(၁)
ဆောင်းနှမငယ်က ဝတ်ရုံခွာချကာ လက်ပြ နှုတ်ဆက်ခဲ့ပေပြီ . . .
လပ်ဟာသွားခဲ့သည့် နေရာကွက်လပ်သို့ နွေမင်းသားက အစားထိုး နေရာဦးခဲ့ပြန်ပေါ့ . . .
နွေသရုပ်သဘောကို
ဖွေထုတ်ပြောတဲ့ ဥရွှေသြကလည်း
အလွမ်းတွေနဲ့ ချွဲ့နွဲ့နိုင်လွန်း
စာရေးစားပွဲဆီကနေ ပြတင်းကိုကျော်ကာ မျှော်ကြည့်မိတော့ ဟိုဘက် သစ်ရိပ ်တောတန်းကလေးအလွန်၌ မြို့ပြ၏ ကွန်ကရစ် တောအစပ်ကိုလှမ်း၍ ရှုမြင်နေရသည်။ ရှားပါးလှစွာဖြင့် လက်ပံပင် ထီးထီးမားမားက ရပ်တည်လျက်။ သူ့ခေါင်းထက်မှာတော့ စွေးစွေးနီနီ လက်ပံပွင့်များဖြင့် ခြယ်မှုန်း ဆင်သထားသည်။
ဥသြငှက်က လွမ်းဖွယ်ဆင်တယ်..ကိုယ့် နှယ်အတူကွယ်..အပူသည်လေး ဖြစ်ရော့မယ်..။ လေလှိုင်းကြားမှ တေးတစ်စက လွင့်ပျံလာခဲ့သည်။ ဝန်းကျင်ဆီမှာတော့ နွေရွက်ဝါဝါတို့ဖြင့် တစ်တောလုံး ရွှေရောင် ဆေးစက်သုတ်လိမ်းကာ ကြည့်လေတိုင်းမှာ အဝါ။ နွေ၏ လက်တံရှည်ဖြင့် ဖြန့်ကြက်လာပြီဆိုသည်နှင့် သစ်ရွက်စိမ်းတို့ ဝါရော်ခဲ့ရပေပြီ။ ထို့အတူပင် ရေတွင်းရေကန်တို့ သိုလှောင်နိုင်မှု လျော့ပါးကာ ခန်းခြောက်စပြုကြပြီ။ သောက်ရေအတွက် သုံးရေအတွက် အချိန်ပေးကာ ခပ်ယူ သယ်ဆောင်ကြရသည်။ အနီးအပါးမှသည် မိုင်နှင့်ချီကာ ရေခပ်ယူစုဆောင်ခြင်းဖြင့် ကြိုးပမ်းအားစိုက်ကြရသည်။
ငယ်နုစဉ်ကာလ ပုံရိပ်များဆီသို့ အာရုံ ရွေ့လျားမိရသည်။ အညာရပ်ဝန်းဆိုသော်လည်း စာရေးသူတို့ဒေသမှာ ပြောစမှတ်ပြုရလောက်အောင် ရေရှားရာဒေသမဖြစ်ခဲ့၍ ခုသာခံသာရှိခဲ့သည်။ ရွာ၏အိမ်ခြေမှာလည်း ၆၀ ဝန်းကျင်သာရှိခဲ့ပြီး ရွာထဲ၌ တောင်တွင်း မြောက်တွင်းဆိုပြီး ရေတွင်းနှစ်တွင်း ရှိသည်မို့ သောက်ရေသုံးရေမှအစ ဖူလုံလောက်ငခဲ့သည်။ သောက်ရေအတွက် တောင်တွင်းမှ ရေချိုကို အသုံးများကြပြီး ချိုးရေသုံးရေ၊ နွားစာ ရေအတွက်ကိုတော့ မြောက်ဘက်တွင်းကို အားပြုသုံးစွဲခဲ့ကြသည်။ စာရေးသူတို့က ရွာဦးထိပ် ဘုရားဝိုင်းနှင့် ထိစပ်လျက်ရှိသဖြင့် ချိုးရေအတွက် ဘုရားဝိုင်းတွင်းကိုသာ အားပြု