တပါင်းလနွေကာလ။ တောင်သူလယ်သမားတို့ စပါး၊ ကောက်ရိတ်သိမ်းပြီးစ အချိန်။ လယ်တောတစ်ခွင်မှာ စပါးနှံတွေအစား ရိုးပြတ်တွေသာ ရှိနေတော့တယ်။ လယ်ယာ လုပ်ငန်းခွင်သိမ်းပြီးစအချိန်၊ ဥသြငှက်ကလေးတွေက လွမ်းလွမ်းဆွေးဆွေး တေးသီနေကြပြီ။ တပေါင်းသာခေါင်လများနောင်။မြန်မာဆယ့်နှစ်လရာသီမှာ တပေါင်းလ (ထန်းပေါင်းလ) ဟာ ရောင်စုံ ရာသီပန်းမျိုးစုံ ဖူးပွင့်တဲ့လ။ သီးနှံမျိုးစုံ ထွက်ရှိတဲ့လ။ သာယာလှပလွန်းတဲ့ သဘာဝအလှတွေနဲ့ ပြည့်စုံ နေတဲ့လ။ တန်ခူးလ မြန်မာနှစ်သစ်ကူးတော့မယ့် သင်္ကြန်ရောက်တော့မယ့်ကာလ။ရွှေဝါရောင် ပန်းပိတောက်တွေ၊ ငုပန်းတွေလည်း ဝါထိန်နေအောင် ပင်လုံးကျွတ် ဖူးပွင့်နေကြ ပြီ။ အဲဒီလက မြန်မာ့လွတ်လပ်ရေးနေ့အတွက် တော်လှန်းရေးကို ဆင်နွှဲခဲ့တဲ့ကာလပေါ့။
ဗမာ့လွတ်လပ်ရေးအတွက်...တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်....တကယ်ပဲ အသက်နဲ့လဲလို့...ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်....
သူရဲကောင်းတဲ့...ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်...(ငါတို့ဗမာပြည်ဝယ်...မိဘတိုင်းကကွယ်...ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးကြရ မယ်...)
.....သြော်....ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို..... မင်းရဲကျော်စွာ .... ပမာပုံနှယ် ...အလောင်းဘုရားတို့လိုကွယ်....
ဗမာတိုင်း၊ ဗမာမျိုး၊ အားကိုးလောက်
ပေရယ့်.....မကြောက်တမ်း...မရွံ့တမ်း...ဗမာတွေ အောင်ပန်း ဆွတ်ကြရှာလေတယ်...
(ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ်.... မော်ကွန်းလည်း ထိုးလောက်တယ်....မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ ...များဇာနည်နွယ်...လွတ်လပ်ဖို့ ဒို့များကို....ကျွန်တွင်းမှာကယ်...
ဒို့ဗမာတွေစိုးမိုးဖို့...မျှော်ကြရှာလို့ ပေါ်လာတယ်....
မြန်မာနိုင်ငံမှာ သူ့ကျွန်ဘဝက လွတ်မြောက်ရေးအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ခေတ်မီတပ်မတော်ကြီး ထူထောင်နိုင်ဖို့ သခင်အောင်ဆန်း ဦးဆောင်ပြီး တော်လှန်ရေး ရဲဘော်တွေဟာ ဒုက္ခအခက်အခဲအမျိုးမျိုး ရင်ဆိုင်ဖြတ်သန်းရင်း ကြိုးပမ်းခဲ့ကြရတယ်။ ၁၈၂၆ ခုနှစ်က အင်္ဂလိပ်-မြန်မာ ချုပ်ဆိုခဲ့တဲ့ စစ်ပြေငြိမ်းရေး ရန္တပိုစာချုပ်မှသည် ၁၉၄၇ ခုနှစ် အင်္ဂလန်မှာ ချုပ်ဆိုခဲ့တဲ့ (နု-အက်တလီစာချုပ်) နှစ်ခုကြား နှစ်ပေါင်း ၁၂၀ ကျော် နယ်ချဲ့အင်္ဂလိပ်လက်အောက်မှာ မြန်မာနိုင်ငံ သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်။
နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ မျိုးချစ်အာဇာနည် ခေါင်းဆောင်တွေနဲ့ အမည်မသိ အညတရရဲဘော်တွေဟာ စစ်သေနင်္ဂဗျူဟာ မတတ်ကျွမ်းမှု၊ ခေတ်မီလက်နက် မရှိမှုတွေကြောင့် လက်နက်အားကိုးနဲ့ မတရားဖိနှိပ်ချုပ်ချယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ခြိမ်းခြောက် စော်ကားမှုတွေကို မခံချင်စိတ်နဲ့ သတ္တိပြောင်မြောက်စွာ ရဲရဲဝံ့ဝံ့အသက် ခန္ဓာစတေးပြီးပေမယ့် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမဲ့ အောင်ပွဲမဆင်နိုင်ဘဲ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့ရတယ်။ မအောင်မြင်သော တော်လှန်ရေးတွေ ရှိခဲ့ဖူးတယ်။
လွတ်လပ်ရေးရရှိဖို့ လွတ်လပ်ပြီးတဲ့ နိုင်ငံနဲ့လူမျိုးကိုကာကွယ်ဖို့ ခေတ်မီတပ်မတော်ရှိဖို့ လိုအပ်တယ်။ ရှေးဘုရင်တွေခေတ်မှာ ဆင်တပ်၊ မြင်းတပ်တွေနဲ့ ဓားလှံ၊ လေးမြား၊ ဝါးချွန်လောက်သာ ကိုင်တွယ်တိုက်ခိုက်ခဲ့တဲ့ တပ်မတော်တွေရှိခဲ့တယ်။ ခေတ်မီလက်နက်တွေ မရှိခဲ့ဘူး။ ဘုံဘေဘားမား သစ်ကုမ္ပဏီက မြန်မာ့သစ်တောတွေ ခိုးထုတ်တာကို ဖမ်းဆီးခဲ့လို့ အပြစ်ရှာကာ အထက်မြန်မာနိုင်ငံနဲ့တကွ ဘုရင်ကိုပါဖမ်းဆီးခဲ့ပြီး ၁၈၈၅ ခုနှစ်မှာ သူ့ကျွန်ဘဝကို ဗမာတစ်ပြည်လုံး ရောက်ခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ဗမာ့တပ်မတော်ဆိုတာ မရှိခဲ့တော့ပါ။ အင်္ဂလိပ်အုပ်စိုးသူတွေက သူတို့ကိုယ်သူတို့ သခင်လို့ပြောဆိုပြီး မြန်မာတိုင်းရင်းသားတွေကိုတော့ ကျွန်လို့ ခေါ်ဆိုခဲ့ကြတယ်။
သက်ဦးဆံပိုင် ဘုရင်တွေကလည်း ပဒေသရာဇ်လက်ထက်မှာ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ သုံးခဲ့တာပါပဲ။ တော်တဲ့ကျွန်ကို (ကျွန်တော်)၊ တော်တဲ့ ကျွန်မိန်းမကို (ကျွန်မ)လို့ ခေါ်ဝေါ်ခဲ့တယ်။ လွတ်လပ်တဲ့ ဒီကနေ့အထိလည်း မြန်မာစာပေအရေးအသားမှာ သုံးစွဲနေကြတုန်းပါပဲ။ မြန်မာစစ်ဘုရင်တွေကလည်း စစ်အင်အားတွေချဲ့ထွင်ပြီး အိမ်နီးချင်းနိုင်ငံငယ်တွေကို စစ်အင်အားနဲ့ သိမ်းပိုက် ကျွန်ပြုခဲ့ကြဖူးတာပါပဲ။ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်လက်ထက်က တိုင်းသူပြည်သားတွေဟာလည်း ကျွန်ဘဝပါပဲ။ နယ်ချဲ့အင်္ဂလိပ်တွေ လက်အောက် ရောက်ပြန်တော့ သူတစ်ပါးကျွန်၊ သူ့ကျွန်ဘဝကို ရောက်ခဲ့ပြန်ပါတယ်။
ဒါတွေကြောင် သူ့ကျွန်မခံလိုတဲ့သူတွေက ခေတ်အဆက်ဆက် မတရားဖိနှိပ် အုပ်စိုးသူတွေကို အန်တုဖက်ပြိုင် တော်လှန်ခဲ့ကြ တာပေါ့။ ပုံသဏ္ဌာန်မျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ သူ့ကျွန်ဘဝက လွတ်မြောက်အောင် တော်လှန်ခဲ့ကြတာ နှစ်ပေါင်း ၁၂၀ လောက်ကြာခဲ့တယ်။ ရဟန်းရှင်လူ၊ ပြည်သူလူထု ကျောင်းသားတွေက လက်နက်မဲ့ အန်တုရင်း ဆန့်ကျင် တော်လှန်ခဲ့ကြတယ်။
