“အခုခေတ်က ကျောင်းတွေ ိတ်သွား လည်း ကလေးတွေကို စာနဲ့ဝေးထားလို့မရဘူး။ ကျောင်းပိတ်လို့ ကျောင်းစာ မလုပ်ဖြစ်ရင်တောင် တခြားသင်တန်းတွေတော့ တက်ခိုင်းထားရတာပဲ။ အတန်းတင် စာမေးပွဲပြီးတော့ တစ်ပတ်လောက်တော့ အိမ်မှာ အေးဆေး နားခိုင်းထားတယ်။အခုတော့ အင်္ဂလိပ်စာသင်တန်းရယ်၊ ကွန်ပျူတာသင်တန်းရယ် တက်ခိုင်းထားတယ်။ ကလေးက ရေကူးသင်တန်းလည်း တက်ချင်တယ်ဆိုလို့ အပ်ပေးထားတယ်။ တစ်နေကုန် သင်တန်းတွေ တက်နေရလို့ ကလေးကို သနားပေမယ့်လည်း အဲဒီလိုမှ မလုပ်ရင်လည်း ကိုယ့်ကလေးက သူများ နောက်ကျန်ခဲ့မှာ။ အခုခေတ်က အဲဒီလောက် လုပ်ပေးတာတောင်မှ သူများနဲ့တန်းတူဖြစ်ဖို့ မနည်း အမီလိုက်နေရတာကိုး” လို့ အိမ်နီးချင်း အဒေါ်ကြီးတစ်ယောက်က ပြောတဲ့ စကား ကိုကြားရတော့ သြော်.. သူပြောတာလည်း ဟုတ်တော့ဟုတ်သားပဲလို့ ခေါင်းတညိတ်ညိတ်နဲ့ ဖြစ်ရပြန်လေရော။
တစ်ဖက်ကကြည့်တော့လည်း တစ်နှစ်ပတ်လုံး ကျောင်းစာတွေ ကုန်းရုန်းလုပ်၊ အိမ်ရယ်၊ ကျောင်းရယ်၊ ကျူရှင်ရယ် သုံးခုကြားမှာ အသည်းအသန်တွေ ပြေးလွှား၊ ကစားချိန်ရယ်၊ နားချိန်ရယ်ဆိုပြီး သတ်သတ်မှတ်မှတ် မရှိတော့ဘဲ အိပ်ရာဝင်ချိန်ကပဲ သူတို့ရဲ့ နားချိန်လိုဖြစ်နေရတဲ့ ကလေးတွေ အခုလို အတန်းတင်စာမေးပွဲကြီးပြီးလို့ နွေရာသီ ကျောင်းရက်ရှည် ပိတ်တာတောင် သင်တန်းတွေမျိုးစုံကို တက်ပြီး လုံးပန်းနေရတုန်းပါလားဆိုပြီး တွေးမိတော့ ကလေးတွေကို သနားမိပြန်ရဲ့။အခုခေတ်မှာက အနည်းဆုံး ဘာသာစကားလေးတစ်ခုလောက်တော့ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်မှ၊ ကွန်ပျူတာလေးလည်း သုံးတတ်ဦးမှ၊ ဟော.. ကျောင်းစာကျတော့လည်း အမှတ်နည်းလို့က မဖြစ်ပြန်ဘူး။ ဒီတော့ ဘက်ပေါင်းစုံစေ့နေအောင် လုပ်ဖို့အတွက်တော့လည်း အချိန်တွေ၊ ငွေတွေပေးပြီး သင်တန်းတွေ တက်ရပြန်ရော။ မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်သားသမီး သူများထက်သာအောင်၊ သူများထက် သာမနေရင်တောင် သူများနဲ့ တန်းတူဖြစ်နိုင်မှဆိုပြီး ကလေးတွေ လိုအပ်သမျှကို အနောက်ကနေ တကောက်ကောက်လိုက် ပံ့ပိုးပေးကြလေရဲ့။ ငွေကြေးပြည့်စုံတဲ့ သူများကျတော့လည်း သာမန်ရိုးရိုး ကျူရှင်တွေတောင်မဟုတ်၊ ဝိုင်းကျူရှင်တွေ၊ Guide နဲ့ သီးသန့်သင်တဲ့ ကျူရှင်တွေအပြင် စာစီစာကုံးသင်တန်းသီးသန့်၊ အင်္ဂလိပ်စာ သင်တန်းသီးသန့်၊ ဘာသာတစ်ခုချင်းစီအလိုက် အသင်အပြ ကောင်းတယ်ဆိုတဲ့ နာမည်ကြီးဆရာတွေ တစ်ယောက်ချင်းဆီမှာ သီးသန့်နဲ့ ကျူရှင်စုံ၊ သင်တန်းစုံ ကောင်းပေ့ဆိုတဲ့ သင်တန်းတွေ တက်နိုင်ဖို့ မိဘတွေက ထားပေးကြလေရဲ့။ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေကျတော့လည်း ကိုယ့်သားသမီး ပညာရေး သူများနောက်ကျန်မှာစိုးလို့ ငွေကို ကြိုးစားခြစ်ကုတ်ရှာလို့ နီးစပ်ရာ ကျူရှင်တွေ၊ နွေရာသီအားလပ်ရက်မှာ ပညာဒါနအခမဲ့ သင်တန်းတွေမှာ ခေတ်နဲ့အညီ လိုအပ်တဲ့ ပညာတွေသင်ယူနိုင်ဖို့ ထားပေးကြတာကိုလည်း တွေ့ရတယ်။
ဒီရက်ပိုင်းလေးတင် နွေရာသီကလေး ွှေူနညအ ပြိုင်ပွဲလေးတစ်ခုလုပ်တော့ စာရေးသူ သွားကြည့်ဖြစ်တယ်။ အဲဒီမှာ ကလေးတွေက အဆို၊ အက၊ စန္ဒရားတီး၊ အနုပညာ စွမ်းရည်တွေ အမျိုးစုံကို Talent ပြတာကို တွေ့ရတော့ ဒီလို Talent ပြနေတာ ကလေးတွေမှ ဟုတ်ပါရဲ့လားလို့ ထင်ရလောက်အောင်ကို တော်ကြတာ၊ ကြိုးစားကြတာကို တွေ့ရတယ်။ အကဲဖြတ်ဒိုင်တွေက မေးခွန်းတွေ မေးတဲ့အခါမှာလည်း ကလေးတွေက သွက်သွက်လက်လက်နဲ့ သတ္တိရှိရှိ ဖြေဆိုနိုင်သလို၊ အင်္ဂလိပ်လို အမေးအဖြေတွေ လုပ်တဲ့အခါမှာလည်း နည်းနည်းလေးမှ အထစ်အငေါ့မရှိဘဲ ရဲရဲတင်းတင်းနဲ့ အကောင်းဆုံး ဖြေဆိုယှဉ်ပြိုင်နိုင်တာကို တွေ့ရတော့ အခုခေတ်ကလေးတွေရဲ့ ကြိုးစားမှုကိုလည်း ချီးကျူးမိတယ်။ သူတို့အခုလို စင်မြင့်ပေါ်မှာ သတ္တိရှိရှိနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အနောက်ကနေ အစစအရာရာ ပံ့ပိုးနေတဲ့ မိဘတွေ၊ အနောက်ကနေ တကောက်ကောက် လိုက်ပြီး ပြိုင်ပွဲမှာအကောင်းဆုံး ပြိုင်နိုင်ဖို့ သင်တန်းတွေထား၊ လေ့ကျင့် စသဖြင့် အစစ လိုလေသေးမရှိ ပံ့ပိုးပေးတဲ့မိဘတွေ၊ သူတို့ကိုယ်တိုင် စင်အောက်မှာ အပြုံးမျက်နှာတွေနဲ့ သားသမီးတွေကို အားပေးနေတာ တွေ့ရတော့ အခုခေတ်မှာ အဲဒီလို ကလေးတွေ တော်နေဖို့အတွက် ကလေးတွေရဲ့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုအပြင် မိဘတွေရဲ့ပံ့ပိုးမှု၊ နောက်ကွယ်ကနေ Control လုပ်ပေးနိုင်မှုတွေက ဘယ်လောက်တောင် အရေးပါလဲဆိုတာကိုလည်း သိမြင်ရသလို၊ မိဘတွေရဲ့ကိုယ့်သားသမီးကို သူများထက် အစစအရာရာမှာ တော်နေစေချင်တဲ့၊ ထူးချွန်ထက်မြက်စေချင်တဲ့၊ သူတို့သားသမီးအတွက် ဂုဏ်ယူချင်တဲ့ အတ္တတွေကိုလည်း တွေ့မြင်ခဲ့ရတယ်။
