စာ၊ ကဗျာ၊ သီချင်း ကျွဲပါးစောင်းတီးခြင်း

စာ၊ ကဗျာ၊ သီချင်း ကျွဲပါးစောင်းတီးခြင်း
Published 26 March 2016
ရဲထွတ်နီ

‘(ယိုယီးလေ့×××လှော်ကြလှော်ကြ××လောင်းယာဉ်သာ လှေငယ်_ရွှေစွန်တောင်×တက်ရေးဟန်က××ရေပေါ်မှာ ဝဲကာနွှဲကြတယ်။ အဏ္ဏဝါ လှိုင်းခုံဗွေဝယ်××ကူးကာမြူး ကာ××လူးလာပြိုင်လို့ရယ်)၂
(လေရူးသုန်သုန်××နှင်းဖုန်ဖုန်×ငွေယမုန်စီး×ရေညှိလယ်)၂
ငါးတန်တွေ သောင်ခြေဦးမှာ___
မြူးထူးသော××နွေ××လဝယ်××’
 
အပူရှိန် ပြင်းလှသည့် ရာသီကို ဖြတ်သန်းနေကြရသည်တွင် ချစ်စရာ တေးဂီတ သံစဉ်တို့နှင့်သာ နေချင်မိတော့သည်။
 
ဂီတနက်သန် ကိုစောညိန်းရေးစပ်ပြီး သူကိုယ်တိုင်လည်း ဆိုခဲ့သည့်သီချင်း....။ အဆိုတော်ကြီး အန်တီဒေါ်မြင့်မြင့်ရှိန်လည်း သီဆိုခဲ့ပါသည်။ ‘မြနဒီ’။
 
သီချင်းတစ်ပုဒ်လုံး၏ စာသားများ ဂုဏ်အလင်္ကာ မြောက်နေပါသည်။ တူရိယာများ တွဲဖက်တီးခတ်မှုဖြင့် နားထောင်လိုက်ရပါလျှင် ကိုယ်နွမ်းစိတ်ပန်းလေသမျှ ပြေပျောက်သွားအောင် ခံစားကြည်နူးရပါလိမ့်မည်။ သီချင်းသည် နွေလဖွဲ့ ဖြစ်ပါသည်။
 
ကွေ့ဝိုက်ခွေကာ သွယ်ဆင်းနေသည့် နဒီမြစ်ပြင်ဝယ် ဆေးရောင်စုံ ခြယ်ထားသည့်နှယ် ဖြစ်သည်။ မှိန်စပြု ဆည်းဆာချိန်ရောက်ပြန်တော့ ရွှေမှုန်ကြဲသလို ရှိပြန်သည်။ စင်ရော်ငှက်မောင်နှံက အတူတူ တွဲဝဲကာပျံကာ။ ဒီရေဆိုင်က ငွေရောင်သောင်ဦးတွင် ရေစွယ်လှိုင်းများ ထလို့သာ ရှိစေသည်။
 
‘ယိုယီးလေ့’
 
ရွှေစွန်တောင်တက်ရေးဟန်မှာ တညီတည်း ယီးတိုက်အော်လိုက်သံနှင့်အတူ လောင်းလှေကလေး မြစ်ပြင်ကျယ်ပေါ်မှာ ပြေးနေလေသည်။
 
နေမင်းက အနောက်ဂေါယာကျွန်းဆီ ယွန်းပြီဆိုတော့ မကြာမီ စန်းယုန်ပွင့်သာပါတော့မည်။ မြစ်ပြင်ထက် လှိုင်းရေကလေးများက ပြိုးပြိုးပြက်ပြက်။ တောင်လေကညင်းညင်း။ ပိုက်ကြီးကို တံငါလည်း လှေကိုရေလျဉ်မှာမျှောကာ ပြန်လာလေပြီ။
 
‘မိုးယံမြင့်မှာတဲ့××စန်းယုန်ပွင့်သာလျက်ကယ် 
လင်းရောင်တွေ××လှိုင်းလှိုင်းရေထက်ဝယ်
ရွှေရည်လက်ကာသာရယ်××ပြိုးပြိုးပြက်ပြက်××
ယှက်ကွေးလိမ်ခွေနွယ်×× မြူမှုန်ငွေနှင်း××
သုန်သုန်ယူသွင်း××တောင်လေညင်း လှတယ်××
လှေယာဉ်စီး×ပိုက်ကြီး ကိုတံငါးတွေရယ်××
မျှောမျောကြတယ်×× (ယိုယီးလေ့လှော်ကြ×××နွေလဝယ်)
 