သုံးစွဲခဲ့ကြသည်။ ထိုဘုရားဝိုင်း ရေတွင်းသို့ အရှေ့ဘက်ရွာသားအချို့လည်း လာရောက် ခပ်ယူသုံးစွဲကြပေသည်။ မကျေနပ်နိုင်သေးလျှင် ရွာတောင်ဘက်ဆီ၌ ကွေ့ဝိုက်စီးဆင်းလျက် ရှိသည့် ရွှေဒါးချောင်းရေကို သုံးစွဲလိုသပဆိုလျှင်လည်း နွေနွေမိုးမိုးဆောင်းဆောင်း အဆက်မပြတ် စီးဆင်းနေသည့် ချောင်းရေ အလျဉ်ထဲ ဒိုင်ဗင်ထိုးချလိုက်ရုံပင်။ လိုအပ်သလို အသုံးပြုနိုင်သည့် အခွင့်အရေးက ကျွန်တော်တို့ ရွာသားများအား အပိုဆုအဖြစ် သဘာဝက ပေးအပ်ထားခဲ့ပေသည်။
ထိုအခြေအနေများက ကျွန်တော်တို့ ငယ်နုစဉ် ကာလဖြစ်စဉ်များသာ။ အခုတော့ ငယ်ဖော် ရွှေဒါးချောင်းသည်ပင် ချောင်း၏ အထက်ဘက်ဆီက ပိတ်ဆို့တည်ဆောက်ခဲ့သည့် ‘ဆည်တမံ’ ပြီးခဲ့သည်မှစတင်ကာ ၁၂ ရာသီ ရေရှင် စီးဆင်းရာ ချောင်းကလေးအဖြစ် မှ - သည်။
(၂)
ကမ္ဘာကြီးက တစ်နှစ်ထက်တစ်နှစ်
ပိုပိုပူနွေးလာပြီ
ရေခဲတောင်များ အရည်ပျော်ကျလာပြီ
ပင်လယ်ရေမျက်နှာပြင် ပိုမိုမြင့်တက် လာပြီ
တစ်နေ့ထက်တစ်နေ့ ပတ်ဝန်းကျင် အ နေအထားများက လူသားတို့အပေါ် ပို၍ ခြောက်လှန့်လာခဲ့ပြီ။ လူသားတွေ အသက်ဖက်နှင့်သာ ထုပ်ပိုးထားကြပေရော့ဆိုသည့်နှယ်။ ဟိုနေရာမှာ မီးတောင်ပေါက်ကွဲ၊ ဒီနေရာက မီးဟုန်းဟုန်းတောက်။ ဟိုဘက်မှာ ရေကြီးရေလျှံ၊ မုန်တိုင်းတွေ တိုက်ကြရတာနှင့်။ ကန္တာရတွေ တစ်စထက်တစ်စ ကျယ်ပြန့်လာရတာနှင့် ဘယ်လိုမှ ခုန်ရှောင်၍မရလောက်အောင် စက်ကွင်းထဲ မိနေကြရသည်။ နှင်း မုန်တိုင်းတွေက တစ်မှောင့်။
ဒီကနေ့ကမ္ဘာကြီး၏ ရာသီဥတုဘက် နားစွင့်မိပြန်တော့ ‘အယ်လ်နီညို’ ဆိုတာကြီးက ခြောက်လှန့်နေပြန်သည်။ ၂၀၁၅ ဇွန်လဆီမှသည် ၂၀၁၆ ဇွန်လအထိ တစ်နှစ်တာ ကြာမည်ဆိုပေသည်။ အယ်လ်နီညိုဖြစ်စဉ်များတွင်မှ ပြင်းထန်သော အယ်လ်နီညိုနှစ်ဟု ဆိုထားပြန်ပေရာ နဂိုကမှ နွေရာသီရောက်သည်နှင့် မြန်မာပြည်ဒေသ အနှံ့အပြားဆီမှ ရေရှားပါးမှုပြဿနာများနှင့်အတူ အပူလှိုင်း၏ နှိပ်စက်မှု ဒဏ်ရာဒဏ်ချက်များဖြင့် ကျောကော့နေရတော့မည်မှာ ကျွန်တော်တို့နိုင်ငံ၏ နွေလရာသီ ပုံရိပ်များသာ ဖြစ်ပေသည်။
၂၀၁၅ ခုနှစ် မိုးရာသီကာလဆီက နိုင်ငံ၏ ဒေသအနှံ့အပြား၌ ရေကြီးရေလျှံမှုမြင် ကွင်းများသည်လည်း ထိုအယ်လ်နီညို၏ ရိုက်ချက်များသာဖြစ်ပေသည်။ မြန်မာနိုင်ငံ ဒေသကြီး ၁၄ ခုအနက်မှ ၁၂ ခုသို့တိုင် ပျံ့နှံ့ထိရောက်စွာ ဒုက္ခပေးခဲ့သည်မှာလည်း အယ်လ်နီညို၏ အံ့မခန်းလောက်သည့် စွမ်းအင် တန်ခိုးများသာပင်။ ခုတစ်ဖန် မိုးရာသီကာလ လွန်မြောက်ခဲ့ပြီး နွေရက်များသို့ တိုင်ခဲ့ပြီဆိုတော့ သောက်သုံးရေရှားပါးခြင်းနှင့် ပူပြင်းလောင်မြိုက်ခြင်းဆိုသည့် ညီနောင်နှစ်ဖော်က ကျွန်တော်တို့ သက်ရှိလောကသားများအပေါ် အနိုင်အထက်ပြုကာ စီးနင်းတိုက်ခိုက်ကြဖို့ အရှိန်ယူ အားပျိုးနေကြပြီပေါ့။
(၃)
နွေရာသီရောက်သည်နှင့် ရေရှားပါးမှု ပြဿနာများနှင့် ရင်ဆိုင်လာခဲ့ရသည်မှာ အားလုံးအသိပင်။ အထူးသဖြင့် အညာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသများ၌ ရေရှားပါးမှုများမှသည် ရေပြတ်လပ်သည်အထိ ကြုံတွေ့နိုင်ဖွယ် ရှိနေပေသည်။ ယခင်နှစ် နွေရာသီကာလ၌ အထက်ပိုင်းဒေသ တော်တော်များများ ရေရှားပါးခဲ့ကြသဖြင့် လူမှုရေးအသင်းအဖွဲ့များမှ လိုက်လံထောက်ပံ့ခဲ့ရသည့် မြင်ကွင်းများကို မေ့ပျောက်၍ မရနိုင်သေးခင်မှာပင် နောက်ထပ်တစ်ဖန် ရေပြတ်တောက်မှုများနှင့် ရင်ဆိုင်တိုးတိုက်ကြရဦးမည်ဆိုတော့ ကြိုတင်ပြင်ဆင်မှုများဖြင့် ထိုအယ်လ်နီညိုဆိုသည့် သဘာဝဖြစ်စဉ်အပေါ် တုံ့ပြန်ကာကွယ်ကြရမည်မှာ လူသားများ၏အားမာန်နှင့် အသိတရားပင်။
ရေရှားပါးမှုနှင့်ပတ်သက်၍ ဧရိယာ ဖြန့်ကြက်လာပုံကိုလည်း အာရုံပြုမိခဲ့ရာ လောလောဆယ် ရေရှားပါးမှုက တစ်နိုင်ငံလုံးနီးပါးလောက် ဖြစ်လာခဲ့ပေပြီ။ ‘‘ယခင်ကတော့ အလယ်ပိုင်းလောက်ပဲ။ ဒီနှစ် ရေရှားတဲ့နေရာ တွေက စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း နဲ့ ကယားပြည်နယ်တွေက ရေရှားပါးမှု အဆိုးဆုံး ကြုံနေရတယ်။ ရန်ကုန်ပါလာမယ်။ အထူးသဖြင့် ရန်ကုန်တစ်ဖက်ကမ်း ဒလပေါ့။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ခုနစ်ခု၊ ကျေးရွာ ပေါင်း ၂၀၀၀ လောက် ရေပြတ်လပ်မှု ကြုံတွေ့ရမယ်’’ဟု ဆိုပေသည်။
