ငွေကြေးဈေးကွက်တွေမှာ Applied Portifolio Management နဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရာတွင် လိုက်နာကြမယ့် နည်းဥပဒေ (၁၆) ချက်နှင့် ပတ်သက်ပြီးတော့ ရှင်းပြခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှာ Risks လို့ ခေါ်တဲ့ နစ်နာမှု၊ စွန့်စားရမှုတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
လူတွေမှာ အနစ်နာခံတတ် စွန့်စားတတ်သူတွေက ကိုယ်ကျိုးရှာမှု မရှိစေဘဲ မိမိက အများအတွက် အနစ်နာခံ လုပ်ဆောင်တတ်သူတွေ ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီက မိမိတို့ကိုယ်ကို မိမိပြန်လည် စဉ်းစားကြည့်စေလို တယ်။ မိမိမှာအများအတွက် အနစ်နာခံတတ် စွန့်စားလိုတဲ့ စိတ်ဓာတ်ရှိသလား ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်တတ်သူ ဖြစ်သလားဆိုတာကိုပေါ့။
ကိုယ်ကျိုးမရှာဘဲ အများအတွက်အနစ် နာခံဆောင်ရွက်သူတွေကို လူအများက ကြည်ညိုလေးစားတဲ့ စိတ်တွေရှိလာကြတာ ဖြစ်တယ်။ ငွေကြေးဈေးကွက် ရင်းနှီးမြှုပ်နှံရာမှာ ငွေကြေးဈေးကွက်သဘောတရား တွေကို တတ်သိနားလည်မှုမရှိဘဲ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မိရင်တော့ စွန့်စားရမှုတွေ များလာနိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးဈေးကွက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ စွန့်စားရမှုတွေကို ဘယ်လိုစီမံခန့်ခွဲကြ မလဲဆိုတာ Risk Management သဘောတရားတွေနဲ့ ဆုံးရှုံးတော့မယ်ဆိုတာ သိတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းလိုက်ရမယ်ဆိုတာ ဖြစ်တယ်။ အလုပ်တစ်ခုကို အကျိုးမရှိမှန်း သိတာနဲ့တစ်ပြိုင်နက် အဲဒီအလုပ်ကို မလုပ်ဘဲ ရပ်တန့်လိုက်တာမျိုးဖြစ်တယ်။
Risk Management ရဲ့ အခြေခံအကျဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာ အခြေခံကျဆုံးအချက်က ပိုင်ဆိုင်ပစ္စည်းတွေကို ပိုင်ဆိုင်ခွင့်ကို ကာကွယ်ဖို့ မှန်ကန်တဲ့ဆုံးဖြစ်ချက်တွေ ပြုလုပ်နိုင်ပြီး ကုမ္ပဏီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တွေအတိုင်း ဖြစ်မြောက်လာစေဖို့ ဆုံးရှုံးမှုတွေ မဖြစ်အောင်နဲ့ အနည်းဆုံးဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။ ကုန်သွယ်မှု လုပ်ငန်းတွေမှာ Assets က ပိုင်ဆိုင် ပစ္စည်းတွေအားလုံးကို သတ်မှတ်ခေါ်ဝေါ်တာဖြစ်ပြီး အဲဒီမှာ အရင်းအနှီးကတော့ ငွေကြေးဖြစ်တာမို့ အဲဒီငွေကြေးပိုင်ဆိုင်မှုက ကုန်သွယ်မှုလက်မှတ်အဖြစ် သတ်မှတ်ထားကြပါတယ်။ ငွေကြေးတွေမပါဝင်ဘဲ ကုန်သွယ်မှုလုပ်ငန်းတွေ မဆောင်ရွက်နိုင်တာဖြစ်လို့ ငွေကြေးဈေးကွက်မှာ နစ်နာဆုံးရှုံးမှုတွေ မဖြစ်စေနိုင်ဖို့မှာ Risk Management လို့ ခေါ်တဲ့ စွန့်စားရမှုတွေကို စနစ်တကျစီမံခန့်ခွဲနိုင်မှုက Applied Portfolio Management ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။
