မျှဝေခံစားခြင်းနှင့် ဆက်စပ်အတွေးများ

မျှဝေခံစားခြင်းနှင့် ဆက်စပ်အတွေးများ
Published 27 March 2016
သန်းထိုက်(သာကေတ)

ကမ္ဘာကြီးမှာ တစ်နေ့တစ်နေ့ လူပေါင်းများစွာ၊ တိရစ္ဆာန်ကြီးငယ်များစွာ(စာရင်း အတိအကျ မသိနိုင်) သေကျေ ပျက်စီးနေကြပါတယ်။ စက္ကန့်တိုင်းမှာ သတ္တဝါတစ်ဦးတစ်ယောက်၊ တစ်ကောင် သေကျေ ပျက်စီးနေကြတယ်။ စက္ကန့်တိုင်းမှာ ထိခိုက်ဒဏ်ရာ ရနေကြတယ်။ ကျိုးပဲ့ပျက်စီး ဒုက္ခိတဖြစ်နေကြတယ်။ စက္ကန့်တိုင်းမှာ အသက်ရှင်ရေးအတွက် သေမင်းနဲ့အပြိုင် လုနေကြရတယ်။ စက္ကန့်တိုင်းမှာ ကမ္ဘာပေါ်က လူသတ္တဝါ အနည်းနဲ့အများ ပူဆွေးသောက ရောက်နေကြတယ်။ ကြေကွဲဝမ်းနည်းနေကြတယ်။ ကမ္ဘာမြေပေါ်ကို သောကမျက်ရည်တွေ ကျနေကြတယ်။ ကမ္ဘာ့တစ်နေရာ မဟုတ်တစ်နေရာမှာ ကယ်ပါကူပါဟု ဆိုတဲ့အသံတွေ ထွက်နေတယ်။
ကျွန်တော်တို့လူသားတွေဟာ ဝမ်းနည်းစရာ အဖြစ်အပျက်၊ မကောင်းတဲ့ အနိဋ္ဌာရုံကို တွေ့ရင် ပူဆွေးသောက ဖြစ်တတ်ပါတယ်။ ဝေဒနာ ခံစားတတ်ပါတယ်။ ကမ္ဘာကြီးမှာ အချိန်တိုင်းလိုလို တစ်နေရာမဟုတ် တစ်နေရာမှာ အခုလိုမကောင်းတဲ့ အာရုံ၊ မကောင်းတဲ့ အဖြစ်အပျက်(အနိဋ္ဌာရုံ)တွေရှိနေတာ သိနေ မြင်နေပေမယ့် ကျွန်ုပ်တို့တွေ သောကပရိဒေဝ၊ ဒေါမနဿဆိုတဲ့ စိတ်ခံစားမှုများ ဖြစ်မိသလားဆိုရင် မဖြစ်ဘူးလို့ပ ဲဖြေတာဟာ အမှန်အတိုင်း အရင်းခံအတိုင်း ပြောတာဖြစ်ပါတယ်။
တကယ်တော့ အဲဒီလိုဖြစ်သင့်သလား၊ အဲဒီလိုဘာကြောင့်ဖြစ်တာလဲ၊ ကိုယ်ချင်းစာတရား၊ အကြင်နာတရား၊ မေတ္တာတရား ခေါင်းပါးလို့လား ဆန်းစစ်ကြည့်ရင်တော့လည်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့ လူသားအများစုမှာ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားဆိုတဲ့ ဗြဟ္မစိုရ် ဗြဟ္မဝိဟာရတရားနဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရား တွေရှိကြပါတယ်။ အနည်းအများ အတိမ်အနက်သာ ကွာကြပါတယ်။ တကယ်တော့ ထိုတရားများ စိတ်မှာ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ စေ့ဆော်အားပေးတဲ့ စေတသိက်တို့အား နည်းလို့လား၊ အားပျော့လို့ မပေါ်ပေါက်သေး လို့ဖြစ်ရတာပါ။ အခုလို ဗြဟ္မစိုရ်တရား၊ လောကပါလ တရားတွေ ကမ္ဘာအနှံ့အပြားက လူတိုင်းမှာ ရှိကြတယ်ဆိုရင် အချိန်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ မကောင်းမှု အနိဋ္ဌာရုံတွေအတွက် ကျွန်ုပ်တို့ တစ်စုံတစ်ရာတော့ ခံစားသင့်တယ် မဟုတ်ပါလား။
