ရုပ်ရှင် ဂီတ သဘင် စာပေ အနုပညာ နယ်ပယ်အတွင်းတွင် မိဘဖြစ်သူ၏ အနုပညာကို လက်ဆင့်ကမ်း သယ်ဆောင်ကာ အနုပညာရှင်များအဖြစ် ပရိသတ် အသိအမှတ်ပြု အားပေးခံရသူ များစွာရှိပါသည်။ ဂီတနယ်ပယ်အတွင်းမှ ထင်ရှားသည့် တေးရေးဆရာတစ်ဦးဖြစ်သူ တေးရေးဇဝါ၏ သမီးဖြစ်သူသည်လည်း ဖခင်ဖြစ်သူ၏ ဂီတအမွေကို လက်ဆင့်ကမ်းကာ ချိုမြိန်သာယာသည့် ဂီတသံစဉ်များကို ပုံဖော်သီဆိုနေသည်ကို တွေ့မြင်နေရပေသည်။ ဆယ်ကျော်သက် အရွယ်တွင် ပထမဆုံး စတင်သီဆိုသည့် 'ချစ်တဲ့စိတ်' သီချင်းဖြင့်ပင် ပရိသတ် သတိထားမိစေခဲ့သည့် အသံပိုင်ရှင်ဖြစ်သော တေးသံရှင် ပိုပိုဟေသာသည် ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး'ကမ္ဘာဦးရည်းစား'ကိုလည်း မကြာခင်က ထွက်ရှိထားခဲ့သည်။ တေးရေးဇဝါ၏ သမီးဖြစ်သူ အဆိုတော် ပိုပိုဟေသာနှင့် တွေ့ဆုံဖြစ်သည့်အခိုက် မေးမြန်းဖြစ်ခဲ့သမျှမှာ …
မေး-ချစ်တဲ့စိတ်သီချင်းက ဆိုဟန်လေးရော၊ အသံနဲ့ပါ လိုက်ဖက်တဲ့ အခါကျတော့ အက်ဖ်အမ် ရေဒီယို တွေကတစ်ဆင့် ပျံ့နှံ့ခဲ့တယ်နော်။ အဲဒီသီချင်းလေး စဆိုဖြစ်ပုံကနေ အရင် ပြောပြပေးပါဦး။
ဖြေ-အဲဒီသီချင်းကတော့ ကိုးတန်းနှစ်ကစပြီး ဆိုဖြစ်ခဲ့တာပါ။ အဲဒီ သီချင်းလေးက ညီမအသက် ခုနစ်နှစ် လောက်ကတည်းကစပြီး သိခဲ့တဲ့ သီချင်းပါ။ သီချင်းလေးကိုလည်း ကြိုက်တယ်။ ၁၄ နှစ်ရောက်တဲ့ အခါမှာတော့ ဒီသီချင်းလေးကို ဆိုဖို့ အခွင့်အရေးရလာခဲ့တာပါ။ အရင်ကြိုက်ပြီးသားသီချင်းလည်း ဖြစ်တော့ သေချာလေး သီဆိုဖြစ်ခဲ့ပါတယ်။
မေး- ချစ်တဲ့စိတ် သီချင်းနဲ့ပဲ ပိုပိုဟေသာဆိုပြီး ပရိသတ်တွေ သိလာတယ်နော်။ အဲဒီသီချင်းက ဂီတလုပ်ငန်းတွေ ဆက်လုပ်ဖို့အတွက် တွန်းအားတစ်ခုလို့ ပြောလို့ရမလား။
ဖြေ- ဟုတ် ပြောလို့ ရပါတယ်။ ပရိသတ်တွေဆီကသာ ချစ်တဲ့စိတ် သီချင်းနဲ့ပတ်သက်လို့ အခုလိုတုံ့ပြန်မှုတွေ မရခဲ့ဘူးဆိုရင် ဂီတအလုပ်တွေလုပ်ဖို့ နောက်ကျနေဦးမှာပါ။ အခုတော့ ပရိသတ်တွေက အင်အားတွေ ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ ဟေသာ ဝါသနာပါတဲ့ ဂီတအလုပ်တွေ ဆက်လုပ်နိုင်မယ့် စိတ်ခွန်အားတွေလည်း အများကြီး ဖြစ်စေခဲ့ပါတယ်။
မေး- ညီမလေးရဲ့ဖေဖေကလည်း အနုပညာရှင်တစ်ယောက် ဖြစ်နေတဲ့အပြင် တေးရေးဆရာ တစ်ယောက် ဖြစ်နေတဲ့အတွက် ဘယ်လိုအထောက်အကူမျိုးတွေ ရခဲ့လဲ။