■ (၁) လုပ်ငန်းဆိုင်ရာ စွန့်စားရမှုများ (Industrial Risks)
ထုတ်ကုန်ပစ္စည်းတွေမှာဖြစ်စေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေမှာဖြစ်စေ၊ တစ်ဦးတည်းက အပြိုင်အဆိုင်မရှိဘဲ ဈေးကွက်ကို ဦးဆောင်မှု Market Leadership ရရှိရင် စွန့်စားရမှု မရှိနိုင်ပေမယ့် အပြိုင်အဆိုင်များပြားလာ တာနဲ့အမျှ ဈေးကွက်ဝေစု Market Share လျော့နည်းကျဆင်းလာပြီး ပြိုင်ဆိုင်မှု များပြားလာမှုတွေကနေ မိမိရဲ့လုပ်ငန်းမှာ စွန့်စားရမှု ပိုမိုကြီးထွားလာစေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဈေးကွက်သဘောတရားကို နားမလည်ရင် ပိုမိုစွန့်စားမှု များလာစေပါတယ်။ Competitive Advantages လို့ခေါ်တဲ့ ပြိုင်ဆိုင်အကျိုး ဖြစ်ထွန်းစေမှုကို Fringe Benefit လို့ခေါ်တဲ့ နှာတစ်ဖျားအသာနဲ့ လုပ်ဆောင်တတ်မယ်ဆိုရင်တော့ စွန့်စားရမှုက လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။
■ (၂) နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာနှင့် တရားရေးဆိုင်ရာစွန့်စားရမှုများ (Poltical,Legislative and Juridical Risks)
ငွေကြေးဆိုင်ရာ စွန့်စားရမှု မရှိနိုင်စေဖို့က နိုင်ငံတွေမှာ နိုင်ငံရေးတည်ငြိမ်မှုတွေ ရှိဖို့လိုအပ်သလို မိမိနိုင်ငံသားတွေကို အကျိုးဖြစ်ထွန်းနိုင်စေမယ့် ဥပဒေပြုရေးနှင့် ဥပဒေ လွှမ်းမိုးရေး လိုအပ်သလို မှန်ကန်တဲ့တရားရေးဆိုင်ရာ လုပ်ဆောင်မှုတွေရှိဖို့လိုတယ်။ ဒါကို အရှင်းဆုံးရေးပြရရင် နိုင်ငံအတွင်းမှာ ပြည်တွင်းစစ်တွေမရှိဘဲ Rule of Law လို့ခေါ်တဲ့ ဥပဒေရဲ့ အဆုံးအဖြတ်ကို လူတိုင်းက လေးစားလိုက်နာကြရမယ်ဆိုတာဖြစ်တယ်။ ဥပဒေအထက်မှာ မည်သူမျှ မရှိစေရဆိုတဲ့ သဘော ဖြစ်ပါတယ်။
နိုင်ငံမှာနိုင်ငံရေးအရ တည်ငြိမ်မှုမရှိရင် ကျန်တဲ့အစိတ်အပိုင်းတွေကို ရုပ်လုံးဖော်ရာမှာ အားနည်းသွားစေတော့တာ ဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကလည်း တစ်ဆက်တည်း ပေါ်ပေါက်လာတာဖြစ်လို့ Rule of Law က ငွေကြေးဈေးကွက်စွန့်စားရမှုမှာ အရေးကြီး လာစေပါတယ်။
■(၃) လူမှုရေးဆိုင်ရာ စွန့်စားရမှုများ (Social Risks)
ဒီကနေ့ ၂၁ ရာစုမှာ လူမှုရေး Social ကလည်း အရင်းအနှီးအနေနဲ့ Social Capital ဖြစ်လာနေတယ်။ လုပ်ငန်းတွေအနေနဲ့ လူမှုရေးကွန်ရက်မှာ မိမိနိုင်ငံပုံရိပ်မကောင်းတဲ့ အချိန်ကစတင်ပြီး ဘက်ပေါင်းစုံမှာ အားနည်းသွားစေတော့တာ ဖြစ်တယ်။ ဒါကြောင့် တိုးတက်ပြောင်းလဲလာနေတဲ့ ဒီကမ္ဘာကြီးအတွင်းမှာ Corporate Social Responsibility (CSR) ကအရေးပါလာတာကို သတိပြုမိကြမှာဖြစ်တယ်။ အတိတ်ကကောင်းတာလုပ်ခဲ့ရင် မျက်မှောက်ကာလမှာ ပုံရိပ်ကောင်းမယ်။ မျက်မှောက်ပစ္စုပ္ပန်မှာ ပုံရိပ်ကောင်းပါမှ မိမိဘဝတစ်လျှာက်လုံးနဲ့ အနာဂတ်ပုံရိပ်တွေ ကောင်းစေမှာ ဖြစ်ပါတယ်။ လူလည်းသေ၊ နာမည်လည်းသေ၊ လူမသေသေးပေမယ့် နာမည်သေသွားတာက မိမိလုပ်ဆောင်ချက်တစ်နည်း လူမှုရေးတာဝန်တွေ ပျက်ယွင်းလာခဲ့လို့ ဖြစ်တယ်။ လူမှုရေးကွန်ရက်ကောင်းသူတွေကတော့ လူသေပေမယ့် နာမည်က နှစ်ပေါင်းများစွာ မသေဘဲ ဆက်လက်ရှင်သန်နေတာ ဖြစ်ပါတယ်။ လူမှုရေးအရ လူတစ်ဦးချင်းစီက မိမိကိုယ် မိမိယုံကြည်အောင် လုပ်ဆောင်ကြရမယ်။ ပြီးရင် အများရဲ့ယုံကြည်မှုရရှိအောင် တည်ဆောက်ကြရမယ်။ ဒါမှအပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ကြမှာဖြစ်တယ်။ အဲဒီကနေ လူမှုရေးဆိုင်ရာ ပေါင်းစည်း တာဝန်ယူမှုတွေဖြစ်ထွန်းလာပြီး Social Capital အားကောင်းလာစေမှာဖြစ်ပြီး လူမှုရေးဆိုင်ရာ စွန့်စားရမှုတွေ လျော့နည်းသွားစေမှာ ဖြစ်တယ်။
■ (၄) နည်းပညာဆိုင်ရာ စွန့်စားရမှုများ (Technological Risks)
နိုင်ငံတစ်နိုင်ငံ တိုးတက်စေမှုမှာလည်း နည်းပညာဆိုင်ရာ တိုးတက်လာမှုတွေကလည်း အချက်တစ်ချက် ပါဝင်နေတယ်။ စာရေးသူတို့နိုင်ငံမှာ နှစ်ပေါင်းများစွာ အပိတ်ပညာရေးစနစ် ကျင့်သုံးခဲ့မှုကနေ တီထွင်ဆန်းသစ်မှု မရှိခဲ့တာကြောင့် နည်းပညာဆိုင်ရာ စွန့်စားရမှုတွေ များလာတာကို သတိထားမိ ကြမှာဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ နည်းပညာတွေ တီထွင်လုပ်ဆောင်မှု မပြုလုပ်နိုင်ကြပေမယ့် မကောင်းတဲ့နည်းလမ်းတွေမှာ မလုပ်သင့်တာတွေ တယ်။ အခြားနိုင်ငံတွေရဲ့ မမှန်ကန်တဲ့ နည်းပညာတွေနဲ့ ထိုးဖောက်လုပ်ဆောင်မှာတွေ ခံနေကြရတယ်။
စာရေးသူတို့နိုင်ငံက အဖိုးတန်ကျွန်းသစ်တွေကို အိမ်နီးချင်းနိုင်ငံတွေကို ခိုးထုတ်တာ ခံနေရတယ်။ ပြီးရင်အမှိုက်တွေအဖြစ် စွန့်ပစ်ရမယ့် ကျွန်းသစ်လွှစာမှုန့်တွေကို နည်းပညာသုံးပြီး ကြိတ်သားနဲ့ လုပ်ထားတဲ့ စားပွဲတွေပြုလုပ်ပြီး စာရေးသူတို့နိုင်ငံကို ပြန်ရောင်းချတယ်။ စာရေးသူတို့နိုင်ငံက ခိုးသွားတဲ့ ပစ္စည်းတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကို နည်းပညာတွေနဲ့ ကြိတ်သားစားပွဲဆိုပြီး ပြန်ရောင်းတာကို ဈေးကြီးပေးဝယ် ယူသုံးနေကြရတယ်။ အလားတူ မြန်မာ့ပင်လယ်ထွက် ငါးပုစွန်တွေ ခိုးယူတာခံရတယ်။ ပြီးရင် ငါးသေတ္တာတွေအဖြစ် မြန်မာနိုင်ငံကို ပြန်ရောင်းတယ်။ ခိုးထားတဲ့ ပစ္စည်းတွေကို ပြန်ဝယ်ယူကြရတယ်။ မိမိ နိုင်ငံသာ နည်းပညာတွေ မြင့်မားရင် အခုလို စွန့်စားရမှုတွေ ရှိနိုင်မှာမဟုတ်ပါ။
■ (၅ ) ရုပ်ပိုင်းဆိုင်ရာစွန့်စားရမှုများ (Physical Risks)
