သမ္မတသစ်နှင့် နိုင်ငံသစ်ဆီသို့

သမ္မတသစ်နှင့် နိုင်ငံသစ်ဆီသို့
Published 15 March 2016
ဒေါက်တာခင်မောင်ညို

သမ္မတသစ်
"တို့ဆီမှာ သမ္မတအသစ် ရတော့မယ်"
 "ဟုတ်ပါတယ်၊ မကြာမီ သမ္မတသစ်ဟာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်တယ်"
"ဒါဆိုရင် ကျွန်တော်တို့ မျှော်လင့်တာ တွေရပြီပေါ့ ဟုတ်လား ကိုဘသစ်"
အားလုံးက ပျော်ရွှင်စွာဖြင့် ပြောဆိုနေကြသည်။ ကိုဘသစ်နှင့် ကျွန်တော်တို့အဖွဲ့ လက်ဖက်ရည်ဆိုင်ဝိုင်းမှ စကားသံများသည် မျှော်လင့်ချက်များကို ထင်ရှားစွာ မြင်နေရပါသည်။ Good Governance and Clean Government ဟူ၍ သမ္မတသစ်နှင့် တိုင်းပြည်သစ်ကို အားလုံးက မျှော်လင့်နေကြသည်။
ကျွန်တော်တို့ ဝိုင်းထဲတွင် ထူးခြားတာက လွန်ခဲ့သည့် အနှစ် ၇၀ ကျော်က မွေးဖွားသည့် လူကြီးများပါဝင်သလို လွန်ခဲ့သော အနှစ် ၃၀ လောက်ကမှမွေးသည့် လူငယ်များ ပါဝင်သည်။ ထိုလူကြီးများသည် ကိုလိုနီခေတ်ကို ရေးရေးမျှ မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ကိုလိုနီခေတ်စာတွေကို ဖတ်ဖူးသည်။
အသက်ငါးဆယ် ပတ်ဝန်းကျင်အရွယ်၊ အသက် ၃၀ ပတ်ဝန်းကျင် အရွယ်များကတော့ ဒီဘက်ခေတ် စစ်အာဏာရှင် ခေတ်တွင်သာ ကြီးပြင်းလာသူဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ်အဲ ဒီအသက်အုပ်စုတွေအားလုံး ပါဝင်သော မောင်ဘသစ်တို့ အဖွဲ့သည် ကျွန်အဖြစ် နွံနစ်သူများသာ ဖြစ်လေတော့သည်။
ဆင်းရဲတွင်း
သူတို့ဆင်းရဲသည်မှာ အစားဆင်းရဲ  အနေဆင်းရဲ အဝတ်ဆင်းရဲ သည်သာမဟုတ် စိတ်ဓာတ်လည်း ဆင်းရဲသွားသည်။
၁၉၈၀ ပြည့်နှစ်များက မြန်မာပြည် အဆင်းရဲဆုံးနိုင်ငံ LDC အဖြစ် ရောက်သွားသောအခါ ဆရာကြီး တစ်ယောက်က ပြောသည်။ "အဆင်းရဲဆုံးနိုင်ငံဖြစ်တာ ကောင်းတယ်ကွ။ ကြွေးတွေဆပ်စရာ မလိုတော့ဘူးကွလို့ ဦးနေဝင်းက ပြောတယ်ကွ" ဟု ကိုဘသစ်ကို ပြောဖူးသည်။
ကြွေးဆပ်စရာ မလိုတော့သူ ဖြစ်ရတာကို သူတို့ဂုဏ်ယူဟန်တူသည်။ ကိုဘသစ် အတော်လေး အံ့သြသွားခဲ့သည်။
"ကြွေးဆပ်စရာ မလိုသူသည် ဒေဝါလီ ခံထားရသူဖြစ်သည်။ လူ့အောက်တန်းစား၊ လူမွဲ၊သူတောင်းစား" တစ်နိုင်ငံလုံးသည် လူ့အောက်ကို ကျသွားတော့သည်။ နိုင်ငံတကာတွင် မျက်နှာငယ်ရသူ ဖြစ်သွားတော့သည်။
မောင်ဘသစ်တို့ စစ်အာဏာရှင် ခေါင်းဆောင်ကြီးများသည် တိုင်းပြည်ကို ရောင်းစားရုံမျှမက ကျွန်အောက် သပေါက်ဘဝကို ရောက်အောင် ပြုလုပ်ခဲ့သည်။ ထိုသို့လုပ်ခဲ့သည့် အတွက်လည်း နောင်တရဟန် မတူသေးပါ။