ဖြေ- ဖေဖေကတော့ ဟေသာ ငယ်ငယ်ကတည်းက သီချင်းတွေ ဆိုချင်တယ်ဆိုတာ သိကတည်းက ဝါသနာကို သေချာကိုသိပြီး ဂီတလမ်းကြောင်းပေါ်ရောက်အောင် ကူညီပေးခဲ့ပါတယ်။ ဖေဖေသာမရှိရင် အနုပညာလောကထဲကို အခုလို လွယ်လွယ်ကူကူ ရောက်လာမယ် မထင်ပါဘူး။ ဖေဖေ့ရဲ့ အားပေးကူညီမှုကြောင့်ပဲ အခုလို အဆင်ပြေပြေနဲ့ ကြိုးစားနိုင်တာပါ။
မေး- ဂီတနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း တက်ထားတယ်ဆိုတော့ ဘယ်အချိန်မှာ စတက်ဖြစ်လဲ။
ဖြေ- ဟေသာ ၁၀ တန်းစာမေးပွဲ ပြီးတဲ့အချိန်မှာ စန္ဒရားတီး သင်တယ်။ ဂီတာသင်တာက တော့ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ Legacy မှာ အဆိုသင်တန်းလည်း တက်ပါတယ်။
မေး-ဒီအခွေလေးကရော လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက ပြင်ဆင်ခဲ့ရတယ်ဆိုတော့ ဒီအခွေအတွက် ပြင်ဆင်ခဲ့ရတဲ့ အပိုင်းတွေလည်း သိချင်ပါတယ်။
ဖြေ- ဟေသာတို့ အရင်ဆုံး သီချင်းတွေ စုပါတယ်။ ဒီအခွေထဲကို ထည့်ချင်တဲ့ သီချင်းပုံစံလေးတွေကို အတတ်နိုင်ဆုံး စုဖြစ်ပါတယ်။ ဒီလောက်မြန်မယ်လို့ မထင်ပါဘူး။ အခုလို မြန်မြန်ဆန်ဆန် ပြီးသွားတော့လည်း ပျော်မိပါတယ်။ ဒီအခွေအတွက် ပြင်ဆင်နေတဲ့ အချိန်တစ်လျှောက်လုံးမှာတော့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။
မေး- ဒီအခွေထဲမှာ တေးရေးအနေနဲ့ရော ဘယ်သူတွေပါခဲ့လဲ။
ဖြေ- တေးရေး ဦးညီညီသွင်၊ ပြည်လှဖေ၊ တေးရေး ဇဝါ၊ ကိုကမ္ဘာ၊ ကိုဝေလ၊ ကိုဇင်ထူးပိုင်နဲ့ ဟေသာ့ သူငယ်ချင်း ကိုဖီးနစ်တို့ ပါပါတယ်။
မေး- ဒီအခွေမှာ ပါဝင်တဲ့သီချင်းတွေကရော ချစ်တဲ့စိတ် သီချင်း ပုံစံမျိုးတွေများလား။ ဒါမှမဟုတ် နောက်ထပ် မတူကွဲပြားတဲ့ ပုံစံတွေပါသေးလား။
ဖြေ- သီချင်းစဆိုတဲ့ ချစ်တဲ့စိတ်တုန်းက ဟေသာက အသက် ၁၄ နှစ်ဖြစ်တဲ့အတွက် ကလေးသံ မပျောက်သေးဘူးပေါ့နော်။ အဲဒီအရွယ်မှာ အဲဒီတုန်းက အကောင်းဆုံး ဆိုနိုင်သလောက် ဆိုခဲ့ပါတယ်။ အခု ဒီအရွယ်မှာလည်း အကောင်းဆုံး ဆိုနိုင်သလောက် ဆိုထားတဲ့၊ ကြိုးစားထားတဲ့ အယ်လ်ဘမ်တစ်ခုလို့ ပြောလို့ရပါတယ်။
မေး- အခုဒီအခွေကို ထွက်ပြီးသွားတဲ့အခါ ပရိသတ်တွေဆီက ရလာတဲ့ တုံ့ပြန်မှုကရော ဘယ်လိုရှိလဲ။