ကိုယ့်နိုင်ငံမှာလည်း တိုင်းရင်းသားအချင်းချင်း အမြင်မတူ၊ အယူမမျှ ခံစားမှုဆိုတဲ့ အကြောင်းနဲ့ဖြစ်နေတဲ့ ပြည်တွင်းစစ်မီးကြောင့်၊ ပဋိပက္ခကြောင့် လူတွေသေ၊ ရွာတွေပျက်၊ မီးတွေလောင်၊ ကျည်ဆန်တွေမှန်၊ ဗုံးတွေမှန်လို့ ဒုက္ခိတတွေ စာသင်ဖို့ နေနေသာသာ ပြေးလွှားရှောင်ရှား တူတူပုန်းတမ်း ကစားနေရတာနဲ့ အချိန်တွေကုန်၊ အသက်တွေကြီး၊ စိတ်ဓာတ်တွေ ပျက်ပြားလာတဲ့ ကလေးတွေ၊ ပြည်တွင်းမှာ စားဝတ်နေရေး အဆင်မပြေလို့ ရေကြည်ရာ မြက်နုရာရှာဖို့ သူများနေရာ၊ သူများနိုင်ငံကို ထွက်ခွာရုန်းကန် နေရသူတွေ၊ လွမ်းရေးထက် ဝမ်းရေကို ဦးစားပေးနေရသူတွေ၊ ယုံကြည်ချက်ကို မျှော်လင့်ချက်နဲ့ ရှင်သန်နေသူတွေ၊ လွမ်းစရာကို နာစရာနဲ့ ဖြေသိမ့်နေရသူတွေရှိပါတယ်။ ကျွန်ုပ်တို့တစ်တွေ သူတို့အတွက် သောကပရိဒေ၀ ဘယ်အတိုင်း အတာအထိ ခံစားနေရသလဲဆိုတာလည်း ပြန်လည်ဆန်းစစ်ဖို့ ကောင်းပါတယ်။
ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားနဲ့ အချိန်ကာလတိုင်းလိုလိုမှာ အခုလို မကောင်းတဲ့ အနိဋ္ဌာရုံတွေ ရှိနေ သိနေ မြင်နေ ကြားနေပေမယ့် လူတိုင်းမှာ ဝမ်းနည်းကြေကွဲမှု၊ စိုးရိမ်ကြောင့်ကြမှု ဖြစ်နေခံစားနေကြတာ မဟုတ်တာ သေချာပါတယ်။ ဗြဟ္မစိုရ်တရား၊ လောကပါလ တရား၊ ကိုယ်ကျင့်တရားတွေနဲ့ တည်ဆောက်ထားတဲ့ လောကလူသားတွေမှာတော့ ဘာကြောင့်ဒီလိုဖြစ်ရတာလဲလို့ ဉာဏ်မီသလောက် အဖြေရှာကြည့်တဲ့အခါ တရားသဘောနဲ့ လူ့သဘော၊ လူ့မနောကို ဆင်ခြင် တွေးဆမိပါတယ်။
တရားသဘောအရ လူတစ်ယောက်မှာ စိုးရိမ်သောကနဲ့ ဝမ်းနည်းပူဆွေး ကြေကွဲရတာဟာ စွဲလမ်းမှုဥပါဒါန်ကြောင့် တစ်နည်းအားဖြင့် သမုဒယ သံယောဇဉ်ကြောင့်လို့ ဆိုပါတယ်။ လူတစ်ယောက်မှာ စွဲလမ်းမှု များလေလေ ပျက်စီးဆုံးရှုံးရမှာ၊ လက်လွှတ်ရမှာ ကြောက်လေလေ၊ သောကများလေလေ ဖြစ်တယ်။ များများ စွဲလမ်း တပ်မက်လေလေ ကြီးကြီး သောကရောက်လေဖြစ်တယ်။ စိုးရိမ်ကြောင့်ကြ ကြီးလေဖြစ်တယ်။ ကိုယ်စွဲလမ်း တပ်မက်တဲ့အရာ၊ ပစ္စည်း၊ လူသတ္တဝါတို့ ပျက်စီးဆုံးရှုံးတဲ့အခါ သောကပရိဒေဝမီး ထကြွ လောင်ကျွမ်းလာတယ်။ ကိုယ်မစွဲလမ်းတဲ့ အရာ၊ ပစ္စည်း၊ လူသတ္တဝါတို့ ပျက်ဆီးနေတာ သိနေ မြင်နေပေမယ့် မခံစားရတာ၊ သောကပရိဒေ၀ မဖြစ်တာ၊ တုံ့ပြန်မှုတစ်ခုခု မဖြစ်တာဟာ စွဲလမ်းမှုအားနည်းလို့၊ မရှိလို့၊ အလေးမ ထားလို့သာဖြစ်ပါတယ်လို့ မှတ်သားဖူးတယ်။
မီးခဲကို ကိုင်မိနေသူနဲ့ ဘေးက ရပ်ကြည့်နေသူ နှစ်ယောက်လို ဖြစ်ပါတယ်။ မီးခဲဆိုတာ ပူတယ်။ လူတိုင်းသိပါတယ်။ ရဲရဲနီနေတဲ့ မီးခဲကို ဘယ်သူမှ ကိုင်ချင်၊ ထိချင်မှာ မဟုတ်ပါဘူး။ အကြောင်းတစ်ခုကြောင့်ဖြစ်ဖြစ်၊ မကိုင်မနေရအောင် အတင်းအဓမ္မ စေခိုင်းခံရလို့ ဖြစ်ဖြစ်၊ ကံတရားကြောင့်ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်က ပူမှန်းသိရဲ့နဲ့ ကိုင်ကြည့်တာပဲဖြစ်ဖြစ်၊ လူအများ စိတ်ဝင်စားအောင် စတန့်ထွင်ချင်လို့ပဲဖြစ်ဖြစ် မီးခဲကိုင်ထားသူ တစ်ယောက်ဟာ  ပူလောင်တဲ့ဝေဒနာကို မချိမဆံ့ခံစားရမှာပါ။ ဘေးက ရပ်ကြည့်နေသူတွေက သူ့ခမျာ တော်တော်ပူမှာပဲလို့ ကိုယ်ချင်းစာစိတ်နဲ့ မျှဝေခံစားပေးနေသူ၊ စုတ်သပ်ရေရွတ်နေသူ၊ အပူမီးခဲ မြန်မြန်ငြိမ်းအေးပါစေ၊ မြန်မြန် လွတ်ငြိမ်းချမ်းသာပါစေ၊ ကူညီကယ်မမယ့်သူ မြန်မြန်တွေ့ပါစေလို့တော့ ဝိုင်းဝန်းဆုတောင်းပေးနေကြ မှာပါ။ မီးဆိုတာ ပူမှန်းသိရဲ့နဲ့ ကိုင်ချင်ဆော့ ချင်တဲ့သူ ခံရတာ နည်းတောင်နည်းသေးတယ်လို့ စိတ်ထဲမှာ ကျိတ်ရေရွတ်နေသူလည်း ရှိနိုင်ပါတယ်။
ကာယကံရှင် ဘယ်လောက်ပူလောင် ပြင်းပြဒုက္ခ ခံစားနေရသလဲ၊ သူ့အသား၊ သူ့အရေ၊ သူ့အသွေးနဲ့ သူ့နှလုံးသားမှာ ဘယ်လောက်တောင် လောင်မြိုက် ခံစားနေရသလဲဆိုတာ ဘေးလူတွေ ရပ်ကြည့်နေသူတွေ မသိနိုင်ပါဘူး။ မီးခဲကို ကိုင်ထားသူသာလျှင် ဝေဒနာ အစစ်အမှန် အတိုင်းအတာကို သိရှိခံစား တွက်ချက်နိုင်မှာပါ။ ဒါပေမဲ့ ကာယကံရှင်လောက်တော့ သောကပရိဒေ၀ ဖြစ်မှာမဟုတ်ပါဘူး။ နှစ်ပေါက်အောင် ရှည်ကြာလာပြီဖြစ်တဲ့ ပညာရေးသပိတ် ကျောင်းသားများ အရေးမှာလည်း ထိုနည်းတူပါပဲ။ ကာယကံရှင် ကျောင်းသားများနဲ့ မိဘတွေခမျာ ဘယ်လောက် ပူလောင်ပြင်းပြနေတဲ့ ဝေဒနာ ခံစားနေရတယ်ဆိုတာ ကျွန်ုပ်တို့ သေချာမသိနိုင်ပါဘူး။ သူတို့ခမျာလည်း သနားပါတယ်၊ မိဘချင်း ကိုယ်ချင်းစာပါတယ်၊ စိတ်မကောင်းပါဘူးလောက်သာ ခံစားသူများမှာပါ။