"ဆင်းရဲတာ မကောင်းဘူးကွ၊ အဆင်းရဲဆုံး နိုင်ငံဆိုတာ အင်မတန်ဆိုးတယ်ကွ" ဒါကို သိသင့်ပါသည်။ လာဘ်အစားဆုံးနိုင်ငံ၊ အကျင့်ပျက်သောနိုင်ငံ၊ အဆင်းရဲဆုံးနိုင်ငံထဲ ပါနေတာ ရှက်စရာ အင်မတန် ကောင်းလှပါသည်။
ဒေါ်အောင်ဆန်းစုကြည်
မြန်မာပြည်ကို မသိသူ အများကြီးပါ။ ဘယ်နေရာကိုသွားသွား တော်ရုံတန်ရုံ လူအများသည် Burma သို့မဟုတ် Myanmar ကို မသိကြပါ။ သို့သော် တစ်ချိန်က ဦးသန့်နိုင်ငံဟု ပြောလျှင် အတော်သိကြသည်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ဟု ပြောလိုက်လျှင် အများစုသိသည်။
ဦးသန့်သည် တစ်ချိန်က ကမ္ဘာ့ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ်ဖြစ်သည်။ သူ၏ အရည်အသွေးကို ကမ္ဘာ့ခေါင်းဆောင်များက အသိအမှတ်ပြုသည်။ သို့သော် ထိုကာလသည် လွန်ခဲ့သော အနှစ် ၅၀ ကျော်က ဖြစ်သည်။ ယနေ့ခေတ်သစ် ကမ္ဘာသူ ကမ္ဘာသားတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သိသည်။ သူသည် ငြိမ်းချမ်းရေး အမှတ်တံဆိပ် Icon တစ်ခုဖြစ်သည်။
ကမ္ဘာမှာ လူသိအများဆုံးသော ခေါင်းဆောင်စာရင်းတွင် ပါဝင်နေသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရသည်။ အစိုးရသစ်ဖွဲ့မည်။ လွှတ်တော်အသစ်က သမ္မသစ် တင်မြှောက်မည်။ ဘာလိုသေးလဲ။
ရောဂါပျောက်ဖို့
"ကျွန်တော်တို့ကတော့ အရမ်းကို ဝမ်းသာနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ ကျွန်တော်တို့ကို ဆင်းရဲတွင်းကနေ ကယ်ထုတ်တော့မယ်"
"ဟုတ်ပါတယ် သိက္ခာရှိတဲ့ နိုင်ငံလည်း ဖြစ်လာမယ်" "ဒေါ်အောင်ဆန်းစုကြည်ကို တကယ်အားကိုးတယ်"
သူတို့ပြောကြပါသည်။ သို့သော် ကိုဘသစ်က သူတို့ကို မှတ်သားစရာ စကားတစ်ခွန်းကို ပြောသည်။ တိုင်းပြည်ကောင်းစားဖို့လုပ်ရန် အများကြီး ကျန်နေသေးသည်။ အရှုပ်ထုပ်တွေ အများကြီး ကျန်သေးသည်။ ဒီလိုအခက်အခဲတွေ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ဖြေရှင်း၍ မရပါ။ အစိုးရအဖွဲ့ တစ်ခုတည်းက ဖြေရှင်း၍ မရပါ။ ဒေါ်အောင်ဆန်းစုကြည်က လမ်းပြပါမည်။ ပြည်သူတွေအားလုံး ပါဝင်ရမှ ဖြစ်ပါမည်။ "ခင်ဗျားတို့ကို ပုံပြင်လေးတစ်ခု ပြောပြချင်တယ်" အားလုံး စိတ်ဝင်တစားနှင့် နားထောင်ကြသည်။
