မန္တလေးမြို့ပတ်ရထားလမ်း ဖောက်လုပ်စဉ်က ထည့်သွင်းဆောက်လုပ်ခဲ့သည့် နန်းရှေ့ဘူတာမှာ ဂရန်ပေါက် မြေနေရာအား ကျူးကျော်ဆောက်လုပ် ခဲ့သည့်အပြင် လက်ရှိအချိန်၌ အဆိုပါဘူတာမှာ အသုံးပြုခြင်း မရှိသောကြောင့် မူလပိုင်ရှင်များက ဘူတာအား ဖယ်ရှားပေးရန်နှင့် မြေနေရာအား ပြန်လည်ရရှိလိုကြောင်းနှင့် ပတ်သက်၍ မတ် ၁၈ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ရှိ ၈၈ ကဖေးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ဖြစ်စဉ်မှာ ၁၉၉၂ ခုနှစ်က မန္တလေးမြို့ပတ်ရထားလမ်း ဖောက်လုပ်ရန်အတွက် ထိုစဉ်က မန္တလေးတိုင်းမှူး တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ထွန်းကြည်က သိမ်းယူခဲ့ကြောင်း၊ ယင်းသို့သိမ်းယူခဲ့ရာတွင် မြေပိုင်ရှင်များအား အသိပေးခြင်း လျော်ကြေးပေးလျော်ခြင်း မရှိဘဲ ပြုလုပ်ခဲ့ကာ မြို့ပတ်ရထား ပြေးဆွဲရာတွင် အသုံးပြုခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြို့ပတ်ရထားစနစ်မှာ ဖျက်သိမ်းထားခြင်း၊ နန်းရှေ့ဘူတာရုံမှာလည်း အသုံးပြုခြင်း မရှိသောကြောင့် မူလပိုင်ရှင်များက ယင်းတို့၏ မြေနေရာပြန်လည် ရရှိရန်အတွက် သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲမှု အဖွဲ့များထံသို့ တိုင်ကြားခဲ့ရာတွင် မြေယာစီမံခန့်ခွဲမှု ကော်မတီကလည်း မူလမြေပိုင်ရှင်များအား ပြန်လည်ပေးအပ် သင့်ကြောင်းကို ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း မီးရထားဌာနမှ ပြန်လည်စွန့်လွှတ်ခဲ့ခြင်း မရှိသည့်အပြင် မြေပိုင်ရှင်များအား လျော်ကြေးအဖြစ် ကျပ် ၁၂၆ သိန်း ပေးလျော်မည်ဟု အကြောင်းကြားထားကြောင်း ရှင်းလင်းမှုများအရ သိရသည်။
"ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့ဘိုးဘွားမြေကို ပြန်လိုချင်ပါတယ်။ သူတို့ပေးမယ့် လျော်ကြေးကလည်း ကာလတန်ဖိုးနဲ့ မကိုက်ညီပါဘူး။ လျော်ကြေးနည်းလို့ပြောတာ မဟုတ်ဘူး။ ဘယ်လောက်ပေးပေး မယူပါဘူး။ ကိုယ့်ဘိုးဘွားပိုင်မြေကိုပဲ ပြန်လိုချင်တယ်။ သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲမှု အဖွဲ့တွေက ကျွန်တော်တို့ကို ပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ချက် ချပေးခဲ့ပါတယ်။ ဒါပေမဲ့ မီးရထားဌာနက မစွန့်လွှတ်ပေးဘူး။ ကျူးကျော်ဆောက်လုပ်ထားတဲ့ ဘူတာကို ဖယ်ရှားပေးရမယ်။ ဘူတာကလည်း လက်ရှိအသုံး မပြုတော့ဘူး။ ကျွန်တော်တို့ ဘိုးဘွားပိုင် မြေနေရာ ပြန်မရဘူးဆိုရင် မကြာခင်တက်လာမယ့် အစိုးရလက်ထက်မှာ ဥပဒေအတိုင်း ထိထိရောက်ရောက် လုပ်သွားမယ်" ဟု မြေပိုင်ရှင် တစ်ဦးဖြစ်သူ ကိုအောင်ဇော်ဦးက ပြောကြားသည်။
နန်းရှေ့ဘူတာအတွက် သိမ်းဆည်းသွားခဲ့သည့် မြေနေရာဧက အကျယ်မှာ ပေ ၆၀ နှင့် ၄၀ ပတ်လည် အကျယ်ရှိကြောင်း သိရပြီး လက်ရှိအချိန်တွင် မြို့ပတ်ရထား အသုံးပြုရန်အတွက် ဆောက်လုပ်ခဲ့သည့် နန်းရှေ့ဘူတာရုံမှာ အသုံးပြုခြင်း မရှိကြောင်း သိရသည်။
ဂရန်ပေါက် ဘိုးဘွားပိုင်မြေနေရာအား ကျူးကျော်ဆောက်လုပ်ထားသည့် နန်းရှေ့ဘူတာရုံ ဖယ်ရှားပေးရန်နှင့် မြေနေရာပြန်လည် ရရှိရေးအတွက် မူလပိုင်ရှင်များ သတင်းစာရှင်းလင်း









