‘အကောင်းဆုံးမန္တန်သည် မေတ္တာ’ တဲ့။ ကျွန်တော်သည် မတ်လ၏ ပူပြင်းလှသော နေ့လယ်ခင်းတစ်ခု၌ ဆရာအောင်ဝင်း (စိတ်ပညာ) ၏ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေရင်း စာအုပ်တစ်နေရာ၌ အထက်ပါ စာကြောင်းလေးကို သွားတွေ့ရပါသည်။ဆရာ၏ အဆိုအရ သိမ်မွေ့နက်နဲသော စိတ်ပညာရပ်ကြီး တစ်ခုလုံးကို အကျဉ်းချုံးလိုက်လျှင် အချက်နှစ်ချက်သာ ရှိပါသည်တဲ့။ ၎င်းတို့မှာ အဖျက်စိတ်နှင့် အပြုစိတ်နှစ်ခု ဖြစ်ကြောင်း၊ အပြုစိတ်ဟူသည်မှာ မိမိရင်ထဲမှာ အမြဲတစေ မွေးမြူထားရမည့် ‘မေတ္တာ’ ကိုပင် ဆိုလိုခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။လောကကြီးကို ဖျက်ဆီးချင်နေသည့် မကောင်းမြင်စိတ် (ဝါ) အဖျက်စိတ်ကို ဖယ်ရှားလိုလျှင် လောကကြီးကို အကောင်းမြင်တတ်မှ ဖြစ်လိမ့်မည်။ အကောင်းမြင်တတ်ဖို့ ဆိုလျှင် မေတ္တာစိတ်ကို လေ့ကျင့် ပျိုးထောင်ကာ မွေးမြူထားရပေလိမ့်မည်။ မေတ္တာစိတ် အားကောင်းမှ အကောင်းမြင်မည်။ အကောင်းမြင်တတ်မှ လောကကြီးကို ပြုပြင်ချင်စိတ် ထက်သန် အားကောင်းလာပါလိမ့်မည်။ ဒါသည်ပင် ဆရာအောင်ဝင်းပြောသည့် စိတ်ပညာ ဖြစ်ပါသည်။ဆရာက မေတ္တာအကြောင်း ပြောပြသည့် နေရာမှာ စိတ်ပညာရှင် ဝါလ်လာအမ်ဂျာမိန်း၏ အဆိုအမိန့် တစ်ခုကိုလည်း ထုတ်နုတ် တင်ပြထားပါသေးသည်။ ‘နေ့စဉ် မိနစ်တိုင်း မေတ္တာထားပါ။ မေတ္တာထားရန်ကို သင်သိမြင် နားလည်သည်နှင့် တစ်ပြိုင်နက် သင်သည် လူ့ဘဝတွင် နေထိုင်အသက်မွေးရန်ကို သိမြင် နားလည်လာပေလိမ့်မည်။ ဤမေတ္တာထားမှုသည် သင့်ခန္ဓာကိုယ် အတွင်း၌ အမြဲတစေ ပျံ့နှံ့နေရမည့် အာရုံစိတ်ထား ဖြစ်လေသည်’ တဲ့။ မေတ္တာစိတ်ကို မွေးမြူသင့်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည့် သဘောဖြစ်ပါသည်။တကယ်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာလည်း မေတ္တာစိတ်အကြောင်းကို ဗုဒ္ဓက ဟောကြားတော် မူခဲ့ဖူးပါသည်။ ပရိတ်ကြီး (၁၁) သုတ်ထဲမှာ သတ္တဝါတွေအပေါ် မေတ္တာပို့ရာတွင် ရွတ်ဖတ်ရမည့် ‘မေတ္တာ’ သုတ်ဆိုတာ ရှိပါသည်။ မေတ္တာသုတ်၏ အကျိုးအာနိသင်ကို ကဗျာလင်္ကာများဖြင့် ဖွဲ့ဆိုထားတာလည်း ရှိပါသည်။‘အိပ်နိုးချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက်လူနတ်၊ စောင့်လတ်နတ်များ၊ မီးဆိပ်စားတို့၊ ရှောင်ရှားကိုယ်မှာ၊ လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေကာမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း’...