"တစ်ခါက ရွာလေးတစ်ရွာမှာ ဆရာဇီဝကဆိုတဲ့ သမားတော်ကြီး တစ်ဦးရှိတယ်။ သူဟာဘုရားရှင် လက်ထက်က ဆရာဇီဝကလို တော်လွန်းလို့ သူ့ကို ဇီဝကလို့ လူတွေခေါ်ကြတယ်။ ဒီလိုခေါ်ရင်းနဲ့ နာမည်ရင်းပါ ပျောက်သွားရတယ်တဲ့။ သူဟာ သူဌေး သူကြွယ် လူဆင်းရဲမကျန် အဆင့်အတန်းမခွဲဘဲ ဆေးကုပေးတယ်။ သူ့ဆေးတွေဟာ ပြောတဲ့အတိုင်းလည်း အင်မတန်စွမ်းသတဲ့။ ဒီတော့ ရွာနီးချုပ်စပ်က လူတွေလည်း လာရောက် ဆေးကုတာပေါ့။ တစ်နေ့မှာ ဆရာဇီဝကတို့ရွာ အနီးမှာနေတဲ့ မောင်ပိန်ဆိုတဲ့လူဟာ ဒူလာရောဂါ ဖြစ်သတဲ့။ ဒါနဲ့ သူလည်း ဆရာကြီး ဇီဝကထံ သွားတာပေါ့။
ဆရာဇီဝကလည်း သူ့ကိုစမ်းသပ်ပြီး ဆေးတစ်ဖုံ ဖော်ပေးလိုက်တယ်။ "သုံးခွက်သောက် ပျောက်စေမယ်လို့" ပြောပြီး ပြန်လွှတ်လိုက်တယ်။ မောင်ပိန်ဟာ ဝမ်းသာအားရနဲ့ ပြန်ခဲ့တယ်။ ပြီးတော့တစ်ရွာလုံး လိုက်ကြွားတော့တာပါပဲ။ "ဒါဆရာဇီဝက ဆေးကွ၊ ဆရာကြီးက သုံးခွက်သောက်ရင် ရောဂါပျောက်ပြီလို့ ပြောတာကွ" လို့ တစ်ရွာလုံးကို လိုက်ကြွားနေတယ်။ ဒါပေမဲ့ မောင်ပိန်ဟာ ရောဂါမပျောက်ဘူး။ ဒူလာဝမ်းတွေ သွားမြဲသွားပြီး ပိန်ချုံးလာသတဲ့။ ဒါနဲ့ ရွာဦးကျောင်း ဆရာတော်က မောင်ပိန့်ကို ခေါ်တာပေါ့။
"မောင်ပိန် မင်းဆရာဇီဝကဆီ သွားတယ်ဆို"
"မှန်ပါဘုရား"
"ဘာအတွက်လဲ"
"တပည့်တော် ဒူလာရောဂါဖြစ်လို့ပါ ဘုရား"
"ဆရာဇီဝကက ဘာလုပ်ပေးလိုက်လဲ"
"ဆေးတစ်ဖုံ ဖော်ပေးလိုက်တယ်။ သုံးခွက်သောက်ရင် ပျောက်မယ်တဲ့၊ ဒီမှာဆေးတွေပါတယ်ဘုရား" "ဟေ၊ ဆေးတွေက အထုပ်မပျက် သေးပါလား"
"မှန်ပါ၊ တပည့်တော် မသောက်ရသေးလို့ပါဘုရား"
"မင်းမသောက်ဘူးဟုတ်လား"
"မသောက်ရသေးတာပါဘုရား"
"အေးငါလည်းကြားတယ်၊ မင်းဟာ ဆရာဇီဝကဆေး ရထားတယ်ဆိုပြီး ရွာရိုးကိုးပေါက်လျှောက်ကာ လိုက်ကြွားနေတယ်ဆို"
"မှန်ပါ၊ တပည့်တော်ကို အထင်သေးနေတဲ့လူတွေ သဘောပေါက်သွားအောင် လိုက်ပြနေတာပါဘုရား"
"ဟားဟား"
ဘုန်းတော်ကြီးက မောင်ပိန်ကို ကြည့်ပြီးရယ်တယ်။ ဒီတော့ မောင်ပိန်က မေးတာပေါ့ "အရှင်ဘုရား ဘာလို့ရယ်လဲ" ဆိုတော့ ဘုန်းတော်ကြီးက "မောင်ပိန်ရယ် ဆေးဆိုတာသောက်မှ ရောဂါပျောက်တယ်ကွ၊ ဆေးထုပ်ပြပြီး လိုက်ကြွားရုံနဲ့ ရောဂါမပျောက်ဘူးကွ" တဲ့။
အားလုံးပါဝင်ဖို့
ဆင်းရဲခြင်းဟူသောရောဂါ။
အကျင့်ပျက်သောရောဂါ။
တရားဥပဒေ စိုးမိုးခြင်း မရှိသောရောဂါ စသဖြင့် နာတာရှည် ဖြစ်နေသော မြန်မာပြည်သည် အင်မတန် ခက်ခဲသောလမ်းကို လျှောက်ရပေမည်။ ဒေါ်အောင်ဆန်းစုကြည်ဟူသော Icon ကိုပြရုံဖြင့် ရောဂါမပျောက်နိုင်ပါ။
ရောဂါပျောက်ဖို့ ဒေါ်စုကို ရောဂါကုသခွင့် ပေးရပါမည်။ ပြည်သူတွေကလည်း အားလုံးပါဝင်ကာ ဆေးသောက်ကြရပါမည်။