သီပေါဘုရင် ပါတော်မူပြီး အိန္ဒိယနိုင်ငံကို နွားလှည်း၊ မီးသင်္ဘောနဲ့ခေါ်ဆောင်သွား ပြီးနောက်တပ်မှူးဖြစ်တဲ့ မင်းကြီးဗိုလ်လရောင် (ဗိုလ်ချုပ်အောင်ဆန်းအဘိုး)၊ ဝန်းသိုက ရှမ်းစော်ဘွား ဦးအောင်မြတ်၊ ငသရောက်သား ပုဂံဗိုလ်ချိုနဲ့ သူ့သားဗိုလ်မြတ်ထွန်း၊ ချင်းတိုင်းရင်းသား ဦးဝမ္မသူးမောင်၊ ဗိုလ်ဆွန်ပက်စတဲ့ တိုင်းရင်းသားတွေကလည်း ရရာလက်နက် စွဲကိုင်တော်လှန်ခဲ့ကြတယ်။ ပထမ၊ ဒုတိယ၊ တတိယ ကျောင်းသားသပိတ်တွေကလည်း အင်္ဂလိပ်အစိုးရကို ဆန့်ကျင်ခဲ့ကြတယ်။ ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝီဇာရ၊ သုပဏ္ဏက ဂဠုန်ရာဇာဘွဲ့ခံ ဂဠုန်ဆရာစံနဲ့ တောင်သူလယ်သမားတွေက တံစဉ်၊ ကောက်ဆွ၊ ဓား၊ ဝါးချွန်၊ ဒူးလေးတွေနဲ့ အင်္ဂလိပ်စစ်ဘာရီတွေကို အန်တုဖက်ပြိုင် တော်လှန်ခဲ့ကြပါတယ်။ ချောက်၊ ရေနံချောင်း၊ ဘီအိုစီ ရေနံမြေလုပ်သားခေါင်းဆောင် အာဠာဝက သခင်ဖိုးလှကြီးနဲ့ ရေနံမြေလုပ်သားတွေကလည်း ၁၃၀၀ ပြည့်အရေးတော်ပုံကို လက်နက်မပါဘဲ ဆင်နွှဲအန်တုခဲ့ကြတယ်။ မန္တလေးက အာဇာနည် ၁၇ ဦးကလည်း လက်နက်မပါဘဲ တော်လှန်ရင်း ကျဆုံးခဲ့တယ်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်ရမယ်လို့ ကြွေးကြော်ခဲ့တဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဗဟိန်း၊ တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်နဲ့ တက္ကသိုလ် ကျောင်းသားတွေလည်း အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြတယ်။
အင်္ဂလိပ်နယ်ချဲ့ အရာရှိတွေက သူတို့ကိုယ်သူတို့ သခင်လို့ ပြောဆိုသုံးနှုန်းနေတာတွေကို မင်းတို့လည်း သခင်ဆိုရင် ငါတို့လည်း သခင်ပဲဆိုပြီး သခင်ဘသောင်းက သခင်ဘွဲ့ကို စတင်ခံယူခဲ့တယ်။ ကိုအောင်ဆန်းကနေ သခင်အောင်ဆန်း ဖြစ်လာခဲ့တယ်။ သခင်အောင်ဆန်းနဲ့အတူ တက္ကသိုလ်ကျောင်းသားတွေ နိုင်ငံချစ်စိတ် နိုးကြားနေတဲ့ လူငယ်တွေ နဲ့အတူ ဆရာကြီးဦးလွန်းကလည်း သခင်ကိုယ်တော်မှိုင်းအဖြစ် သခင်ဘွဲ့ကိုခံယူခဲ့တယ်။
သခင်လူငယ်တွေဟာ အင်္ဂလိပ်နယ်ချဲ့ကို အန်တုဖက်ပြိုင်ဖို့ ပြည်သူလူထုကို စည်းရုံး လှုံ့ဆော်ကြတယ်။ အဲဒီနိုင်ငံရေး အသိစိတ်ဓာတ်တွေနဲ့ အင်္ဂလိပ်နယ်ချဲ့လက်အောက်က လွတ်မြောက်ရေး၊ လွတ်လပ်ရေးတို့အတွက် စည်းရုံးခဲ့ကြတယ်။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ချင်းပြည်နယ် တောင်တန်းဒေသမှာ ဖြစ်ပျက်နေတဲ့ မတရား အုပ်ချုပ်မှုတွေကို သခင်တင်မောင်(ကျုံမငေး)၊ သခင်အောင်ဆန်းတို့က ဟောပြောတဲ့အခါ ဆက်မဟောဖို့ အင်္ဂလိပ်အရေးပိုင်က အမိန့်ထုတ်တယ်။အဲဒီအမိန့်ကိုအာခံပြီး သခင်အောင်ဆန်းက ဆက်ဟောပြီးချိန်မှာ သူတို့နှစ်ယောက်ကို ဖမ်းဖို့ ထောက်လှမ်းရေး ပုလိပ်တွေ ရောက်လာတော့ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ဗမာလူမျိုးပုလိပ်အရာရှိ ဦးလှတောရဲ့ဇနီး မာရီလှတောက သူ့ကားပေါ်တင်ခေါ်ပြီး ကိုယ်တိုင်မောင်းကာ လွတ်မြောက်အောင် ကယ်တင်ကူညီပေးခဲ့တယ်။
ဟင်္သာတမြို့က ပြန်ရောက်လာတဲ့ သခင် အောင်ဆန်းဟာ ထောင်ထဲမှာ အဖမ်းခံရပြီး ဘာမှလုပ်လို့မ ရနိုင်တဲ့အဖြစ်ကို အရောက်မခံဘဲ လျှို့ဝှက်စွာ ပုန်းလျှိုးနေထိုင်ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြနဲ့ ဒို့ဗမာအစည်းအရုံးအဖွဲ့က စီစဉ်ပေးမှုကြောင့် တရုတ်နိုင်ငံကို သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ ဟိုင်လီအမည်ရှိတဲ့ ပင်လယ်ကူးသင်္ဘောကြီးနဲ့ အမွိုင်မြို့ကို ထွက်ခွာသွားခဲ့ပြီး ၁၉၄၀ပြည့်နှစ်၊ သြဂုတ်၂၄ ရက်မှာ ရောက်ရှိသွားတယ်။ မူလရည်ရွယ်ချက်က တရုတ်နိုင်ငံမှရှိတဲ့ ကွန်မြူနစ်အစိုးရနဲ့ ဆက်သွယ်ပြီး အကူအညီရယူကာ လက်နက်ကိုင် တော်လှန်ဖို့သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်လလောက်ကြာတဲ့အထိ အဆက်အသွယ်မရဘဲ ဒုက္ခရောက်နေခဲ့ကြတယ်။ မြန်မာပြည်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ သခင်မြတို့က မြန်မာပြည်ကို လျှို့ဝှက်ရောက်ရှိလာတဲ့ မီနာမီကီကန်းအဖွဲ့က ကာနယ်ဆူဇူကီး (နောင်-ဗိုလ်မိုးကြိုး)နဲ့ အဆက်အသွယ်ရပြီး အမွိုင်မှာရောက်နေတဲ့ သခင်အောင်ဆန်း (တရုတ်အမည်-တန်လူရှောင်)နဲ့ သခင် လှမြိုင်(တရုတ်အမည်-တန်ဆူတောင်) တို့ကို ဂျပန်ထောက်လှမ်းရေး ကာနယ်ကီ ယိုရှီတာ နာကာက ဓာတ်ပုံနဲ့လိုက်ရှာပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို လေယာဉ်ပျံနဲ့ ပို့လိုက်တာ ၁၉၄၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၂ ရက်မှာ ရောက်သွားခဲ့ပါတယ်။ လေယာဉ်ကွင်းမှာ ဗိုလ်မှူးကြီး ကာနယ်ဆူဇူကီးက လာကြိုပြီး စစ်ရေးဆောင်ရွက်နေတဲ့ မီနာမီကီကန်းအဖွဲ့က ခေါင်းဆောင် များနဲ့ တွေ့ဆုံပေးခဲ့ပြီး အင်္ဂလိပ်ကို တော်လှန်ဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံက အဒေါ့(ဖ်)ဟစ်တလာ၊ အီတလီနိုင်ငံက မူဆိုလီနီ၊ ဂျပန်နိုင်ငံက ဂျင်နရယ်တိုဂျိုတို့ ဟာ ဖက်ဆစ်စစ်ဝါဒီတွေဖြစ်ကြတယ်။