ဤသီချင်းကိုပင် အကယ်ဒမီ ဂီတလုလင် ဆရာဦးကိုကို ဦးစီးကြီးမှူး တင်ဆက်ခဲ့သည့် ‘ဂီတနန္ဒဝန်’ တွင် အဆိုတော် မနှင်းရည်သန့်က စန္ဒရားအကျော် ကိုတင်ဝင်းလှိုင်၏ လက်စွမ်းပြ အတီးနှင့် နားထောင်ရတော့လည်း ခံစားနှစ်သက်ခဲ့ရပါသည်။
 
စာဆိုသည် ရာသီကိုဖွဲ့သည်။ သဘာဝကိုဖွဲ့သည်။ ဒီရာသီ ဒီသဘာဝမှာ သည်ရေမြေမှာ မွေးဖွားရုန်းကန် ရှင်သန်ရသူလူတို့ကို စရိုက်အလှအနေဖြင့် ဖွဲ့သည်။ လူ့နှလုံးသား စာနာမှုဖြင့် ကြည့်သည်။ မေတ္တာမျက်စိဖြင့် ရှုမြင်ပြီး လူရယ် ရေမြေရယ် ရာသီသဘာဝအလှ သက်ရှိတို့၏ အလှကို သူ့ရင်တွင်း နှလုံးသားမှ တေးကဗျာ သီချင်းတစ်ပုဒ်ကို မွေးထုတ်လိုက်ခြင်း ဖြစ်ပါသည်။ ဂီတစာဆိုသည် သူ့ကိုယ်ကျိုး မျှော်လင့်မျှော်ကိုးမှု ရှိခဲ့ပါသလား မေးချင်ပါသည်။
ဒီလို သီချင်းမျိုးကို နားထောင်ခံစားမိသူတိုင်း ဂီတစာဆို၏ နှလုံးသား ရင်ဘတ်နှင့် တူယှဉ်ကာ ကိုယ့်ရေမြေ သဘာဝအလှနှင့် လူသားအလှတို့ကို အတူတူ ချစ်မြတ်နိုးမိကြလိမ့်မည်ဟု ထင်ပါသည်။ သို့ဖြစ်၍ပင် ရာသီသစ်ဆန်း ဖောက်လွှဲဖောက်ပြန် အပူရှိန် ဒဏ်ခံကြရချိန်တွင် ချစ်စရာတေးသီချင်း ဂီတသံစဉ်တို့နှင့်သာ နေစေချင်သည့်ဆန္ဒ ဖြစ်မိခြင်းဖြစ်ပါသည်။
 
တကယ်ဆိုပါမူ ကဗျာတေးတို့ကို စကားပြေပြန်ဆိုကောင်းသည်ဟု မခံယူမိပေ။ စာသားတစ်ပိုဒ် နှစ်ပိုဒ်စဖြင့် စာဖတ်သူတို့အားတို့ထိကာ စေတနာနှိုး- ခံစားမှု နှိုးဆွကြည့်မိခြင်းသာ ဖြစ်ပါသည်။
 
စာဆိုတို့သည် သူတို့၏ အနုပညာကို လွတ်လပ်စွာ ဖန်တီးဖော်ထုတ်ကြသည်။ ခံစားသူတို့ကိုလည်း လွတ်လပ်စွာ ခံစားကြသည်ကိုလည်း ရှုလျက်သာနေကြသည်ဟု မြင်ပါသည်။ “ကျွဲပါးစောင်းတီး” မဖြစ်ဖို့ကတော့ စောင်းတီးခတ်နေသူ့အပါး သွားရောက်သူ၏ ကိစ္စဖြစ်ပါသည်။
 