တဲ့။မေတ္တာသုတ်ကိုသာ ယုံယုံကြည်ကြည် လေးလေးစားစားနှင့် ရိုးရိုးသားသား ရွတ် ဖတ်ပူဇော်မည် ဆိုပါလျှင် အထက်ပါ မေတ္တာပွားမှု အကျိုး (၁၁) မျိုးကို ရရှိမှာ မလွဲဧကန်ပါပဲ။‘မေတ္တာပို့ခြင်း’ သည် စိတ်ကိုဆေးကြော သန့်စင်ခြင်း တစ်မျိုးလည်း မည်ပါသည်။ နေ့စဉ်နှင့်အမျှ မိမိပတ်ဝန်းကျင်မှာ မြင်ရကြားရ တွေးသိထိတွေ့ ဆက်ဆံရသည့်အခါ အနည်းနှင့် အများ လောဘ၊ ဒေါသ၊ မောဟ ဖြစ်စရာများ ပါလာလေ့ ရှိပါသည်။ အဆိုပါ လောဘ၊ ဒေါသ၊ မောဟတို့ကို ထိန်းသိမ်းနိုင်ဖို့ဆိုလျှင် မိမိစိတ်သန္တာန်ဝယ် မေတ္တာဓာတ် ကိန်းအောင်းနေဖို့ လိုအပ်ပါသည်။ မေတ္တာစိတ် ကင်းမဲ့နေလျှင် အရာရာကို အဆိုးမြင်ကာ အချစ်မဝင်ဘဲ အပြစ်တင်နေတော့မည်မှာ သေချာပါသည်။ပြောရလျှင် မေတ္တာစိတ်သည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး စသည့်အရေးကိစ္စမှာ အကျုံးဝင်ပါသည်။ စာပေသင်ကြား ပို့ချရာမှာ ဆရာ၊ ဆရာမတို့ရင်ဝယ် မေတ္တာဓာတ် ကိန်းဝပ်တည်ရှိနေမှ တပည့်တို့ကို စိတ်စေတနာ သန့်သန့်ဖြင့် သင်ကြား ပို့ချနိုင်ပါလိမ့်မည်။ စီးပွားရေး လူမှုဆက်ဆံရေး နယ်ပယ်များမှာလည်း အချင်းအချင်း အပြန်အလှန် ပြောဆိုဆက်ဆံ ရောင်းဝယ် ဖောက်ကားကြရာမှာ မေတ္တာက အခရာ ကျပါသည်။ ရောင်းသူဝယ်သူ မေတ္တာကိုယ်စီရှိမှ ကြည်ဖြူ အေးမြ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါလိမ့်မည်။နိုင်ငံရေးမှာလည်း ‘မေတ္တာစိတ်’ က မရှိမဖြစ် လိုအပ်နေတာပါပဲ။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ။ ခေါင်းဆောင်နှင့် နောက်လိုက်။ ဆရာနှင့်တပည့်။ အစိုးရနှင့် ပြည်သူ။ အပြန်အလှန် ဆက်ဆံကြရာမှာ မေတ္တာပေါင်းကူး တံတားထိုးထားဖို့ လိုပါသည်။ ပုဂံခေတ်ဝယ် ကျန်စစ်သားမင်းက တိုင်းသူပြည်သားတို့အား လက်ယာလက်ဖြင့် စားစရာတို့ကိုလည်းကောင်း၊ လက်ဝဲလက်ဖြင့် ဝတ်စရာတို့ကို