ရက် ဘရပ်ဆဲတိုက်ခိုက်မှုအပြင် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော ပါရီတိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသည့် ISအဖွဲ့ ဝင်များအား ခြေရာခံနေစဉ် တနင်္ဂနွေနေ့ ချီတက်ပွဲကို ဖျက်သိမ်းလိုက်ရခြင်းက ဘယ်ဂျီယံတွင် ဖြစ်ပေါ်နေသော တင်းမာမှုကို မီးမောင်းထိုးပြနေသည်။
ဖေကယ်စီဟုသာ တရားဝင်ဖော်ပြပြီး စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သူများက ဖေကယ်ချက်ဖူးဟု ဖော်ပြသော လေဆိပ်ဗုံးခွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူကို မတ် ၂၄ ရက်ညတွင် ဖမ်းဆီးခဲ့သည်။ စုံစမ်းစစ်ဆေးသူများက ထိုသူသည် လေဆိပ်ရှိ စောင့်ကြည့်ရေး ကင်မရာတွင် အသေခံဗုံးခွဲသူနှစ်ဦးနှင့်အတူ တွေ့ ရှိရသည့် တတိယမြောက် မသင်္ကာသူဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။
အဆိုပါ တတိယမြောက်လူသည် ထိုစဉ်က သိသာထင်ရှားသော အနက်ရောင်ဦးထုပ်နှင့် အရောင်ဖျော့သော ဂျက်ကက်အင်္ကျီတို့ကို ဝတ်ဆင်ထားပြီး ဇာဗန်တမ်းလေဆိပ်အတွင်း၌ သူ၏ဖောက်ခွဲရေးကိရိယာ ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် ထွက်ပြေးသွားကာ တိမ်းရှောင်နေသူဟု ယူဆရသည်။
ပူဆွေးသောက ရောက်လျက်ရှိသော ဘယ်ဂျီယံမြို့တော်တွင်"စိုးရိမ်ထိတ်လန့်မှုကို ဆန့်ကျင်ချီတက်ပွဲ"(March Against Fear) ဟု အမည်ပေးထားသည့် ချီတက်ပွဲကို မတ် ၂၇ ရက်၌ သေဆုံးခဲ့သူများအတွက် အထိမ်းအမှတ်နေရာ ဖြစ်လာသော မြို့လယ်ရှိ ဒီလာဘူအာ ဆေးရင်ပြင်မှ စတင်ချီတက်ရန် စီစဉ်ထားခဲ့သည်။ သို့သော် အာဏာပိုင်များက လူများစွာစုဝေးမှုအတွက် လုံခြုံရေးအစောင့်အရှောက်များစွာ လိုအပ်မည်ဖြစ်သော ကြောင့် စုံစမ်းရှာဖွေမှုများ ပြုလုပ်ရမည့် လူအင်အားကို ထိခိုက်စေမည်ဟုဆိုကာ ချီတက်ပွဲကို ဟန့်တားခဲ့သည်။
"ကျွန်တော်တို့ သိပ်ကိုပါဝင်ချင်နေတဲ့ ချီတက်ပွဲကို ခွင့်ပြုမယ်ဆိုရင် လုံခြုံရေးဌာနတွေအနေနဲ့ သီတင်းပတ်အတန်ကြာ သူတို့ အလုပ်တွေလုပ်ဖို့ ကြန့်ကြာစေပါလိမ့်မယ်" ဟု ဘရပ်ဆဲမြို့တော်ဝန် ဗန်မာယာက ပြောကြားခဲ့သည်။
ချီတက်ပွဲကို စီစဉ်သူများက"ကျွန်တော်တို့နိုင်ငံသားတွေရဲ့လုံခြုံရေးက ခြွင်းချက်မရှိ ပထမဦးစားပေး ဖြစ်ပါတယ်။ အာဏာပိုင်တွေ ရဲ့ ရွှေ့ဆိုင်းဖို့ အဆိုပြုချက်ကို ကျွန်တော်တို့ လက်ခံခဲ့ပြီး လူတွေကို ဒီတနင်္ဂနွေနေ့မှာ မလာဖို့ တောင်းဆိုလိုက်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဘရပ်ဆဲလေဆိပ်၌ အသေခံဗုံးခွဲသမားနှစ်ဦးကြောင့် ပျက်စီးခဲ့သည့် ထွက်ခွာခန်းမကို နေရာပေးထားသော ပင်မအဆောက်အအုံကို စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် အဆောက်အအုံသည် ခိုင်မာနေဆဲဖြစ်ပြီး ယာယီ စစ်ဆေးရေးကောင်တာများ တပ်ဆင်ရန် သင့်မသင့် သက်ဆိုင်ရာအာဏာပိုင်များက ဆက်လက်စစ်ဆေးမည်ဟု ဆိုသည်။