ဂျပန်နိုင်ငံမှာ စစ်ပညာသင်ပြီး လက်နက်၊ ခဲယမ်းတွေ ကူညီပေးမယ့် အစီအစဉ်အရ မြန်မာနိုင်ငံက မျိုးချစ်လူငယ်တွေကို ဂျပန်နိုင်ငံကိုခေါ်ပြီး စစ်ပညာသင်ကြားပေးဖို့အတွက် သခင်အောင်ဆန်းဟာ မြန်မာပြည်ကို ဆွန်တန်မာရူးသင်္ဘောနဲ့ ပြန်လာခဲ့တယ်။ ရန်ကုန်အထိမစီးဘဲ ပုသိမ်ဆိပ်ကမ်းမှာဆင်းပြီး အဲဒီကမှတစ်ဆင့် ရထားနဲ့ ရန်ကုန်မြို့ကို ဘောင်းဘီအဖြူ၊ ကုတ်အင်္ကျီအနက်ခပ် နွမ်းနွမ်း၊ နေကာမျက်မှန်၊ သွားတုတပ်ပြီး ရုပ်ဖျက်ပြီးပြန်လာခဲ့တယ်။ အဲဒါ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပထမဦးဆုံး ဗမာ့တပ်မတော် စတင်ဖွဲ့စည်းဖို့ ဖြစ်လာခဲ့တာပါ။ဂျပန်နိုင်ငံမှာ စစ်ပညာသင်ကြားဖို့ ရဲဘော်သုံးကျိပ်မှ ပထမဦးဆုံးအသုတ်အဖြစ် ဆန်တင်သည့်သင်္ဘောကို သခင်ဘဂျမ်း (ဗိုလ်လရောင်)၊ သခင်လှဖေ (ဗိုလ်လင်္ကျာ)၊ ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)တို့က ရန်ကုန်မြစ် အတွင်း ငှက်သမ္ဗန်ဖြင့် သင်္ဘောဆီကို ရောက် လာကြတယ်။ ဗိုလ်တထောင်ဆိပ်ကမ်းမှ လှော်ခတ်လာတဲ့ ငှက်သမ္ဗန်တစ်စင်း သင်္ဘောဆီကို တရွေ့ရွေ့ရောက်လာပြီး ကူလီ (ကုလားအခေါ် အလုပ်သမား)အသွင်ဖြင့် လူနှစ်ယောက်ဟာ သင်္ဘောကျောက်ဆူးကြိုးကတစ်ဆင့် တွယ်တက်လာပါတယ်။အရင် တက်သွားသူက သင်္ဘောပေါ်ချောချောမောမော တက်နိုင်ခဲ့ပေမယ့် ဒုတိယတက်လာတဲ့ အလုပ်သမားဟာ ကျောက်ကြိုးပေါ်က ချော်ကျမလိုဖြစ်လို့ အရင်ရောက်နေတဲ့သူက ဆွဲတင် ရသေးတယ်။ ပထမ တက်ခဲ့တဲ့သူကတော့ သခင်အေးမောင်(ဗိုလ်မိုး)ဖြစ်ပြီး ဒုတိယ တက်လာပြီး ရေထဲ ချော်ကျမလိုဖြစ်တာကတော့ သခင်အောင်ဆန်း(ဗိုလ်တေဇ)ပါ။ ဗိုလ်ချုပ်ဟာ ရေမကူးတတ်၊ စက်ဘီးမစီးတတ်၊ ကားမမောင်းတတ်ပါ။ ရဲဘော်သုံးကျိပ် ပထမဦးဆုံးအသုတ် ငါးယောက်ဟာ တိုကျိုမြို့ကို ၁၉၄၁ ခုနှစ်၊ မတ် ၂၃ ရက်မှာရောက်ရှိသွားပါတယ်။
ရဲဘော်သုံးကျိပ် ဒုတိယအသုတ်အဖြစ် နယ်မှ ကျောင်းသားခေါင်းဆောင်များနှင့် သခင်လူငယ်တွေကိုရွေးထားပါတယ်။သခင် စောလွင်(ဗိုလ်မင်းခေါင်)၊ သခင်သန်းတင် (ဗိုလ်မြဒင်)၊ ကိုရွှေ(ဗိုလ်ကျော်ဇော)၊ ကိုထွန်း ရွှေ(ဗိုလ်လင်းယုန်)၊ ကိုစိုး(ဗိုလ်မြင့်အောင်)၊ ကိုအောင်သိန်း(ဗိုလ်ရဲထွဋ်- နောင် NLD နာယက)၊ ကိုတင်အေး (ဗိုလ်ဘုန်းမြင့်)တို့ ဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ် ဧပြီ ၁၃ ရက်မှာ မြန်မာပြည်မှထွက်ခွာခဲ့ပြီး ပင်လယ်ပြင်မှာ ၁၅ ရက်ကြာမြင့်ကာ အိုဆာကာမြို့ကို ၁၉၄၁ ခုနှစ်၊ ဧပြီ ၂၈ ရက်တွင်ရောက်ရှိသွားပါတယ်။
ဂျပန်နိုင်ငံကို ရောက်ရှိသွားတဲ့သူများဟာ မူလသတ်မှတ်ထားတဲ့ အရေအတွက် မပြည့်သေးပါ။ တတိယအသုတ်အဖြစ် သွားမည့်သူများမှာ အင်္ဂလိပ်ထောက်လှမ်းရေးတို့က ကျောင်းသားနဲ့သခင်များ နိုင်ငံခြားကို ထွက်ပြေးနေသည်ဟု သတင်းရတာကြောင့် သွားဖို့ ခက်ခဲနေပါတယ်။အဲဒီအခက်အခဲ များကြားကပဲ ကိုလှမောင် (ဗိုလ်ဇေယျ)၊သခင် စံမြ(ဗိုလ်တောက်ထိန်)၊ မောင်ခင်မောင်ဦး(ဗိုလ် တာရာ)တို့ သုံးဦးသာ ထွက်ခွာနိုင်ခဲ့ပါတယ်။