မျှေ၀ ခံစားတယ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အသံကျယ်သလောက် အဆန်ပါဖို့ မလွယ်လှပါဘူး။ ယခုလက်တွေ့ဖြစ်နေတဲ့ အယ်လ်နီညို ရာသီဥတုကြောင့် ပထဝီအနေအထားနဲ့ တောတောင် ရေမြေ သဘာ၀ ပျက်စီး ပြောင်းလဲမှုကြောင့် စီမံခန့်ခွဲမှု အမှားနဲ့ အလွဲတွေကြောင့် စိတ်စေတနာကောင်းများ၊ အားနည်းလျော့ပါးမှုတွေကြောင့် ရေရှားပါးမှု ခံစားနေရတဲ့ မြန်မာ ပြည်သူတွေမှာ ရေအတွက် ဘယ်လောက်တောင် ပူပင်သောက ဒုက္ခများနေရတယ်လို့ ပြောကြဆိုကြပါတယ်။ ရေအသက် တစ်မနက်ဆိုတဲ့စကား လူတိုင်းကြားဖူးပြောဖူးကြလို့ အသက်ရှင်ရပ်တည်ရေးအတွက် ရေဘယ်လောက် အရေးကြီးတယ်ဆိုတာ သိထားကြပေမယ့် သူတို့ရဲ့ဒုက္ခတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် ကူညီပံ့ပိုး မျှဝေခံစားနေသူဟာ တစ်ပြည်လုံး အတိုင်းအတာနဲ့စာရင် နည်းပါသေးတယ်။
ယနေ့ မြန်မာနဲ့ကမ္ဘာမှာ နေ့စဉ်နဲ့အမျှ အချိန်တိုင်းလိုလို ဆင်းရဲဒုက္ခ သောက ပရိဒေ၀ ဝေဒနာ ခံစားနေရတဲ့ လူသတ္တဝါအပေါင်းရဲ့ ဒုက္ခကိုလည်း လူသားအပေါင်း၊ ခေါင်းဆောင်လုပ်သူအပေါင်းက နက်ရှိုင်းစွာ မျှဝေခံစားပေးနိုင်မှသာ ဗြဟ္မစိုရ်တရား လောကပါလ တရားများ မိမိတို့ရဲ့စိတ်သန္တာန်မှာ အားကောင်းလာမှာဖြစ်ပြီး ထိုမှတစ်ဆင့် ဖြစ်ထွန်းလာမယ့် စိတ်စေတနာနဲ့ အလုပ်များလည်း အကျိုးဖြစ်ထွန်း မှန်ကန်လာလိမ့်မယ်။ မြတ်စွာဘုရားကလည်း ‘ဆန္ဒဝတောကိံ နာမ ကမ္မံန သိဇ္ဈတိ = ပြင်းပြသော အလိုဆန္ဒရှိသူအား အဘယ်မည်သော အမှုကိစ္စသည် မပြီးမစီးဘဲ ရှိနိုင်အံ့နည်း။ မုချအမှန် ဧကန်ပြီးစီး အောင်မြင်ရမည်သာတည်း’လို့ ဟောတော်မူခဲ့တာကို စိတ်မှာစွဲနေမိပါတယ်။ တကယ်လို့ အမှုကိစ္စတွေ ပြီးစီးအောင်မြင်မှုမရှိတာဟာ ပြင်းပြသော အလိုဆန္ဒ မရှိလို့သာဖြစ်ကြောင်း လည်း တွေးနေမိပါတယ်။

Most Read

Most Recent