ဖြေ- ဒီအခွေလေးနဲ့ ပတ်သက်လို့တော့ ပရိသတ်တွေဆီက တုံ့ပြန်မှုကိုလည်း ကျေနပ်ပါတယ်။ ဒီအခွေလေး ပြီးသွားကတည်းက စိတ် ဒုန်းဒုန်း ချလိုက်တယ်။ တအားကြီးလည်း မျှော်လင့်ထားတာမျိုး မရှိဘူး။ အကောင်းဆုံးလည်း ကြိုးစားထားတဲ့အတွက် ပရိသတ်တွေ လက်ထဲကို ထည့်ပေးလိုက်နိုင်ပြီ ဆိုကတည်းကကို ကျေနပ်ပါတယ်။
မေး- ဒီအခွေထဲက ဘယ်သီချင်းလေးတွေက ပရိသတ်တွေနဲ့ ထပ်တူကျမယ့် သီချင်းလေးတွေဖြစ်မလဲ။
ဖြေ- အကုန်လုံးကတော့ လူတိုင်းနဲ့ခံစားချက်ချင်း နီးနိုင်မယ့်သီချင်းလေးတွေ ရွေးထားပါတယ်။ ဒါကြောင့် လူတိုင်းလည်း ခံစားလို့ရမယ်လို့ ထင်ပါတယ်။
မေး- ညီမလေးဖေဖေရဲ့ဒီအခွေနဲ့ပတ်သက်လို့ သုံးသပ်ချက်ဆိုရင်ရော။
ဖြေ- ဒီအခွေစလုပ်ကတည်းက သီချင်းတွေကို နေ့တိုင်းနားထောင်နေရတော့ ကောင်းတယ် မကောင်းဘူးတွေ အခုခွေထွက်တဲ့အချိန်မှာ မပြောတော့ပါဘူး။ ဖေဖေကိုယ်တိုင်လည်း အကောင်းဆုံး ကြိုးစားပေးတဲ့ အခွေတစ်ခွေပါ။
မေး- ဒီအယ်လ်ဘမ်နဲ့ပတ်သက်လို့ ပရိသတ်တွေကို ပြောချင်တဲ့ စကားများရှိမလား။
ဖြေ- ဒီအယ်လ်ဘမ်ကို ဟေသာရော၊ တေးရေးဆရာတွေရော၊ တီးဝိုင်းရော အဘက်ဘက်ကနေ အကောင်းဆုံးစွမ်းရည်နဲ့ ထုတ်လုပ်ထားတာပါ။ ပရိသတ်တွေဆီ ချပြခွင့်ရတာနဲ့တင် ကျေနပ်ပါတယ်။ လက်ခံခြင်း မခံခြင်း ကံတရားကိုတော့ အများကြီး မမျှော်လင့်ပါဘူး။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။
မေး- အောင်မြင်တဲ့အနုပညာရှင်ရဲ့ အနုပညာကို သားသမီးက လက်ဆင့်ကမ်းရတဲ့အခါ တာဝန်ကြီးပါတယ်။ ညီမလေးအတွက်ဆိုရင်ရော။
ဖြေ- ဖေဖေကလည်း အစကတည်းကနေရာ တစ်ခုရရှိပြီး အနုပညာရှင်ဖြစ်တဲ့အတွက် ဖေဖေ့အကူအညီတွေလည်း အများကြီးရခဲ့ပါတယ်။ အများကြီးလည်း ကြိုးစားထားပါတယ်။
မေး- ရှေ့ဆက်လျှောက်မယ့် အနုပညာအလုပ်တွေနဲ့ ပတ်သက်လို့ရော ဘယ်လိုရည်မှန်းထားလဲ။
ဖြေ- ဟေသာသီချင်းတွေ အများကြီး ဆိုခွင့်ရချင်ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားပါဦးမယ်။
မေး- သီချင်းပဲဆိုမှာလား။ သရုပ်ဆောင်လုပ်ဖို့ စိတ်ကူးရှိလား။
ဖြေ- သရုပ်ဆောင်လုပ်ဖို့တော့ ယုံကြည်ချက် မရှိပါဘူး။ အမ်တီဗွီရိုက်ဖို့ လိုအပ်မယ်ဆိုရင်တော့ လိုအပ်သလို သရုပ်ဆောင်ဖြစ်ပါမယ်။
မေး- ဒီအခွေလေးရော အမ်တီဗွီ ဘယ်တော့ ရိုက်ဖြစ်မလဲ။
ဖြေ- အမ်တီဗွီ လုပ်ဖို့ကတော့ လိုပါသေးတယ်။ မစဉ်းစားရသေးဘူး။
အဆိုတော် ပိုပိုဟေသာနှင့် တွေ့ဆုံခြင်း
Most Read
Most Recent
42 min ago