စတုတ္ထအသုတ်အဖြစ် သွားရောက်ရန် အခြေအနေမှာ အတော်ခက်ခဲနေပြန်ပါတယ်။ မူလခေါ်ယူဖို့ စီစဉ်ထားတာက ရဲဘော်ငါးဆယ်ယောက် ဖြစ်ပါတယ်။ အခက်အခဲတွေကြားထဲကပင် ကိုရှုမောင်(ဗိုလ်နေဝင်း)၊ သခင်စံလှိုင် (ဗိုလ်မှူးအောင်)၊ သခင်ထွန်းခင်(ဗိုလ်မြင့်ဆွေ)၊ ကိုလှ(ဗိုလ်မင်းရောင်)၊ ကိုသန်းညွန့်(ဗိုလ်ဇင်ယော်)၊ သခင်ကျော်စိန် ( ဗိုလ်မိုးညို)၊ ကိုမောင်မောင်(ဗိုလ်ဉာဏ)၊ သခင်ငွေ(ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်ထွန်းလွင်(ဗိုလ်ဗလ)၊ သခင်ထွန်းအုပ်တို့ ဖြစ်ကြပါတယ်။ (မှတ်ချက်-သခင်ထွန်းအုပ်မှာ ဗိုလ်ဘွဲ့မခံပါ။ စစ်ပညာမသင်ပဲ အုပ်ချုပ်ရေးပညာကိုသာ သင်ယူခဲ့ပါတယ်)။ ကိုရှု့မောင်(ဗိုလ်နေဝင်း) မှာ မူလရွေးချယ်စဉ်က မပါဝင်ခဲ့ပါ။ သူ့ရဲ့ညီတော်သူရဲ့ဇနီး ကိုယ်ဝန်ရှိနေတာကြောင့် မလိုက်နိုင်ဘဲ လူစားထိုး ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဆရာမှာ သခင်ဗစိန် ဖြစ်ပါတယ်)
တတိယအသုတ် ရောက်ရှိချိန်အထိ အားလုံး ၂၇ ဦးသာ ဂျပန်ကို ရောက်ရှိခဲ့ပါသေးတယ်။ စတုတ္ထအသုတ်အဖြစ် သင်္ဘောဖြင့် သွားရန်မဖြစ်နိုင်တော့တာကြောင့် ကုန်းလမ်းခရီးဖြင့် ယိုးဒယား(ထိုင်း)နိုင်ငံကို သခင်အောင်သန်း(ဗိုလ်စကြာ)နဲ့ သခင်သန်းတင်တို့ ရောက်ရှိသွားပြီး ယိုးဒယားမှတစ်ဆင့် ဂျပန်နိုင်ငံကိုရောက်ရှိသွားပါတယ်။ ဂျပန်သို့ ရောက်ရှိသွားတဲ့အခါ ကိုသန်းတင်မှာ လမ်းခရီးအတွင်း ဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရပြီး ငှက်ဖျားရောဂါဖြင့် ဟိုင်နန်ကျွန်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဂျပန်နိုင်ငံ၊ ဟိုင်နန်ကျွန်းသို့ တော်လှန်ရေးအတွက် စစ်ပညာလေ့ကျင့်သင်ကြားဖို့ ရောက်ရှိခဲ့တာ အားလုံး၂၉ ယောက် ဖြစ်တယ်။ကိုသန်းတင်က ကွယ်လွန်ခဲ့တာကြောင့် ၂၈ ဦးသာ ရှိပါသေးတယ်။ နောက်ထပ် ခေါ်ယူဖို့ အခြေအနေ လုံးဝမရှိတော့ပါ။ သခင်အောင်ဆန်းနဲ့ ကာနယ်ဆူဇူကီးတို့က ဂျပန်မှာ ရက္ကန်းပညာသင်ဖို့ ပညာတော်သင်ရောက်နေတဲ့ မော်လမြိုင်မြို့သား ကိုဆောင်း(ဗိုလ် ထိန်ဝင်း)ကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။