လည်းကောင်း ပေးအပ်ပါမည်ဟု မြည်တမ်းခဲ့ခြင်းသည် အဆိုပါ မေတ္တာစိတ်ကြောင့်ပင် ဖြစ်သည်။တိုင်းပြည်တစ်ပြည်ကို ဦးဆောင်ဦးရွက်ပြု၍ အုပ်ချုပ်ရာတွင် ‘အာဏာ’ ကိုသာ လက်ကိုင်ပြု၍ အုပ်ချုပ်နေလျှင် သင့်လျော် မှန်ကန်ပါ့မလား။ ‘အာဏာ’ ကို ‘မေတ္တာ’ ဖြင့် ထိန်းကွပ် မထားဘူးဆိုလျှင် ‘ငါ့မှာ အာဏာရှိတယ်။ ငါ လုပ်ချင်ရာ လုပ်တယ် ဘာဖြစ်လဲ’ ဆိုပြီး ထင်ရာစိုင်းချင်နေသည့် အတ္တစိတ်၊ မာနစိတ်ကို မေတ္တာစိတ်ဖြင့် ပဲ့ကိုင်ထိန်းချုပ်မှု မပြုလုပ်ဘူးဆိုလျှင် ‘အောင်မြင်သည့် နိုင်ငံရေး’ ဖြစ်ပေါ်လာပါ့မလား။ မလျော်သြဇာ၊ အာဏာ၊ ပါဝါတွေသုံးပြီး တစ်တိုင်းပြည်လုံးကို ထင်တိုင်းကြဲ လုပ်ချင်ရာလုပ်ပြီး အာဏာက ခိုင်းသမျှ မဆိုင်းမတွ လုပ်နေသည့် အပြုအမူများကို ‘မေတ္တာ’ စိတ်ဖြင့် ပြန်လည်ဖြေဖျောက်ကာ အချိန်မီ ဆုံးမပဲ့ပြင်မှု မပြုလုပ်ဘူးဆိုလျှင် ‘အောင်မြင်သည့် နိုင်ငံတစ်ခု’ ကို ထူထောင်နိုင်စွမ်း ရှိပါ့မလား။အာဏာသွားရာနောက်ကို မေတ္တာတရားက တကောက်ကောက် လိုက်ပါနိုင်ပါမှ၊ အာဏာ ဆိုးသွမ်းသမျှကို မေတ္တာရေစင်ဖြင့် အချိန်မီ ဆေးကြောသန့်စင်နိုင်ပါမှ ‘မြင့်မြတ်သည့် နိုင်ငံရေးစနစ်’ တစ်ခုကို ထူထောင်နိုင်လိမ့်မည်ဟု ထင်မြင်မိပါသည်။ ကျွန်တော်တို့ နိုင်ငံ၏ လက်ရှိအနေအထားမှာလည်း တကယ်လိုအပ်နေတာ ‘မေတ္တာပါသည့် နိုင်ငံရေး’ ပါပဲ။ မေတ္တာတရားက ဦးဆောင်သည့် နိုင်ငံရေးဖြစ်ဖို့ လိုအပ်ပါသည်။ နိုင်ငံတစ်ခုကို တည်ထောင်ပြုရာမှာ အဆိုပါ မေတ္တာတရား မပါသရွေ့ ပြည်သူတွေ အငတ်ငတ် အပြတ်ပြတ်နှင့် ဆင်းရဲတွင်းနက်မြဲနက်နေ ဦးမည်သာ။ လူတစ်စုသာ ချမ်းသာပြီး လူထုက မွဲပြာကျနေဦးမည်သာ။ ထားစရာ မရှိသူနှင့် စားစရာမရှိသူ လူတန်းစာနှစ်ရပ် အဆမတန် အလှမ်းကွာဝေးနေဦးမည်သာ။တိုင်းပြည်၏ လက်ရှိအဖြစ်အပျက်များကို မျှော်ကြည့်လိုက်လျှင် စိတ်မချမ်းသာစရာများနှင့် ပြည့်နှက်နေသည်ကို တွေ့မြင်ရပါသည်။ ပညာရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သော ကျောင်းသူကျောင်းသားများမှာ ခုချိန်ထိ သံတိုင်များကြားထဲမှာ မလွတ်မြောက်နိုင်သေး။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများမှာလည်း