လေဆိပ်က အစောပိုင်းတွင်ထုတ်ပြန်သော ကြေညာချက်တစ်ရပ်၌ လေဆိပ်ကို မတ် ၂၉ ရက်မတိုင်မီ ပြန်လည်ဖွင့်လှစ်ရန် မျှော်လင့်နိုင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ လေဆိပ်တွင် အပျက်အစီးများကို ပြင်ဆင်ပြီး လုံခြုံရေးစနစ်သစ်များကို နေရာချထားရဦးမည်ဟု ဆိုသည်။
ဘယ်ဂျီယံဝန်ကြီးများက မတ် ၂၂ ရက် တိုက်ခိုက်ခံရမှုကို ကာကွယ်ရန် ၎င်းတို့အနေ ဖြင့် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို လုပ်ဆောင်ခဲ့ပြီး နိုဝင်ဘာလ ပါရီတိုက်ခိုက်မှုများနှင့် ဆက်စပ်နေသော ကွန်ရက်တစ်ခုကို ခြေရာခံလိုက်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ဘယ်ဂျီယံအစိုးရအဖွဲ့သည် ယခုတိုက်ခိုက်ခံ ရမှုနှင့်ပတ်သက်၍ ပြည်တွင်းရော ပြည်ပမှပါ ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။
ဘယ်ဂျီယံအစိုးရသည် ဘယ်ဂျီယံ လူငယ်တိုက်ခိုက်ရေးသမားများ ဆီးရီးယားသို့သွားခြင်းကို တားဆီးရန် လုံလောက်စွာ လုပ်ဆောင်ခဲ့မှုမရှိဟု အများက ယုံကြည်နေကြပြီး လေဆိပ်၌ဗုံးခွဲသူ အီဘရာဟင်အယ်ဘာ ခရာအီကို တူရကီမှနေ၍ အကြမ်းဖက်တိုက်ခိုက်ရေးသမားအဖြစ် နှင်ထုတ်ခဲ့သည် ဟူသောဖြစ်ရပ် ပေါ်ထွက်လာပြီးနောက် ဘယ်ဂျီယံ အကြီးတန်းဝန်ကြီးနှစ်ဦး နုတ်ထွက်ရန် တောင်းဆိုခံခဲ့ရသည်။
"ဒါဟာ နိုင်ငံတစ်နိုင်ငံကို အပေါ်ကနေ ပြုတ်ကျသွားစေဖို့ အဆုံးမဲ့ အိပ်မက်ဆိုးတစ်ခုပါပဲ" ဟူ Le Soir နေ့စဉ်သတင်းစာက ရှေ့ဆုံးစာမျက်နှာရှိ အယ်ဒီတာ့အာဘော်၌ ရေးသားခဲ့သည်။
မတ် ၂၆ ရက်တွင် ဘရပ်ဆဲမြို့နှင့် လေဆိပ်တစ်ဝိုက် လက်နက်များ ကိုင်ဆောင်ထားသော စစ်သားများနှင့် ရဲများ အပြင်းအထန် ကင်းလှည့်လျက်ရှိသည်ကို တွေ့မြင်ရပြီး ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့တို့၏ ဌာနချုပ် များရုံးစိုက်ရာ ဘရပ်ဆဲမြို့သည် မြင့်မားသော သတိပေးချက်အောက်၌ ရှိနေဆဲဖြစ်သည်။
တရားစွဲဆိုသူများသည် ဖေကယ်စီအပါအဝင် လူသုံးဦးကို စွဲချက်တင်ထားပြီး ဖေကယ်စီသည် လေဆိပ်နှင့် မားဘိဘူတာရုံတို့ကို အသေခံဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပထမဆုံး တရားဝင် တရားစွဲဆိုခံရသူဖြစ်သည်။
Le Soir နေ့စဉ်သတင်းစာက ၎င်း၏ ဝက်ဘ်ဆိုက်တွင် မသင်္ကာသူကို မတ် ၂၂ ရက်က လေဆိပ်သို့ ဗုံးခွဲသမားသုံးဦးကို မောင်းပို့ခဲ့သည့် တက္ကစီဒရိုင်ဘာဟု ဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက အဆိုပါမသင်္ကာသူသည် သူ၏ကားနောက်သို့ ရဲများလိုက်လာကြပြီး မတ် ၂၄ ရက်ည၌ ပြည်ထောင်စု တရားစွဲဆိုရေးရုံး အပြင်ဘက်တွင် အခြားသူနှစ်ဦးနှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