ဒါကိုတည့်တည့်ပဲ ရေးပြရရင် ထုတ်ကုန်ပစ္စည်းတွေ အရည်အသွေးညံ့ဖျင်းမှုတွေရဲ့ စွန့်စားရမှုတွေနဲ့ လူတွေရဲ့ကိုယ်ပိုင်အရည်အချင်းတွေ ညံ့ဖျင်းမှုတွေကနေ ပေါ်ပေါက်လာတဲ့ စွန့်စားရမှုတွေဖြစ်ပါတယ်။ ဒါကို စီးပွားရေးဆိုင်ရာ စွန့်စားရမှုတွေအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ကုန်ကြမ်းပစ္စည်းတွေရဲ့ အရည်အသွေးညံ့ဖျင်းမှု၊ စက်ပစ္စည်းတွေရဲ့ အရည်အသွေးညံ့ဖျင်းမှု၊ လူတွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေရဲ့ ညံ့ဖျင်းမှုတွေကနေ ကုန်ချောတွေရဲ့ အရည်အသွေးတွေ ညံ့ဖျင်းမှုကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။
ဒါနဲ့ဆက်နွှယ်တဲ့ ဂျပန်နိုင်ငံရဲ့ လုပ်ဆောင်ချက်တစ်ခုကို နမူနာအဖြစ် ရယူနိုင်စေဖို့ ရေးသားပေးလိုက်ပါတယ်။ ၁၉၅၀ ခု နှစ်မှာ ဂျပန်နိုင်ငံက Toyouta မော်တော်ကား ထုတ်လုပ်သူ Mr.Toyouta က အမေရိကန်နိုင်ငံ Detroit မြို့က Ford မော်တော်ကား ထုတ်လုပ်တဲ့ စက်ရုံကို သွားရောက်လေ့လာခွင့် ရရှိခဲ့ပါတယ်။ အဲဒီအချိန်က ဂျပန်နိုင်ငံရဲ့ မော်တော်ကားထုတ်လုပ်မှုနဲ့ အမေရိကန်နိုင်ငံရဲ့ မော်တော်ကားထုတ်လုပ်မှုက အဆ ၂၀၀ ကျော် ကွာတယ်လို့ဆိုတယ်။ Mr. Toyouta က Ford စက်ရုံမှာ လေ့လာခဲ့ပြီး ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိတဲ့အခါ သူ့အောက်က -ဒုတိယဥက္ကဋ္ဌ နှစ်ဦးဖြစ်တဲ့ Mr.Ohnoနဲ့ Mr.Shingo တို့နဲ့ ဆွေးနွေးပြီး 14 Principles of Toyouta Manufacturing လို့ ခေါ်တဲ့ တိုယိုတာ ထုတ်လုပ်မှုနည်းလမ်း (၁၄) ချက်ကိုထုတ်ပြီး အဲဒီအတိုင်း ပုံဖော်ဆောင်ရွက်ခဲ့ရာမှာ အရည်အသွေးလည်း ကောင်းမွန်၊ ထုတ်လုပ်မှုပမာဏလည်း တိုးတက်မြင့်မားလာခဲ့တယ်။ တိုယိုတာ ထုတ်လုပ်မှု နည်းလမ်းတွေမှာ ကုန်ကျစရိတ်တွေလျော့နည်းလာစေဖို့ ကုန်ကြမ်းပစ္စည်းတွေကို အမှာစာ အရသာ ဝယ်ယူမှု၊ အဲဒီလိုလုပ်ဆောင်မှုက ကုန်ကြမ်းတွေကို သိုလှောင်ရုံမှာ ထားစရာ မလိုတော့တဲ့အတွက် သိုလှောင်မှုစရိတ်လျော့ကျသွားစေခဲ့တယ်။ နောက်တစ်ခုက ထုတ်လုပ်မှု လမ်းကြောင်းတစ်လျှောက်မှာ တာဝန်ယူရသူတွေကို အပိုင်းလိုက် လုပ်ပိုင်ခွင့် Empowerment ပေးထားမှုဖြစ်တယ်။ မိမိ တာဝန်ယူထားရတဲ့ စက်အပိုင်းချို့ယွင်းမှု တစ်ခုခုဖြစ်ရင် အထက်အဆင့်ဆင့်ကို တင်ပြပြီး ခွင့်ပြုမိန့်တောင်းခံဖို့ မလိုအပ်ဘဲ အမြန်ဆုံး ပြုပြင်စေမှုဖြစ်ပါတယ်။ နောက်တစ်ချက်က ထွက်လာတဲ့ ကုန်ချောတွေကို သိုလှောင်ရုံကို မပို့စေဘဲ မှာယူတဲ့နိုင်ငံကို သယ်ယူမယ့် သင်္ဘောပေါ်ကို တိုက်ရိုက်တင်ပို့မှု စနစ်ဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ နည်းစနစ်တွေကို အသုံးပြုလာတဲ့အတွက် ထုတ်ကုန်အရည်အသွေး ကောင်းမွန်တိုးတက်လာသလို ထုတ်လုပ်မှုစွမ်းအားလည်း ကောင်းမွန်လာစေသလို နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စေမှု အခွင့်အလမ်း (Competitive Advantages) တွေ ရရှိလာစေတာ ဖြစ်ပါတယ်။ အခုလို စွန့်စားရမှုတွေကနေ ဘက်ပေါင်းစုံ ကောင်းအောင် လုပ်လာနိုင်စေတာကလည်း Applied Portfolio Management ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။