"ဆေးကတော့ ဆေးခါးကြီးပါပဲ" ကိုဘသစ်က ဆေးခါးကြီးအကြောင်း ဆက်ပြောသည်။
"လာဘ်လည်း မပေးရဘူး။ လာဘ်လည်း မစားရဘူး"
"မြန်မာ့ဓလေ့ ထုံးစံအရ ကန်တော့ခွင့်တော့ရှိတယ် မဟုတ်လား ကိုဘသစ်"
"အဲဒီကစတာပါပဲ၊ သမ္မတကြီး ဦးသိန်းစိန်ကတောင် သုံးသိန်းထက်ကျော်ပြီး မကန်တော့ပါနဲ့လို့ တားမြစ်ခဲ့ရတယ်"
"ဒါတွေပျောက်ဖို့ခက်တယ်"
"ဒါကြောင့် ဆေးခါးကြီးလို့ ပြောတာပေါ့။ ပြည်သူတွေ ပါဝင်ဖို့လိုတယ်။ ဒါကလာဘ်စားတာ တစ်ခုတည်း ရှိပါသေးတယ်"
"နောက်ဘာတွေ ရှိသေးလဲ"
"ဆင်းရဲတဲ့ရောဂါ"
"ဒါကိုကုဖို့ သူတို့ကိုလျော်ကြေးတွေ ပေးလိုက် ထောက်ပံ့ကြေးတွေ ပေးလိုက်ရင် ဖြစ်လာမှာပေါ့နော်"
"ဒီလိုလုပ်တာမျိုးတွေတော့ လုပ်ရမှာပေါ့လေ။ ဒါပေမဲ့ သူတို့ဟာ ဒါနဲ့ဆင်းရဲတွင်းထဲကနေ မလွတ်နိုင်ဘူး။ မှန်ကန်တဲ့အုပ်ချုပ်ရေးနဲ့ မှန်ကန်တဲ့ ပညာရေးလိုတယ်။ လူတွေစာဖတ်ဖို့အရေးပါတယ်။ မင်းတို့နဂါးနီသီချင်း ကြားဖူးတယ် မဟုတ်လား"
"ကြားဖူးပါတယ်၊ ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်ဆိုတာ ဆရာ" "အေးဟုတ်တယ်။ ဆင်းရဲခြင်း လွတ်ကင်းအောင် နဂါးနီက စာအုပ်တွေ ထုတ်ပေးတယ်။ စာဖတ်ဖို့ ပြောတာပါပဲ။ တို့ ဟိုတစ်ချိန်က လွတ်လပ်ရေး တိုက်ပွဲအတွက် ပြည်သူတွေဟာ ဖတ်ဖို့လိုတယ်လို့ နဂါးနီသီချင်းက နှိုးဆော်တာကွ၊ ခုလည်း ဒုတိယ လွတ်လပ်ရေးကာလ မြန်မာပြည်ကို တည်ဆောက်ကြရမယ်။ မင်းတို့ အမေရိကန်လူမည်းတွေ နှစ်နှစ်ရာနီးပါး ကျွန်ပြုခံရတဲ့ကာလကို ကြည့်လိုက်ပေါ့။ သူတို့ကို စာဖတ်ခွင့်မပြုဘူး။ စာမသင်ပေးရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ လုပ်ထားတယ်"
"စာမဖတ်ရဘူး ဟုတ်လား"
"စာမဖတ်ရဘူး။ စာသင်ပေးတာတွေ့ရင် သေဒဏ်၊ စာဖတ်တာတွေ့ရင် သေဒဏ်" "ဘာဖြစ်လို့စာဖတ်တာ အရေးကြီးတယ်လို့ ထင်လဲ" "တစ်ချိန်က ကျွန်ဖြစ်ခဲ့တဲ့ အမေရိကန် လူမည်းတွေဟာ စာဖတ်လို့ အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာတယ်။ ယနေ့ အိုဘားမားဆိုတာ လူမည်းသမ္မတပါပဲ။ အမေရိကန် ပြည်ထောင်စုမှာ လူဖြူအများစု နေကြတာ ဘယ်တုန်းကမှ သမ္မတဖြစ်လာမယ်လို့ မမျှော်မှန်းခဲ့ကြဘူး" ကျွန်တော်တို့ဝိုင်းက လူငယ်များ ကိုဘသစ်ကို ငေးကြည့်နေသည်။
"စာဖတ်ရမယ်ကွ၊ ဒါကို အလေးထားပြီး လုပ်ရမယ်"
 ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်း ဒီနေရာမှာ အဆုံးသတ် လိုက်ပါတော့သည်။

Most Read

Most Recent