"သူ့ကို အကြမ်းဖက်အဖွဲ့၊ အကြမ်းဖက်လူသတ်မှုနဲ့ အကြမ်းဖက် လူသတ်ဖို့ကြိုးစားမှုတွေမှာ ပါဝင်မှုနဲ့ စွဲချက်တင်ထားပါတယ်"ဟု တရားစွဲဆိုရေးအဖွဲ့က ပြောကြားခဲ့သည်။
သို့သော် အဆိုပါမသင်္ကာသူသည် အသေခံ ဗုံးခွဲသမားနှစ်ဦးဖြစ်သော အီဘရာဟင် အယ်ဘာခရာအီနှင့် နာဂျင်းလားချရာအီတို့နှင့်အတူ တွေ့ရသော"ဦးထုပ်နှင့်လူ"ဟု ခေါ်ဝေါ်ကြသည့် တတိယမြောက် ဗုံးခွဲသမား ဟုတ်မဟုတ်ကိစ္စနှင့် ပတ်သက်၍ "စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲမို့ ဒါက ယူဆချက်လို့ပဲ ဆိုနိုင်ပါတယ်"ဟု စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
ဘယ်ဂျီယံတွင် ဖမ်းဆီးခဲ့သည့် အခြားသူတစ်ဦးဖြစ်သော ရာဘာအန်ကိုလည်း ပြင်သစ်၌ တိုက်ခိုက်မှု ပြုလုပ်ရန်အတွက် သီးခြားကြံစည်မှုတစ်ခု၌ ပါဝင်ပတ်သက်မှုဖြင့် မတ် ၂၆ ရက်တွင် တရားစွဲဆိုခဲ့သည်။
ပါရီတိုက်ခိုက်မှုများအတွင်း ဘာတာကလန်က ဇာတ်ရုံနှင့် ပြင်သစ်အမျိုးသားအား ကစားရုံ တည်ရှိရာနေရာများတွင် တွေ့ရှိရသည့် ဗုံးများပေါ်၌ ဘယ်ဂျီယံလေဆိပ်၌ ဗုံးခွဲခဲ့သူ လားချရာအီ၏ ဒီအင်အေကို တွေ့ ရှိရကြောင်း ထွက်ပေါ်လာသောကြောင့် ဘယ်ဂျီယံလေဆိပ် ဗုံးကွဲမှုမတိုင်မီကတည်းက ပြင်သစ်နှင့် ဘယ်ဂျီယံအကြမ်းဖက်မှုများ ဆက်နွှယ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေသည်။
ယခုလောလောဆယ်ဆယ်၌ပင် အီတလီ၌ အိုင်ဒီ အထောက်အထားအတုများနှင့်အတူ အယ်ဂျီးရီးယားနိုင်ငံသား တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ သူ၏ အိုင်ဒီ အထောက်အထား အတုများသည် ပါရီနှင့် ဘရပ်ဆဲတို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သူတို့ အသုံးပြုခဲ့သော အိုင်ဒီအထောက်အထားများနှင့် တူညီနေပြီး ထိုသူအား လားချရာအီတို့နှင့် တစ်ဖွဲ့တည်းဟု ယူဆရသည်ဟု ဆိုသည်။
မတ် ၂၂ ရက်တိုက်ခိုက်မှု၌ သေဆုံးခဲ့သူတို့၏ အလောင်းများကို မည်သူမည်ဝါတို့ဖြစ်ကြောင်း ခက်ခဲစွာ ဆက်လက်ဖော်ထုတ်လျက်ရှိပြီး သက်ဆိုင်ရာအာဏာပိုင်များက သေဆုံးသူတို့အနက် ၂၄ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း တရားဝင်ဖော်ထုတ်ပြီးပြီဟု ဆိုသည်။ ယင်းတို့အနက် ၁၁ ဦးသည် နိုင်ငံခြားသားများဖြစ်ကြောင်း သိရသည်။
ဘရပ်ဆဲတွင် နေထိုင်သည့် အမေရိကန်နိုင်ငံသား စုံတွဲတစ်တွဲသည်လည်း တိုက်ခိုက်ခံရမှု၌ သေဆုံးခဲ့ကြောင်း ခင်ပွန်းဖြစ်သူအလုပ်လုပ်သည့် ကုမ္ပဏီက မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဘရပ်ဆဲတိုက်ခိုက်ခံရမှုတွင် လူပေါင်း ၃၄၀ ဒဏ်ရာရရှိခဲ့ပြီး ၆၂ ဦး သည် စိုးရိမ်ရသည့်အနေအထား၌ ရှိနေဆဲ ဖြစ်သည်။