ထို့အတူ။ လယ်ယာမြေ လက်လွတ် ဆုံးရှုံးခဲ့ရသူများမှာလည်း ထို့အတူ။ ကျူးကျော်တဲ အဖျက်ခံရသည့် မိဘပြည်သူများမှာလည်း ထို့အတူ။ ကျွဲနှစ်ကောင်ခတ်သည့်ကြားက မြေစာပင်ဘ၀ ရောက်ရရှာသည့် စစ်ပြေးဒုက္ခသည်များမှာလည်း ထို့အတူ။ ဘဝတွေက ထူးခြားပြီး တိုးတက်ကောင်းမွန်မလာခဲ့။ ဒုံရင်းက ဒုံရင်း။ ဆင်းရဲတွင်းနက်မြဲ နက်လျက်။ အစစ အရာရာ ချွတ်ခြုံကျမြဲကျလျက်။ အခု အချိန်ထိ မငြိမ်းချမ်း၊ မအေးမြ၊ မစိုပြေနိုင်သေး။ လက်သည်တရားခံမှာ မေတ္တာအခြေခံသည့် နိုင်ငံရေးစနစ်ကို မထူထောင်နိုင်သေးခြင်းပင် ဖြစ်သည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများကြားထဲတွင် မေတ္တာတရား ရှားပါး ကင်းဆိတ်နေခြင်းပင် ဖြစ်သည်။ မေတ္တာဓာတ်တွေ စိမ်းစိုမလန်းဆန်းဘဲ ခြောက်သွေ့ပူလောင်နေခြင်းပင် ဖြစ်သည်။တကယ်ဆို မိမိတိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သဘောထားသင့် လှပါသည်။ ဖမ်းဆီးခံ ကျောင်းသူကျောင်းသားများကို ထပ်တိုးပုဒ်မများနှင့် ထပ်တိုးဒုက္ခတွေ မပေးသင့်တော့ပါ။ လယ်မဲ့ယာမဲ့ ပြည်သူတွေ၏ သောက မျက်ရည်တွေကို မေတ္တာလက်ဖြင့် အချိန်မီ သုတ်ပေးသင့်လှပြီ။ သေနတ်သံ အမြောက်သံတွေကြားထဲက ဒဏ်ရာရ နှလုံးသားတွေကို မေတ္တာတရားဖြင့် နှစ်သိမ့်ကုစားပေးသင့်လှပြီ။ မိမိအတွက် အကျိုးရှိပြီး ပြည်သူအတွက် အကျိုးမရှိသည့် စီမံကိန်းများကို အချိန်မီ ရုပ်သိမ်းသင့်လှပြီ။ မိမိအတွက် အဆင်ပြေပြီး ပြည်သူအတွက် အဆင်မပြေသည့် ‘အယူသီးမှုများ’ ‘အစွဲအလမ်းကြီးမှုများ’ ကို အချိန်မီ ဖယ်ခွာချသင့်လှပြီ။ မိမိတို့ ရင်ထဲမှာ လောင်မြှိုက်နေသည့် လောဘ၊ ဒေါသ၊ မာနမီးတောက်တွေကို မေတ္တာရေစင် ရေပေါက်များဖြင့် အချိန်မီ ငြှိမ်းသတ်သင့်လှပြီ။မေတ္တာတရားက အေးမြကြည်လင်ပါသည်။ ပြည်သူတွေကို မေတ္တာပေးပါ။ ပြည်သူတွေကို မေတ္တာပို့ပါ။ တုံ့ပြန်လာသည့် ပြည်သူ့မေတ္တာကိုလည်း ခံယူပါ။ မေတ္တာအခြေခံသည့် နိုင်ငံရေး စနစ်ကို ထူထောင်ဖို့ အချိန်တန်ပါပြီ။ ‘အာဏာ’ ကို ‘မေတ္တာ’ ဖြင့် တွဲဖက်လို့ ပြည်သူ့အကျိုး ဆောင်ရွက်နိုင်ကြပါစေလို့။