‘မြနဒီ’ သည် မြစ်ကြီးဧရာဝတီ ဖြစ်လိမ့်မည်။ မြစ်ကြီးဧရာဝတီတွင် သည်လိုသည်နှယ် ရှုမြင်ကွင်းများ ကွယ်ပျောက်မှာကို ကိုယ့်ရေမြေ သဘာ၀ တန်ဖိုးထား ချစ်သူများက စိုးကြောက်လျက်ရှိကြသည်။ ရော...ကိုယ့်ဆွေမျိုး ပေါက်ဖော်ဆိုသူတွေကတော့ ဧရာမြစ်ဆုံကို ဘယ်လိုကယ်ပေါက်ကနေ ဘယ်လိုပြန်ဆွဲ နှိုက်ထုတ်ရပါ့မလဲဟု တကဲကဲ ဖြစ်နေပုံကလည်း ဣန္ဒြေမရရှိ လွန်းလှသည်။ ဂနာမငြိမ် ဖြစ်လှသည်။ အဆင်းရဲဆုံးနိုင်ငံ ပျော်ရွှင်မှု နည်းပါးလှသည့် အိမ်နီးချင်းနိုင်ငံ ပြည်သူတို့ကို သူတို့စာနာသင့်ကောင်းလှသည်။
 
ယဉ်ဧရာဖြူဖြူဖွေးရယ်က
တောင်ဘေးမှာ ခွေကာလှည့်တော့
ခရီးသည် ဟိုအကွေ့ကိုဖြင့်
ကျော်၍သာ မမြင်ရသော်လဲ့
မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့...
(ဇော်ဂျီ)
 
မြန်မာပြည်သားတို့မှာ ဧရာဝတီဆိုလျှင် အကွေ့မို့ကွယ်နေတာ မမြင်ရနိုင်ငြား အထင်ဖြင့်သာ အလှကို မြင်နေတတ်ကြကြောင်း စာဆိုကြီး ဇော်ဂျီကလည်း ဖွဲ့ခဲ့သည်။ 
 
ဆရာတိုက်စိုးကလည်း ‘ဧရာဝတီ’ ဆို ပြီး စာတစ်အုပ်ရေးခဲ့သည်။ ဒုတိယအကြိမ် ထုတ်ကိုမှ ဖတ်ဖူးခဲ့ရသည်။ သူငယ်ချင်းဖြစ်သူက ဂျာမန်အထ္ထုပ္ပတ္တိရေး ဆရာ Emil Ludwig၊ အင်္ဂလိပ် သတင်းစာဆရာ Alan Morr-head တို့က ‘နိုင်း’ မြစ်အကြောင်း ရေးသားသလို ဧရာဝတီအကြောင်း ရေးပါလားဟု တိုက်တွန်းသဖြင့် ရေးဖြစ်ခဲ့ကြောင်း ဆိုပါသည်။ ဧရာဝတီရှုခင်း၊ ဧရာဝတီမြစ်ဝှမ်း၊ လူ့ဖြစ်စဉ်နှင့် ဧရာဝတီမြစ် အကောင်းအဆိုးဟု အပိုင်းသုံးပိုင်း ရေးခဲ့သည်။ ပထမအကြိမ်မှာ ၁၉၈၀ တွင် ထုတ်၍၊ နှစ်နှစ်ဆယ်ကျော်အကြာ ၂၀၀၃ ခုနှစ်တွင်တော့ ‘ဧရာဝတီမြစ်နှင့် မြန်မာတို့၏ ယဉ်ကျေးမှု ဆက်စပ်ပုံကို ပြန်လည်သဘောပေါက်စေရန် ထုတ်ဝေရခြင်း’ ဟု ဆရာကြီး တိုက်စိုးက ၉-၁-၂၀၀၃ ရက်စွဲဖြင့် စာအုပ် ဒုတိယနှိပ် နိဒါန်းတွင် ဖော်ပြခဲ့ပါသည်။
 
စာအုပ်မှာ တကယ်ထွက်ရှိတော့ ၂၀၀၃ ဒီဇင်ဘာတွင်ဖြစ်ပြီး ‘သုတေသီပညာရှင်၊ စာကြည့်တိုက်ပညာရှင်၊ စာသမားတိုက်စိုး’ ဟူ ၍ ခေတ်ပြိုင် ပညာရှင်များ၏ ဘွဲ့အမည် ကင်ပွန်းတပ်ခံခဲ့ရသည့် ဆရာကြီးသည် ၂၀၀၃ ခုနှစ် မေလ ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။
 