သောက်သုံးရေနှင့်ပတ်သက်၍ ၂၀၅၀ ပြည့်ကာလရောက်လျှင် ကမ္ဘာ့လူဦးရေ အများစုတို့ သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်ကြရမည်ဟု အစောပိုင်းကာလများကပင် ကြိုတင်ခန့်မှန်းထားခဲ့ကြပေသည်။ ၂၀၁၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်၌ ရေအရင်းအမြစ် ပြဿနာသည် အာရှဒေသများတွင် ဆိုးရွားလာပြီး ၂၀၃၀ ပြည့်နှစ်၌ လိုအပ်မည့် ရေ ပမာဏနှင့်ရရှိမည့် ရေပမာဏကွာဟချက်မှာ ရာခိုင်နှုန်း ၄၀ ထိ ရှိလာပေမည် ဆိုပေသည်။
လူဦးရေပေါက်ကွဲမှုနှုန်း တိုးမြင့်လာခြင်းသည်လည်း ရေရှားပါးပြတ်လပ်ခြင်း၌ ပံ့ပိုးအားတစ်ခုအဖြစ် ပါဝင်နေပေသည်။ ကမ္ဘာ့လူဦးရေသည် ၂၀ ရာစု၌ အလွန်အမင်း တိုးတက်လာခဲ့ပြီး ၂၀၅၀ ပြည့်နှစ်၌ သန်း ၉၀၀၀ ရှိလာမည်ဖြစ်သည်။ လူဦးရေတိုးလာသည်နှင့်အမျှ သောက်သုံးရေရှားပါးလာမည်မှာ သေချာနေပေသည်။ လက်ရှိကာလထိ အလွယ်တကူရရှိနိုင်သည့် ရေချိုပမာဏ ကုဗ မိုင် ၉၆၀၀ ခန့်ဖြင့် လုံလောက်နေပေသည်။ အနာဂတ်ကာလအတွက် ရေပြတ်လပ်မှု ပြဿနာသည်လည်း လူသားထုအပေါင်းအား ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကြုံတွေ့ရင်ဆိုင်လာရမည်မှာ အသေအချာပင်။ ဒီတော့ ကျွန်တော်တို့အားလုံးက အဖြုန်းဘက်သို့ ဦးတည်သည့်လုပ်ရပ်များ ရပ်တန့်ကာ အသုံးမည်သော ဆင်ခြင်မှုများဖြင့် သတိထား သုံးစွဲကြဖို့ လိုအပ်နေပေပြီ။
(၄)
ပုစ္ဆာရှိလျှင် အဖြေရှိစမြဲပင်။
ယခု အယ်လ်နီညိုနှင့် ထိပ်တိုက်တိုးခဲ့ရသဖြင့် မိုးကြီးခဲ့သည်။ ရေလျှံခဲ့သည်။ နောက်ထပ်တစ်ဖန် အပူလှိုင်းဒဏ်နှင့် ရေပြတ်လပ်ခြင်းများနှင့် ခံစားကြရမည့်အခြေသို့ ဆိုက်ရောက်ကြရပြန်ပေပြီ။ ကျွန်တော်တို့ဘက်က ခံနိုင်ရည်ရှိဖို့ ကြိုးပမ်းရပေတော့မည်။ ရေရရှိနိုင်မည့် နည်းလမ်းများဆီ ချဉ်းကပ်ရပေတော့မည်။ ရှိပြီးရေတွင်းရေကန်များလည်း အချိန်မတိုင်မီ ခန်းခြောက်ခဲ့ရပြီမို့ ရေရရှိနိုင်မည့် အရေးပေါ်စီမံချက်များဖြင့် အန်တုကြရပေမည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနကတော့ ပြဿနာဖြေရှင်းဖို့ လိုအပ်သည့် စက်ယန္တရားများ ရန်ပုံငွေ၊ နည်းပညာများ အဆင်သင့် စုဆောင်းပြင်ဆင်ထားပြီး ဒေသအချို့မှ ရေတွင်းရေကန်များသို့ ရေများ ဖြည့်တင်းပေးလျက်ရှိကြောင်း ဆိုထားပေသည်။
ယမန်နှစ် မြင်ကွင်းများ၌ ရေရှားပါးသည့် ဒေသများသို့ သွားရောက်၍ ရေလှူဒါန်းခဲ့ကြသည်။ အစုလိုက်အဖွဲ့လိုက် NGO များ၊ အသင်းအပင်းများ၊ ပုဂ္ဂလိကများ၊ လူငယ်များ၊ လူကြီးများဖြင့် အရွယ်စုံ ကာလာစုံ လှုပ်ရှားခဲ့မှုများက အားရဖွယ်ပန်းချီကားချပ်များ ဖြစ်ခဲ့သည်။ ရွာတစ်ရွာ ဒေသတစ်ခုဆီသို့ နှစ် ကြိမ်မှသည် သုံးလေးကြိမ်ထိ သွားရောက်ပံ့ပိုးခဲ့ကြသည်။ ယနေ့ကာလတွင်လည်း အဆိုပါ ရေရှားပါးဒေသများသို့ သွားရောက်လှူဒါန်းနိုင်ရေး အားမွေးကြ ပြင်ဆင်နေကြသည်။ ရက်ရောစိတ်ပါစွာ ထည့်ဝင်လှူဒါန်းနေမှု သတင်းများကလည်း အားကျဖွယ်ကောင်းအောင် ညှို့ငင်လျက်ရှိနေပေသည်။
ကျွန်တော်တို့အားလုံးကလည်း ကိုယ်နိုင်သမျှ ပါဝင်မှုပြုကြလျက် စုပေါင်း အင်အား ပြကြဖို့ တောင်းဆိုနေပေသည်။ ‘စုပေါင်းစားတော့ မြိန်’ဆိုသကဲ့သို့ တစ်ယောက်မှသည် တစ်သောင်းဟူသော ကိန်းဂဏန်းသို့တိုင် ပါဝင်အလှဆင်ကြဖို့ တောင်းဆိုနေပေပြီ။
ငါတို့သားချင်းတွေပဲ
ငါတို့သားချင်းတွေပဲ
လက်သည်းဆိတ်တော့ လက်ထိပ်လည်း နာရတာပေါ့
သူလဲပြိုနေတာ ငါက တွဲထူရမှာပေါ့
မနှစ်တုန်းကလိုပဲ သည်နှစ်မှာလည်း
သူတို့ရင်ဘတ်တွေထဲရောက်အောင်
ငါတို့အတောင်ပံတွေနဲ့ ကူးခတ်ပျံသန်းကြ မယ်
သူတို့လည်း ချောင်းဝရောက်အောင်
ရေတစ်ပေါက်ချင်စီ တိုက်ကျွေးပေးရမှာ ပေါ့
သူတို့ရင်ခွင်ထဲအရောက်
ခွန်နဲ့အားနဲ့ အုံနဲ့ကျင်းနဲ့ အကြင်နာမိုး ရေစက်တွေ
ပက်ဖျန်းရမှာပေါ့.. တိုက်ကျွေးရမှာပေါ့
တစ်ယောက်တစ်လက် တစ်ယောက် တစ် စက်..မှသည်










