ရန်သူလော မိတ်ဆွေလော

ရန်သူလော မိတ်ဆွေလော
Published 14 March 2016
ကိုနော် ( ပုဂံ )

“မြို့ဟောင်းထဲက နန်းတော်ကြီးကို ဖျက်ပေးပါ။ ယွန်းကျောင်းကြီးကိုဖျက်ပေးပါ”“ကျွန်တော်တို့ ဒေသခံတွေမှာ ရှေးဟောင်းကြောင့် အသေလည်းခက်၊ အနေလည်း ခက်နေကြပါပြီ”“လုပ်ငန်းရှင်ကြီး တစ်ဦးက နန်းမြင့်မျှော်စင် ဆောက်မယ်ဆိုတော့ ရွှေစည်းခုံ တောင်ဘက်က ငြမ်းကြီးကုန်းပေါ်မှာ ဆောက်လို့ရတယ်ဆိုပြီး ခွင့်ပြုချက်ပေးခဲ့တယ်။ ဒါပေမဲ့ လုပ်ငန်းရှင်က နေရာကျဉ်းလို့ အဲဒီတုန်းက မဆောက်ဖြစ်ခဲ့ဘူး။ အခု အဲဒီနေရာကို ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုထားမယ် ဆိုတော့ ရှေးဟောင်းဇုန်ထဲပါလို့ ခွင့်မပြုနိုင်ဘူးတဲ့”ပုဂံညောင်ဦး ဒေသခံများ၏ ရင်တွင်းခံစားမှုနှင့် ရောယှက်နေသော အသံများသည် ပုဂံမြို့လယ် ဓမ္မာရုံလေး အပြင်ဘက်ထိတိုင် လျှံထွက်နေခဲ့သည်။ ဤဓမ္မာရုံလေးသည် ပုဂံသူ၊ ပုဂံသားများအတွက် သာသနာရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရာ နေရာလည်း ဖြစ်သည်။ အလှူဒါနပြုသည့် နေရာလည်းဖြစ်သည်။ ရပ်ရေး၊ ရွာရေး ဆွေးနွေးတိုင်ပင်သည့် နေရာ၊ လူကြီးနှင့်လူငယ်၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံသူ၊ ဟောပြောသူနှင့် နာယူသူတို့ မကြာခဏ တွေ့ဆုံရာ၊ အနာဂတ်အရေး လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေး တိုင်ပင်ရာ နေရာလည်း ဖြစ်သည်။ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွက် အင်မတန် ဂုဏ်ယူဖွယ် ကောင်းလှပါသည်။ ထိုအောင်မြင်မှုကို ယုံကြည်ချက်တစ်ရပ် အနေဖြင့် စွဲကိုင်ကာ ပုဂံဒေသကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်စေရမည်ဟူသော ရည်မှန်းချက် စေတနာဖြင့် ရောက်ရှိလာသည့် ဒုဝန်ကြီးသည် ဒေသခံများ၏ ရင်တွင်းခံစားမှုများကို ကြားသိလိုက်ရသည့်အခါ မည်သို့ ခံစားသွားရသည်မသိ။တစ်လောက ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ၏ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးခန်း DEBATE တစ်ခု ကြည့်လိုက်ရသည်။ ထို DEBATE ကို အကြောင်းပြုပြီး အခြားမြို့မှ မိတ်ဆွေအပေါင်းအသင်း အချို့က မေးလာကြသည်။ မေးမြန်းပုံချင်း မတူသည့်တိုင် အဓိပ္ပာယ် သက်ရောက်မှုခြင်းကား အတူတူပင်။“ယူနက်စကိုဝင်မယ့် ကိစ္စကို သူငယ်ချင်းတို့ဆီက သိပ်လက်ခံချင် ပုံမရဘူးနော်” ဆိုသော အဓိပ္ပာယ် သက်ရောက်သည့် မေးခွန်းများသာ ဖြစ်သည်။ အဖြေရကျပ်လှသည်။ သုမနကျောမှ ဒဏ်ရာတွေကို သူတို့သိမည်မဟုတ်။ကျွန်တော်တို့ မြို့လေးသည် စားဝတ်နေရေး အတွက်ကိုပင် အဓိကထား ရုန်းကန်နေရသူ အများအပြားရှိသည့် မြို့လေးဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ဝန်းကျင်က အဘိုးအဘွားများ တည်ထားကောင်းမှုပြုခဲ့သည့် သာသနိက အဆောက်အအုံများ၊ ယဉ်ကျေးမှု အမွေအနှစ်များကို မပျက်စီးအောင်၊ မပျောက်ပျက်အောင်၊ မူရင်းလက်ရာများအတိုင်း ကျန်ရှိနေအောင် စွမ်းဆောင်ပေးမည့် ပညာရှင်များ၊ နည်းပညာများ၊ လိုအပ်မည့် ငွေကြေးများ ကူညီထောက်ပံ့ပေးမည့် အခွင့်အရေးမျိုး မည်သူ လက်လွတ်ခံချင်ပါမည်နည်း။ထို့ပြင် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးများ ရှေးမူမပျက် တည်ရှိနေသောကြောင့်သာ ယဉ်ကျေးမှုကို အခြေခံသော ခရီးသွား လုပ်ငန်းသည် ကျွန်တော်တို့ဒေသတွင် ဖြစ်တည်လာပြီး အလုပ်အကိုင်၊ အခွင့်အလမ်းများ ပေါ်ထွန်းလာခြင်း ဖြစ်သည်။သို့သော် . . .။ ပုဂံဒေသတွင် ယူနက်စကိုဟူသော အသံ၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရန်ဆိုသော အသံကြားလိုက်ရသည့်အခါတိုင်း ဒေသခံများမှာ “ခဲမှန်ဖူးသည့် စာသူငယ်ပမာ” ကြောက်လန့်နေကြသည်။ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းရန်ဟူသော အကြောင်းပြချက်ဖြင့် ဘိုးစဉ်ဘောင်ဆက် ဇာတိချက်မြှုပ်ဖြစ်သော ပုဂံမြို့ဟောင်း အတွင်းမှ အတင်းအဓမ္မ မောင်းထုတ်ခံခဲ့ရသည်။ နေစရာမရှိ၊ စားစရာကခက်။ မှောင်နှင့်မည်းမည်းဝယ် ပုဂံသူ၊ ပုဂံသားများ၏ မျက်ရည်သည် ထိုစဉ်က အခါမဲ့ရွာသွန်းခဲ့သော မိုးရေနှင့်အတူ တသွင်သွင် စီးဆင်းခဲ့ရသည်။ ထိုစိတ်ဒဏ်ရာသည် ယနေ့ထိတိုင် မကျက်နိုင်သေး။ထိုမှနောက်တွင် ပုဂံသူ၊ ပုဂံသားများ ရင်နင့်စွာဖြင့် စွန့်ခွာခဲ့ရသည့် ပုဂံမြို့ဟောင်းနှင့် ပုဂံရှေးဟောင်း စေတီပုထိုးများတစ်ဝိုက်တွင် ရင်းနှီးမြှုပ်နှံသူနှင့် အခွင့်အာဏာရှိသူတို့၏ ထင်ရာစိုင်း အခြေချမှုများကို ဒေသခံများ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြန်သည်။ ဒေသခံများ အတွက်မူ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့လျှင်ဟူသော ခေါင်းစဉ်ဖြင့် ရသင့်ရထိုက်သော အခွင့်အရေး ဟူသမျှသည် “အဆီတဝင်းဝင်း၊ သဲတရှပ်ရှပ်”။မြို့သစ်သို့ အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရသည့် ပုဂံသူ၊ ပုဂံသားများသည် ဗုဒ္ဓဘာသာဝင်များ ပီပီ ကြုံတွေ့ခဲ့သမျှကို အတိတ်ကံကြောင့်သာပဲ သဘောပိုက်ကာ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းရင်း ကြိုးစားရုန်းကန်ခဲ့ကြသည်။ ဒဏ္ဍာရီထဲမှ ဖီးနစ်ငှက်များပမာ ပြာပုံထဲမှ ကုန်းရုန်းထလာခဲ့ကြသည်။ ရောက်သည့်အရပ်တွင် ပျော်အောင်နေကာ လူမှုစီးပွား ချဲ့ထွင်မည်ဟု စိတ်ကူးခဲ့ကြသည်။“နိုး”  “မရ”ပုဂံမြို့သစ်သည်လည်း ရှေးဟောင်းဇုန် အတွင်း၌ ရှိနေသေးသဖြင့် လူနေအိမ်များ၊ ဟိုတယ်၊ တည်းခိုခန်း၊ အဆောက်အအုံများ အသစ် တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်းများ ခွင့်ပြုချက် မရဘဲနှင့် မဆောက်လုပ်ရ။ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများက ဒေသခံ မျက်နှာမွဲများအတွက် တင်းကျပ်လှသည်။“ဒေသခံတွေမှာ နေဖို့လည်းခက်၊ သေဖို့လည်း ခက်ဖြစ်နေပါပြီ” ဆိုသည့် နာရေးကူညီမှု အသင်းမှ လူငယ်တစ်ဦး၏ ထိုနေ့ကတင်ပြ ပြောဆိုသံသည် နားထဲမှမထွက်။ ရပ်ရွာတိုးချဲ့ဖို့ မပြောနှင့် နာရေးအတွက် သချုႋင်းမြေနေရာ စီမံဆောင်ရွက်သည့် နေရာ၌ပင် ရှေးဟောင်းနယ်မြေ ဖြစ်သည့်အတွက် အဆင်မပြေ ဖြစ်ကြရသည်ဟု ဆိုသည်။“တခြားမပြောနဲ့ ဗိုလ်ချုပ်အောင်ဆန်းတောင် ကျွန်တော်တို့ဆီမှာ နေရာမရဘူး။”ပုဂံတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုသည် ဒေသခံများ တောင်းဆိုထားသည့် နေရာ အဆင်မပြေသဖြင့် မြို့လယ်ဓမ္မာရုံအနီး ယာယီစိုက်ထူထားခြင်း ဖြစ်သည်။ ညောင်ဦးတွင်လည်း ထို့အတူပင်။ ဒေသခံများ ဆန္ဒရှိသည့် နေရာသည် ရှေးဟောင်းနယ်မြေ ဖြစ်သဖြင့် အခက်တွေ့ခဲ့ကြရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် ဒေသခံများနှင့် လွတ်လပ်ရေးဖခင်၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတွက်ပင် နေရာမရှိ ဖြစ်နေချိန်တွင် လက်ဦးမှု ရယူထားသည့် ခရိုနီ၊ ခရိုပြာတို့သည် ပုဂံရှေးဟောင်းဇုန် အတွင်းဝယ် ယုန်ကလေးနှာစေး နေသည်ဆိုတာမျိုး အရာရာကို မသိလေ ဟန်ဆောင်နေကြသည်။ကျွန်တော်တို့ ဒေသခံတွေသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားရကောင်းမှန်း မသိ၍ သော်လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမည်ကို မလိုလား၍ သော်လည်းကောင်း ဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများတွင် လက်လွတ်စပယ် ပြောဆိုခဲ့ကြခြင်း မဟုတ်။ ခဲမှန်ဖူးသည့် စာသူငယ်ပမာ ခံစားခဲ့ရသည်များကို အခြေခံလျက် ရင်ဖွင့်ပြောဆိုခဲ့ကြခြင်းသာ ဖြစ်ပါသည်။သို့ရာတွင် ဆင်ခြင်မိသော အရာတစ်ခုတော့ ရှိသည်။ ကျွန်တော်တို့ ဒေသခံများသည် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် အတွက်သော်လည်းကောင်း၊ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် သော်လည်းကောင်း သက်ဆိုင်ရာ ဝန်ကြီး၊ ဒုဝန်ကြီးများ၊ ယူနက်စကိုကဲ့သို့သော အဖွဲ့အစည်းများ၊ ပညာရှင်များ၊ သတင်းဌာနများနှင့် မကြာခဏ တွေ့ဆုံခွင့်ရခဲ့ကြသည်။ ထိုသို့တွေ့ဆုံခွင့် ရလေတိုင်း ကျွန်တော်တို့သည် မေးခွန်းလေးငါးခု၊ ထိုမေးခွန်းလေး ငါးခုတွင်လည်း သုံးလေးခုသည် ရင်တွင်း ခံစားချက် ဒဏ်ရာများကို ဖွင့်ချပြောဆိုခြင်းမျိုးဖြင့်သာ အချိန်ကုန်ခဲ့ရသည်။-ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေသည့် ဟိုတယ်အလုံး ၄၀ ကျော်အတွက် မည်သို့ဆက်လက် ဆောင်ရွက်မည်လဲ။ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လိုသွားမလဲ။-မနေ့တစ်နေ့က ပုဂ္ဂလိက လက်ထဲသို့ ရောက်သွားသည့် ရှေးဟောင်းဇုန် ကြေးငွေကိစ္စ၊ ဒေသဖွံ့ဖြိုးရေး၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးတို့အတွက် ဘယ်လို၊ ဘယ်ပုံ စီမံခန့်ခွဲမည်လဲ။-ပုဂံဒေသအား ကမ္ဘာ့အမွေ စာရင်းတင်သွင်းရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်ရာတွင် ထိခိုက်နစ်နာမှုများ မရှိအောင် မည်သို့ ဆောင်ရွက်မည်လဲ။ ရှိခဲ့ပါက ထိုထိခိုက် နစ်နာမှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမည်လော။ မည်သည့် အဖွဲ့အစည်းက ဆောင်ရွက်ပေးမည်လဲ။ စသည့်မေးခွန်းများလည်း မေးမြန်းဖို့ လိုအပ်မည် ထင်ပါသည်။ မှားခဲ့သည်များ ထောက်ပြပြောဆိုသကဲ့သို့ ရှေ့ဆက်ရမည့် လမ်းစဉ်ကိုလည်း ကျွန်တော်တို့ လက်တွေ့ရင်ဆိုင် ဖြေရှင်းသွားရန် လိုအပ်ပါသည်။မည်သည့်အစိုးရပင် တက်သည်ဖြစ်စေ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်ကား အစိုးရတိုင်း၏ အဓိက တာဝန်ကြီးတစ်ရပ် ဖြစ်သည်။ ယဉ်ကျေးသော၊ ပညာကို အခြေခံသော လူ့အဖွဲ့အစည်း၏ ပဓာနကျသော တာဝန်လည်းဖြစ်သည်။ အထူးသဖြင့် စီမံအုပ်ချုပ်ခွင့် အာဏာရှိသော အစိုးရ အဖွဲ့အစည်းများနှင့် အနီးကပ်ဆုံး တည်ရှိနေသော ဒေသခံများသည် ရှေးဟောင်း အမွေအနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲရေးတွင် အရေးအကြီးဆုံးဟု ယူဆမိရာ မိတ်ဆွေကောင်းများ သဖွယ်ဖြစ်နိုင်သကဲ့သို့ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ရကောင်းမှန်း မသိနိုင်တော့သည့် ရန်သူသဖွယ်လည်း ဖြစ်သွားနိုင်ပါကြောင်း။

Most Read

Most Recent