စာအုပ်၏ မာတိကာ ခေါင်းစဉ်များ တင်ပြချင်ပါသေးသည်။
 
အပိုင်းတစ်တွင်- ဧရာဝတီအစ၊ ပထမမြစ်ကျဉ်းသို့၊ ဗန်းမော်မှ ကသာအထိ၊ ကသာမှ မင်းကွန်းအထိ၊ မန္တလေး၊ စစ်ကိုင်းအလွန်၊ ပုဂံ့ကျက်သရေ၊ ရေနံမြေမှ ပြည်သို့၊ မြစ်ဝကျွန်းပေါ်ဟူ၍ အခန်းများ ပါဝင်ပြီး၊ အပိုင်းနှစ်တွင် -သမိုင်းအစ၊ အာရိယန်ယဉ်ကျေးမှု၊ ပျူ၊ အရိမဒ္ဒနပုဂံပြည်၊ အဝတောင်ငူ ပဲခူး၊ ကုန်းဘောင်ခေတ်ဦး၊ မြန်မာနှင့် အင်္ဂလိပ်တို့၏ ပဋိပက္ခ၊ မြန်မာနှစ်နိုင်ငံ၊ အောက်ပြည်ကိုစုန်၊ လွတ်လပ်ရေးသို့ဟူသော အခန်းများ ပါဝင်သည်။ အပိုင်းသုံးမှာတော့ ဧရာဝတီ၏ စွမ်းအားဟူသော တစ်ခန်းတည်းသာ ပါရှိသည်။
 
အခန်း ၁။ ‘ဧရာဝတီအစ’ မှ ကချင်ရိုးရာပုံပြင်မှာ - ပထမမူလ၌ စကြဝဠာသည် လဟာပြင်သာ ဖြစ်ခဲ့သည်။ အဖိုဓာတ်နှင့် အမဓာတ်ပေါ်ပေါက်၍ ပေါင်းစပ်ရောနှောမိပြီးနောက် အင်ဂေါင်ဝမဂမ် နတ်မင်းကြီး ဖြစ်ပေါ်လာသည်။ ထိုနတ်မင်းကြီးမှ နတ်ညီနောင်သုံးပါး ပေါက်ဖွားလာခဲ့ပြီး၊ ထိုညီနောင်တို့က မိုးကောင်းကင်၊ နေလနက္ခတ်၊ အဏ္ဏဝါရေပြင်၊ ပထဝီမြေကြီး၊ သစ်ပင်ဝါးပင်ပန်းမန်၊ လူနှင့်အခြား သတ္တဝါတို့ကို ဖန်ဆင်းခဲ့ပြန်လေသည်။ ကာလအတန်ကြာသည့်အခါ အင်ဂေါင်ဝမဂမ် နတ်မင်းကြီးက ညာလက်တွင် ရွှေခွက်၊ ဘယ်လက်တွင် ငွေခွက်တို့ကိုကိုင်ကာ မဟာအဏ္ဏဝါအတွင်းမှ ရေတစ်ခွက်စီ ခပ်ယူပြီး မြောက်ဘက်ရှိ တောင်ထိပ်များပေါ် လောင်းချလိုက်သည့်အခါ ညာဘက်မှ ရေများသည် ‘မေခမြစ်’၊ ဘယ်ဘက်မှ ရေများသည် မလိခမြစ်များ ဖြစ်လာခဲ့ကြသည်။ အစဉ်အတိုင်း စီးဆင်းခဲ့ကြပြီး ချင်ခရန်ဂါ ဒေသအနီးတွင် ပေါင်းဆုံမိသော် ‘ဧရာဝတီ’ ဖြစ်လာကြောင်း ဆိုလေသည်။ နတ်မင်းကြီး ရေခပ်ပြန်လျက် အကြိမ်ကြိမ် လောင်းပြန်တော့ ကမ္ဘာမြေအပြင်တွင် မြစ်ကြီးမြစ်ငယ်များ အင်းကြီးအိုင်ငယ်များ ဖြစ်လာခဲ့ကြသည်။
 
ထို့ကြောင့် ဧရာဝတီကား ကမ္ဘာလောက၏ အစအဦးဆုံး ဖြစ်ပေတည်းဟု ဆိုပါသည်။ မြစ်အတွင်းမှာ ရွှေမှုန်များ ရှိသည်။ ငါးအမျိုးမျိုး ရနိုင်သည်။ စီးဆင်းဒေသ တစ်လျှောက် သစ်ပင်ဝါးပင်နှင့် ကောက်ပဲသီးနှံတို့ ဖွံ့ဖြိုးပွားများရသည်။
 