“ရဲဘော်သုံးကျိပ်(သုံးဆယ်)ဟု ခေါ်ဝေါ်နေသော်လည်း အမှန်တကယ်မှာ ၂၉ ယောက်သာ ဖြစ်ပါတယ်။ သခင်ထွန်းအုပ်က ဗိုလ်ဘွဲ့မခံခဲ့ပါ။ စစ်ရေးလေ့ကျင့်ခဲ့ကြတဲ့ ဟိုင်နန်ကျွန်းဟာ ဂျပန်ကနယ်ချဲ့သိမ်းပိုက်ထားတဲ့ တရုတ်နိုင်ငံပိုင်ကျွန်း ဖြစ်ပါတယ်။သမုဒ္ဒရာထဲမှာ ကျွန်းများဝိုင်းပတ်ထားတဲ့ သစ်တောထူထပ်တဲ့ ကျွန်းကြီးတစ်ခုဖြစ်ပြီး အခုအခါမှာ တရုတ်နိုင်ငံမှ ခွဲထွက်ခဲ့ပြီး တိုးတက်နေသော ဖော်မိုဆာ ထိုင်ဝမ်နိုင်ငံ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၊ ဟိုင်နန်ကျွန်းမှာ စစ်ပညာကို ကိုးလကြာ ခက်ခက်ခဲခဲ ပြင်းပြင်းထန်ထန် ပင်ပန်းဆင်းရဲခြင်းကြီးစွာ သင်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်းမှ အင်္ဂလိပ်ကို တော်လှန်ဖို့ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာကြပါတယ်။ ဘန်ကောက်မြို့မှာ ဗိုလ်ချုပ် အောင်ဆန်းက ရာထူးအဆင့်ဆင့်ခန့်အပ်ပြီး ဗိုလ်ဘွဲ့အမည်တွေ ပေးခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်မှာ ဘန်ကောက်မြို့မှ သွားဆရာဝန် ဦးလွန်းဖေရဲ့နေအိမ်မှာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေ သစ္စာဆိုပြီး လက်မောင်းသွေးကို ဆေးထိုးအပ်ဖြင့် စုပ်ကာ ဖလားထဲထည့်ပြီး သွေးသောက်သစ္စာခံပွဲ ကျင်းပခဲ့ပါတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဘန်ကောက်မြို့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် ဌာနချုပ်အဖြစ် စစ်သေနာပတိချုပ်မှာ ကာနယ်ဆူဇူကီး(ဗိုလ်မိုးကြိုး)၊ ဒုတိယစစ်သေနာပတိ မေဂျာဂျင်နရယ်ဗိုလ်တေဇ (သခင်အောင်ဆန်း)တို့ဦးစီးပြီး မော်လမြိုင်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ မြိတ်စစ်ကြောင်း၊ ရေကြောင်းချီတပ်ဖွဲ့၊ ပြည်တွင်းသူပုန်တပ်ဖွဲ့၊ ပြန်ကြားရေးဌာနတို့ဖွဲ့စည်းပြီး မြန်မာပြည်တွင်းကို ဝင်ရောက်ခဲ့ကြပါတယ်။ အင်္ဂလိပ်အစိုးရနဲ့ ဆာပေါ်ထွန်း စစ်ပြေးအစိုးရဟာ မြေလှန်စနစ်ကျင့်သုံးပြီး အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ကို ဆုတ်ခွာထွက်ပြေးခဲ့ကြရတယ်။
၁၉၄၂ခုနှစ်၊ ဇန်နဝါရီလတွင် ဘီအိုင်အေတပ်မတော်နဲ့ ဂျပန်တပ်မတော်တို့ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဂျပန်တပ်မတော် မြန်မာပြည်ကို ဝင်ရောက်ခဲ့စဉ်က မော်လမြိုင်မြို့ကိုသိမ်းပြီးရင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ၁၉၄၃ခုနှစ်၊ သြဂုတ် ၁ ရက်မှာ ဂျပန်အစိုးရက အခမ်းအနားကျင်းပပြီး လွတ်လပ်ရေးပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလွတ်လပ်ရေးဟာ ရွှေရည်စိမ်လွတ်လပ်ရေး၊ အတုအယောင် လွတ်လပ်ရေး၊ လွတ်လပ်ရေးအစစ် အမှန် မဟုတ်ဘူးလို့ မြန်မာပြည်သူတွေက ယူဆခဲ့ကြတယ်။ ဂျပန်စစ်တပ်များ မြန်မာ ပြည်ကိုရောက်လာပြီး သုံးနှစ်ကြာတဲ့အခါ သူတို့ရဲ့စိတ်ထားအမှန်ကို သိလာရတယ်။ဗမာတိုင်းရင်းသားတွေကို စော်ကားမော်ကား လုပ်၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေ လုပ်လာတာကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “အောင်ဆန်း မင်းပင့်လာတဲ့ဘုရားတွေ ကြည့်လုပ်ဦး”လို့ ပြောခဲ့ဖူးတယ်။