အခုလည်း ဟိုးအရင်ကာလတွေတုန်းကလို နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ကလေးတွေ အော်ဟစ်ဆူညံကစားကြတဲ့ အသံတွေထက် လှလှပပလေး ပြင်ဆင်ပြီး ဟိုသင်တန်းပြေးလိုက်၊ ဒီသင်တန်းပြေးလိုက်၊ ပြိုင်ပွဲတွေရှိရင် ဝင်ပြိုင်လိုက်၊ ပြိုင်ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်လိုက်နဲ့ ကလေးတစ်ယောက်နဲ့မတူဘဲ လူကြီးတစ်ယောက်လို အလုပ်တွေ ကြိုးစားလုပ်နေကြရတဲ့ သူတို့လေးတွေက သနားဖို့လည်း ကောင်းသလို၊ အပြိုင်အဆိုင် ခေတ်ကြီးထဲမှာ အသက်လေးတွေငယ်ပေမယ့် မိဘတွေစိတ်တိုင်းကျ၊ ခေတ်ရေစီးကြောင်းထဲမှာ အမီလိုက်ပါနိုင်ဖို့ ကြိုးစားနိုင်ကြတဲ့အတွက် ဂုဏ်ယူစရာလည်းကောင်းပါရဲ့။ အတန်းတင်စာမေးပွဲကြီး ပြီးပေမယ့်လည်း ကလေးတွေအတွက် အိမ်မှာ အေးဆေးအနားယူပြီး ကလေးတစ်ယောက်လို ဖြတ်သန်းရမယ့် နေ့ရက်တွေကတော့ သိပ်ကြာကြာမရရှာပါဘူး။ တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန်လာတဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ၊ ပြောင်းလဲမှုအရှိန် အဟုန်တွေကြားမှာ၊ မိဘတွေရဲ့ ကုန်ဆုံးမသွားနိုင်တဲ့ အတ္တတွေကြားမှာ သူတို့တွေ ခေတ်ရဲ့တောင်းဆိုသမျှ သင်တန်းတွေ၊ သူတို့ဝါသနာအရ တက်ရောက် သင်ယူချင်တဲ့ သင်တန်းတွေကို တက်ရောက်ရင်း ဖြတ်သန်းကြရပြန်ပြီ။ သင်တန်းတွေ တက်တာ၊ တတ်မြောက်ထားသင့်တဲ့ပညာတွေကို သင်ယူတာ ကောင်းပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ ကိုယ်ပိုင်အနားယူချိန်၊ ကိုယ်ပိုင် သီးသန့်အချိန်လေးတွေလည်း ရှိသင့်သလို သူတို့ရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်ပေးဖို့ ဆိုတာတွေလည်း ရှိပါတယ်။ အခုဆို သင်တန်းကျောင်းတွေကလည်း ရွေးချယ် တက်ရောက်စရာများ လာသလို၊ တစ်နေကုန် သင်တန်းတွေကြားမှာ နစ်မြုပ်နေရတဲ့ကလေး တွေအတွက် သင်တန်းတက်ရောက်ရတဲ့ အချိန်ကာလကလည်း သိပ်ကို အရေးကြီးပါတယ်။
အထူးသဖြင့် မနက်ခင်း၊ ညနေခင်း အချိန်တွေ သာမကဘဲ နေ့လယ်ခင်းအချိန်တွေမှာပါ ဖွင့်လှစ်ထားတဲ့သင်တန်းတွေကို တက်ရောက်ရတဲ့ ကလေးတွေအတွက်တော့ အထူးသတိပြုသင့်ပါတယ်။ အရင်နှစ်တွေထက် အခုနှစ်မှာ ရာသီဥတုအပူချိန်က ပိုမိုမြင့်မားမယ်လို့လည်း ပညာရှင်တွေက သတိပေး ကြေညာထားသလို၊ နေ့အပူချိန်က သိသိသာသာ မြင့်မားနေတာကိုလည်း ကိုယ်တိုင်လည်း ခံစားသိနေကြရတာပဲ မဟုတ်လား။နွေရာသီရဲ့ နေ့လယ်ခင်း နေအပူပြင်းဆုံးအချိန်တွေမှာ အိမ်အပြင်ထွက်ပြီး သင်တန်းတွေ သွားနေရမယ်ဆိုရင် ကလေးတွေအတွက်လည်း များစွာ လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်စေနိုင်သလို၊ သူတို့ရဲ့ကျန်းမာရေးအတွက်လည်း ထိခိုက်နိုင်ပါတယ်။ အဲဒီလိုနေ့လယ်ခင်းအချိန်တွေမှာ ချွေးသံတရွှဲရွှဲနဲ့ စာသင်ရမယ် ဆိုရင်လည်း စာတွေက ခေါင်းထဲကိုဝင်ဖို့သိပ်ကို ခက်ခဲမှာဖြစ်သလို၊ သူတို့ရဲ့အာရုံစူးစိုက်မှု အသိဉာဏ်ကလည်း လျော့ကျနေမှာ ဖြစ်တဲ့အတွက် တတ်နိုင်သမျှတော့ ဒီလိုအချိန်တွေမှာ ကလေးတွေကို အပြင်ကို မထွက်စေဘဲ ကိုယ့်အိမ်မှာသာ အေးဆေးအနားယူပြီး၊ သူတို့ဖတ်ချင်တဲ့ စာအုပ်လေးတွေဖတ်ရင်း၊ အနားလည်းယူရင်း ဗဟုသုတလည်းတိုးအောင် မိဘတွေက လမ်းညွှန်ပေးသင့်ပါတယ်။
တန်ဖိုးရှိတဲ့ အားလပ်ရက်တွေမှာ ကိုယ့်ရဲ့အတ္တသက်သက်အတွက်တော့ ကိုယ့်သားသမီး ကျန်းမာရေး ထိခိုက်တာမျိုးအထိဖြစ်အောင် နေ့မနား၊ ညမနား သင်တန်းတွေ တက်စေတာမျိုး မဖြစ်ဖို့ ဆင်ခြင်သင့်သလို၊ သင်တန်းကျောင်း ဖွင့်လှစ်ထားသူတွေအနေနဲ့လည်း ကိုယ့်ရဲ့အကျိုးစီးပွားတစ်ခုတည်းကို ကြည့်ပြီး နေ့လယ်ခင်း နေအပူချိန် မြင့်မားတဲ့အချိန် တွေမှာပါ သင်တန်းတွေ ဖွင့်လှစ်သင်ကြားတာထက် ကလေးတွေအတွက် သွားလာရ အဆင်ပြေမယ့်၊ စာသင်လို့ကောင်းမယ့် အေးအေးချမ်းချမ်း အချိန်မျိုးလေးတွေဖြစ်တဲ့ နံနက်စောစောပိုင်း အချိန်တွေ၊ ညနေခင်း နေအေးတဲ့ အချိန်တွေမှာသာ သင်တန်းချိန်တွေကို ထားရှိ ဖွင့်လှစ်သင်ကြားမယ်ဆိုရင် ပိုမို ကောင်းမွန်မှာပါ။ တချို့သော သင်တန်းတွေက နေ့လယ်ခင်း အချိန်မျိုးတွေမှာပါ ဖွင့်လှစ်သင်ကြားတဲ့အခါ အဲဒီသင်တန်းကို တက်ရောက် သင်ယူချင်တဲ့သူတွေအနေနဲ့ မဖြစ်မနေ တက်ရောက်ရတဲ့အခါ အခုလို နွေရာသီ နေအပူချိန်ကြောင့် ကလေးတွေအတွက် ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့အထိ စိုးရိမ်စရာကောင်းပါတယ်။ဖြစ်လာမှ စိတ်ထိခိုက် နောင်တရ ရတာထက် မဖြစ်ခင်က ကြိုတင် ကာကွယ်ကြတာ ပိုကောင်းပါတယ်။