ဤသို့ဆိုသည့်အခါ မြန်မာပြည်သူ ပြည်သားတို့သည် ဧရာဝတီကို တန်ဖိုးထားမြတ်နိုးသည်မှာ အထူးဆိုဖွယ် ရှိပါဦးမည်လား။ ကချင်တိုင်းရင်းသားတို့အဖို့ ဆိုပါလျှင် အထူးအလွန်ပင် တန်ဖိုးထား မြတ်နိုးကြပေတော့မည်။
 
ဆရာတိုက်စိုး၏ စာအုပ်၊ စာမျက်နှာ ၂၁၁ တွင် ဆရာဖတ်ရှုခဲ့သော မြန်မာ-အင်္ဂလိပ် စာအုပ်စာတမ်းကျမ်းပေါင်း ၁၈၂ ခုတို့ ၏ စာရင်း ‘မှတ်စု’ လည်း ဖော်ပြထားပါသည်။
 
အခုနေအခါများ ဆရာသာ အသက်ထင်ရှား ရှိခဲ့ပါလျှင် မည်သို့များ ခံစားနေမိမလဲဟု ကျွန်တော်တွေးမိသည်။ ဆင်ကန်းတောတိုး ပေးသူကပေးသည်။ လောဘဇောကဲသူတို့က တကဲကဲဖြင့် လက်ရဲဇက်ရဲ လုပ်ကြပုံများသည် ဧရာဝတီ စာစုကို ပြုစုခဲ့သူ ဆရာ့ ရင်ထိခိုက်ပေလိမ့်မည်။ ဆရာက နောက်ဆုံးအပိုင်း၌ ဆရာကြီးဇေယျက ဧရာဝတီနှင့်စပ်၍ အောက်ပါအတိုင်း ရေးသားခဲ့ဖူးသေးကြောင်း ဖော်ပြခဲ့ပါသေးသည်မှာ-
 
‘ဧရာဝတီ မြစ်ကြီးမူကား မြောက်မှ တောင်ဘက်တည့်တည့် မြန်မာနိုင်ငံဗဟိုကျောမ ညီညွတ်သော မြေပြင်ကိုဖြတ်၍ စီးသဖြင့် အစမှအဆုံး လှေသင်္ဘောများ လာနိုင်သဖြင့် လူတို့အတွက် အကျိုးကျေးဇူးများစွာ ပြုပေသည်။
 
ထိုမြစ်ကြီးတစ်လျှောက် တကောင်း သရေခေတ္တရာ၊ ပုဂံမြင်စိုင်း၊ စစ်ကိုင်းအင်း၀ စသော မြန်မာ့သမိုင်းကြီးများ ပေါ်ထွန်းလျက် မြန်မာ့ယဉ်ကျေးမှုကြီး ထွန်းကားခဲ့သည်။ အကယ်၍ ဧရာဝတီမြစ်ကြီးသာ မရှိပါမူကား မြန်မာလူမျိုး၊ မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုများ ဖြစ်ပေါ်ပြန့်ကားနိုင်မည် မဟုတ်ချေ။ စင်စစ်ဆိုသော် မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ဧရာဝတီသမိုင်း၊ ဧရာဝတီ ယဉ်ကျေးမှုပင် ဖြစ်ပေသည်။’
 
ပူရှိန်ပြင်းသော ရာသီဒဏ်အောက်တွင် သီချင်းတစ်ပုဒ်ကိုလည်း နားထောင် ရွတ်ဆိုခံစားမိသည်။ စာတစ်အုပ်ကိုလည်း ဖတ်မိပြန်သည်။ ဤအပြုအမူသည် ကျွန်တော် တွေးမိခံစားချက်သည် ဆင်ကန်းတောတိုး ပေးသူတို့နှင့် လောဘဇောကဲ သူတို့အတွက် ကျွန်တော်နှင့် ထပ်တူ ခံစားမိနိုင်သော စာရှုသူတို့မှာ ကျွဲများအပါး စောင်းတီးသလို ဖြစ်လျှင်လည်း ဖြစ်စေတော့ဟု မှတ်ယူနေပါသည်။

Most Read

Most Recent