နယ်ချဲ့ကို တော်လှန်ခဲ့ပြီးနောက် ဖက်ဆစ်စနစ်ကိုကြုံလာပြန်တော့ ဂျပန်ကိုတော်လှန်ဖို့ လျှို့ဝှက်စွာ စီစဉ်ခဲ့ကြပြန်ပါတယ်။အဲဒီအကြောင်းကို ဆရာဖြစ်သူ ဗိုလ်မိုးကြိုးက ကြိုတင်သိခဲ့ပါတယ်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဗမော်ကလည်း သိခဲ့တယ်။တော်လှန်ရေးအတွက် သူတို့ဟာ သစ္စာရှိခဲ့ကြတယ်။ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက်ဘက် (တော်လှန်ရေးပန်းခြံ)မှာ ၁၉၄၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း စစ်ထွက်မိန့်ခွန်းပြောပြီး အနီးကပ်ဆုံးရန်သူ (ဂျပန်)ကိုတိုက်ဖို့ စတင်ပါတော့တယ်။မန္တလေးမှာရှိတဲ့ အထက်ဗမာပြည် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးဗထူးနဲ့ ကြိုတင်တိုင်ပင်ထားတဲ့အတိုင်း ဖက်ဆစ်တော်လှန်ရေးကို မဟာမိတ်များ အကူအညီဖြင့် ၁၉၄၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ဗမာတစ်ပြည်လုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် သက်ကြီးရွယ်အို ကျားမ မရွေး လူမျိုးဘာသာမရွေး တိုင်းရင်းသား ပြည်သူလူထုကြီးကပါ ဗမာ့လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန်ကို ပြန်လည် တွန်းလှန် တိုက်ခိုက်ခဲ့တဲ့ သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးနေ့။ တော်လှန်ရေးနေ့မှသည် တပ်မတော်နေ့ ဖြစ်လာပါတော့တယ်။
မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရ)လက်ထက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက ကာနယ်ဆူဇူကီး၏ ဇနီးနှင့် မဟာမိတ်တပ်က စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်၏ ဇနီးတို့ကို အောင်ဆန်းတံခွန်ဘွဲ့ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
တို့ဗမာတွေ ရဲစွမ်းပြမည်...အာဇာနည်ပီပီ ...တို့ရဲဘော်များ အားလုံးညီညီ...သက်စွန့်ကာ
တိုက်မည်...မျိုးရိုးနဲ့ ရာဇဝင်မော်ကွန်းတည်
...သူရဲကောင်းများထွန်းကားသည်...မင်းရဲကျော်စွာ..တပင်ရွှေထီးပုံညီ...
ဘုရင့်နောင်ပါ...
အလောင်းဘုရားတို့သည်...
ဗမာသွေးမွေးခဲ့သည်...ရဲဇာနည် အောင်တပ်မတော်ချီ...ဇွဲနဲ့တို့များ တိုက်ခိုက်မည်..........
ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့ ခေတ်မီတပ်မတော်ကြီးဟာ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်ပါတယ်။