ခေတ် အပြောင်းအလဲကြီးထဲက ပြိုင်ဆိုင်မှုတွေ၊ ကလေးတွေ ကိုယ်တိုင်က ကလေးတစ်ယောက်လို အနားယူဆော့ကစားဖို့ထက် သင်တန်းတွေ တက်ရောက်ချင်တဲ့စိတ်ရှိနေတာတွေ၊ ကိုယ့်သားသမီးအပေါ်မှာ ထားတဲ့ မိဘတွေရဲ့ ဖြစ်စေချင်တဲ့စိတ်စေတနာတွေ၊ အောင်မြင်စေချင်တဲ့၊ သူများထက်သာစေချင်တဲ့ အတ္တတွေကြောင့် ကလေးတွေကို နွေရာသီ အားလပ်ရက်မျိုးမှာတောင် သင်တန်းတွေရယ်၊ နောက်နှစ်အတွက် စာတွေကို ကြိုလုပ်ထားဖို့ ကျူရှင်တွေရယ်၊ ကလေးတွေရဲ့ ဝါသနာကိုပံ့ပိုးပေးမယ့် သင်တန်းကျောင်းတွေရယ်ကို တက်ရောက်စေတာ အပြစ်မပြောလိုပေမယ့် တတ်နိုင်သမျှတော့ အခုလို ပူပြင်းလှတဲ့ အချိန်တွေမှာ ကလေးတွေကို အိမ်ထဲမှာပဲ နေစေပြီး သူတို့အတွက် အကျိုးရှိမယ့်စာအုပ်တွေ ဖတ်စေတာမျိုး၊ အနားယူရင်း မိသားစုနဲ့ နွေးနွေးထွေးထွေး နေစေတာမျိုးတွေက ပိုဖြစ်သင့်ပါတယ်။ ကလေးတွေရဲ့ အနာဂတ်အတွက် အားလပ်ရက်အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်အောင် စီစဉ်ပေးကြသလို၊ ကလေးတွေရဲ့ အနာဂတ်မှာ လန်းဆန်းတက်ကြွပြီး အောင်မြင်တဲ့သူတွေဖြစ်စေဖို့ ကြိုးစားနိုင်အောင် လူရော စိတ်ပါ ကျန်းမာပြီး နေစေဖို့အတွက် မိဘ၊ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေအတွက် ကိုယ်ပိုင်သီးသန့် အနားယူချိန်လေးတွေ သတ်မှတ်ထားရှိစေဖို့နဲ့ အပြင်ထွက်ပြီး သင်တန်းတွေ က်ရောက်စေ ရာမှာလည်း သင်တန်းအချိန်တွေကို ဂရုတစိုက်နဲ့ အဆင်ပြေတဲ့အချိန်တစ်ခုမှာ တက်ရောက်နိုင်အောင် စီစဉ်ပေးနိုင်ဖို့လည်း လိုပါတယ်။ ကိုယ့်ကလေးတွေကို ချစ်ပါ၊ သူတို့အနာဂတ်အတွက် ပျိုးထောင်ပါ။ လမ်းညွှန်ပေးပါ။ သူများထက်တော်တဲ့ ကလေးတွေဖြစ်လာဖို့ ပံ့ပိုးပေးပါ။ သို့သော် သူတို့ရဲ့ကျန်းမာရေးနဲ့ စိတ်ခံစားမှုတွေကိုလည်း အလေးထားပြီး ဂရုစိုက်ပေးသင့်ပါတယ်ဆိုတာ ပြောကြားရင်း။










