စာရေးဆရာ ‘မောင်သာရ’ ရဲ့ ဝတ္ထုတစ်ပုဒ် ခေါင်းစဉ်ကို ကျွန်တော်ပဲ နှစ်သက်ခဲ့ရဖူးပါတယ်။ ‘ဒို့ဘက်က ကြည့်တော့ သစ္စာဖောက်၊ သူတို့ဘက်က ကြည့်တော့ သူရဲကောင်း’ ဆိုလား။ ဒါနဲ့ ပတ်သက်လို့ သည်နေရာမှာ ‘သစ္စာဖောက်’ နဲ့ ‘သူရဲကောင်း’ ဆိုတဲ့ စကားရပ် နှစ်ခုကို ကိုယ်နားလည်သလောက် အဓိပ္ပာယ် ဖွင့်ကြည့်တဲ့အခါ သစ္စာဖောက်ဆိုတာ အသားထဲက လောက်ထွက်တာပါပဲ။ တစ်နည်းအားဖြင့် ကိုယ့်အချင်းချင်း စောင့်ရှောက်ရမယ့်အစား ကိုယ်နဲ့ မသင့်မြတ်တဲ့ ရန်သူနဲ့ ပေါင်းပြီး ကိုယ့်အချင်းချင်း ဒုက္ခပြန်ပေးတာမျိုးကိုလည်း သစ္စာဖောက်တယ်လို့ နားလည်ရပါတယ်။ ဒါပေမဲ့ သည်နေရာမှာ စဉ်းစားစရာ တစ်ခုက အကျင့်ပျက် ခြစားသူ အချင်းချင်း တစ်ဦးကို တစ်ဦး စောင့်ရှောက်ပြီး ပြည်သူကို ဒုက္ခပေးနေတာ မျိုးကရော သစ္စာရှိတယ်လို့ ခေါ်နိုင်သလား။ သည်အထဲကမှ အမှားကို သိမြင်ပြီး ရိုးသား ကောင်းမွန်တဲ့ ဘဝနဲ့ ရပ်တည်ဖို့ ကြိုးစားတဲ့ သူမျိုးကိုရော သစ္စာဖောက်လို့ ခေါ်နိုင်သလား ဆိုတာပါပဲ။နောက်တစ်ခါ ‘သူရဲကောင်း’။ သူက ‘အာဇာနည်’ နဲ့ ခပ်ဆင်ဆင် တူပါတယ်။ ပမာအားဖြင့် ဝန်ကြီးချုပ် ဦးနုက ‘အာဇာနည်တို့ မည်သည် ကိုယ့်အသက် ကိုယ့်စည်းစိမ်ထက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတို့၏ အသက် စည်းစိမ်ကို ပိုပြီး အရေးထားသည်က တစ်ကြောင်း၊ တာဝန်ကျေပွန်ဖို့ ကြုံလာလျှင် တစ်ခါမက ၁၀ ခါမျှပင် သေလိုက်ရန် အသင့် ဖြစ်နေသည်က တစ်ဖုံ၊ တစ်သက်တစ်ခါ သေရမည့် အတူတူ သူရဲဘောနည်းသည့် လူနုံလူအ၊ လူချာတို့၏ သေခြင်းမျိုးဖြင့် မသေဘဲ အာဇာနည်ပီပီ ရဲရဲရင့်ရင့် သေရခြင်းက မြတ်လှသည်ဟု ယုံကြည်ထားသည်က တစ်ကြောင်း’ ဆိုပြီး ‘အာဇာနည်’ ရဲ့ ဂုဏ်ပုဒ်ကို ထုတ်ဖော် ရေးသားထားတာကို မှတ်ခဲ့ရဖူးပါတယ်။ ဒါကိုကြည့်ရင် သူရဲကောင်း ဆိုတာကလည်း ကိုယ့်အသက် ကိုယ့်စည်းစိမ် ကိုယ့်ရာထူးထက် တိုင်းပြည်နဲ့ လူမျိုးတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ပိုပြီး အရေးထားကြသူတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုပဲ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် တာဝန်ကျေပွန်ဖို့ ဦးမလေးတဲ့ သူတွေလည်း ဖြစ်မှာ အမှန်ပါပဲ။ ဒါ့အပြင် ‘သူရဲကောင်း ဆိုတာ တစ်သက်မှာ တစ်ခါပဲ သေတယ်’ ဆိုတဲ့ စကားလည်း ကြားဖူးပါတယ်။ ဆိုလိုတာက သာမန် လူနုံ လူအ လူချာ ဆိုတာကတော့ လုပ်တဲ့ အခါလည်း အကျိုးအပြစ်ကို နားမလည်၊ လုပ်ပြီးလို့ တာဝန်ယူရမယ်လည်း ဆိုရော ဘယ်သူက ခိုင်းလို့၊ ဘယ်ဝါက ခိုင်းလို့နဲ့ အပြစ်က လွတ်အောင် သနားစရာ မျက်နှာနဲ့ မျက်ရည်ခံထိုး။ ကိုယ့်ကြောင့် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး မျက်နှာငယ် ဒုက္ခရောက်စရာ အဖြစ်မျိုးနဲ့ ကြုံခဲ့ရတာတောင်မှ ကိုယ်နဲ့ မဆိုင်သလို ဘေးရှောင်ပြီး မသိချင်ယောင် ဆောင်နေတတ်တဲ့ လူမျိုးပါ။ဒါကြောင့်လည်း လောကနီတိမှာ ရှင်လျက်နဲ့ သေသူဆိုပြီး ဆင်းရဲသောသူ၊ အနာရောဂါ နှိပ်စက်သောသူ၊ မိုက်မဲသောသူ၊ အကြွေးထူသော သူနဲ့ နောက်ဆုံး မင်းဝယ်ကိုယ်ကြပ် ခစားသောသူ ဆိုပြီး ဒီငါးယောက်ကို ညွှန်းဆိုထားပါတယ်။ အထူးသဖြင့် သက်ဦးဆံပိုင် အာဏာရှင်ဆန်ဆန် တိုင်းပြည်ကို ဓားမိုးပြီး အုပ်ချုပ်ကြသူတွေရဲ့ အနားမှာ မင်းခစား လုပ်ရတဲ့ ဘဝဟာ သနားစရာလည်း ကောင်းသလို ကြောက်စရာလည်း ကောင်းပါတယ်။ ရာဇဝင်မှာ ပြန်ကြည့်ရင် သူရဲကောင်း ဆိုသူတွေဟာ အလွန် အင်မတန် စိတ်ထားဖြောင့်မတ်ကြပြီး မဟုတ်မတရားဘူး ထင်ရင် အသက်ကို စွန့်ပြီး ဆန့်ကျင်ကြတာ အများကြီးပါပဲ။ပမာအားဖြင့် မွန်ဘုရင် ရာဇာဓိရာဇ်ရဲ့ စစ်သူရဲကောင်း ‘လဂွန်းအိမ်’ ကိုပဲ ကြည့်၊ သစ္စာဆိုပွဲ တစ်ခုမှာ ရာဇာဓိရာဇ်က အကောက်ကြံပြီး မြန်မာအမတ်တွေကို သတ်လိုက်ဖို့ ကြံတော့ ‘လဂွန်းအိမ်’ က သဘောမကျဘူး။ ဒါကြောင့် သစ္စာဆိုပွဲကို သွားရာလမ်းမှာ ‘ယခု ပြုလုပ်သော သစ္စာဆိုပွဲဟာ မှန်ရဲ့လား’ လို့ မြန်မာအမတ်က မေးတော့ လဂွန်းအိမ်က စိတ်ချဉ် ပေါက်ပေါက်နဲ့ “စစ်အတွင်း နင့်ကို ငါရလည်း သတ်မည်၊ ငါ့ကို နင်ရလည်း သတ်မည်၊ စစ်အတွင်း သစ္စာမှန်ဖူးသလား” လို့ ငေါက်လိုက်ပါတယ်။ ဒါနဲ့ သစ္စာဆိုပွဲက ပျက်သွားရော။ ပျက်ကြောင်းကို ရာဇာဓိရာဇ်က သိတော့ “ဒါ ဘယ်သူ့ လက်ချက်လဲ” လို့ မေးပါတယ်။ ဒီတော့ လဂွန်းအိမ်က သူလုပ်တာပါ။ ဒီလို အကောက်ကြံတာမျိုးကို သဘောမကျလို့ ဖျက်ပစ်လိုက်တာပါလို့ ဝန်ခံလိုက်ပါတယ်။အာဏာရှင် ပဒေသရာဇ် ဆိုတာကတော့ သူ့စိတ်နဲ့ မတွေ့ရင် ‘သတ်စေ’ ပါပဲ။ ဒါပေမဲ့ တကယ် ပြန်တွေးကြည့်တဲ့ အခါ ဘုရင်ကလည်း သူ့အမှားကို သူပြန်မြင်တော့ မသတ်ဖြစ်တော့ဘူး။ သူရဲကောင်းဆိုတာ မဟုတ် မတရားတာကို မဟုတ် မတရားဘူးလို့ သူ့အလိုကို မလိုက်ဘဲ အသက်အသေခံပြီး မှန်ရာကိုသာ လုပ်တတ်တဲ့ သူမျိုးလို့ ဒီလိုပဲ နားလည်ရပါတယ်။ ‘လဂွန်းအိမ်’ လိုပဲ မင်းလိုလိုက် မင်းကြိုက်မဆောင်သူ နောက်တစ်ဦးကတော့ အမတ်ကြီး ဦးပေါ်ဦးပါပဲ။ ဘိုးတော်ဘုရားရဲ့ အိမ်တော်ပါ ငယ်ကျွန်ပါ။ ဘိုးတော်ဘုရားက နှစ်သက်လို့ အနားမှာထားပြီး စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရတွေ ပေးထားပေမယ့် ဘယ်တော့မှ ဘုရင့်အလိုကို လိုက်ပြီး ဟုတ်ပါ့ ဘုရား၊ မှန်ပါ့ ဘုရား မလုပ်ပါဘူး။ ဒါကြောင့်လည်း မကြာခဏ အမျက်တော် ရှခံရပါတယ်။တစ်ခါသားမှာ ဘိုးတော်ဘုရားက မြစ်တော်ဖြစ်တဲ့ ညောင်ရမ်းမင်းသားလေးကို မြပုခက်တင် ဧယင်တော်ကျူးပြီး ခမည်းပေး လက်ဖွဲ့လိုတာနဲ့ သဿမေဓ အခွန်တော်တွေကို ဘဏ္ဍာတိုက်တော်က ထုတ်ပြီး သုံးစွဲဖို့ လုပ်ပါတယ်။ ဒါကို ဦးပေါ်ဦးက သိတော့ “အင်း.. မင်းကြီးတို့ ရှင်ဘုရင်က ရှင်ဘုရင်ပါး မဝသေးပါဘူး” လို့ ဝေဖန်လိုက်ပါတယ်။အမှန်လည်း သဿမေဓ အခွန်တော်ငွေ ဆိုတာ ဘုရင့်ရဲ့ ကိုယ်ကျိုးအတွက် သုံးစွဲလို့ရတဲ့ ငွေမျိုး မဟုတ်ပါဘူး။ ဒါကို သိလျက်နဲ့ ကျန်တဲ့ မှူးမတ်တွေက ‘အေး..ပြီးရော’ ခေါင်းညိမ့်ကြပေမယ့် ဦးပေါ်ဦးက သူတို့လို့ မဟုတ်ဘဲ ဆန့်ကျင် ဝေဖန်တော့ ဘုရင်က အမျက်ရှပြီး ရာထူးကိုနုတ်လို့ သိန္နီကို ပို့ပစ်လိုက်ပါတယ်။ ဒါပေမဲ့ နောင်အခါ ဘုရင်က ညီလာခံမှာ ငါရဲ့ အပါးမှာရှိတဲ့ မှူးကြီးမတ်ငယ် အသွယ်သွယ်တို့ဟာ ငါမိန့်တော်မူသမျှနဲ့ပဲ ခေါင်းညိတ်ကြတယ်။ ငါမှားနေသည့် တိုင်အောင်လည်း ငါ့အလိုတော် မကျမှာစိုးလို့ ဖွင့်ဟပြီး မလျှောက်တင်ရဲကြဘူး။ ဒါဟာ ငါ့ရဲ့ အကျိုးစီးပွားကို ပျက်စီးစရာ အကြောင်းပဲ ဖြစ်ပေါ်စေတယ်။ အခုလည်း သဿမေဓ အခွန်တော်ကို ငါ့အကျိုးအတွက် သုံးစွဲဖို့ ပြုလုပ်မိတာက ငါ့အမှားပါပဲ။ ပေါ်ဦးလို မဟုတ်တာ။ မမှန်တာမြင်ရင် တင်ဝံ့တဲ့သူ တစ်ယောက်လောက်တော့ ငါ့အနားမှာ ရှိသင့်တယ်လို့ ဆိုပြီး အမတ်ကြီး ဦးပေါ်ဦးကို သိန္နီက ပြန်ခေါ်ပြီး ယခင်စား ကျေးစားလက်များနဲ့တကွ ရာထူးကို ပြန်လည်ပေးအပ်ပြီး ချီးမြှင့် မြှောက်စားပြန်တယ်။ဒါပေမဲ့ တစ်ခါတစ်ခါ ကျတော့လည်း သမိုင်းကို ပုံမှားရိုက်ပြီး သူရဲကောင်းလို့ အမည်တပ်ခံချင်တဲ့ လူတွေလည်း ပေါ်တတ်ပြန်တယ်။ တိုင်းပြည်ကို ဘယ်အရေးမှာ ဘယ်လို ကယ်တင်လိုက်တာပါလို့ ပြောပြီး သူ ကယ်တင်လိုက်တဲ့ တိုင်းပြည်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေကတော့ ဆီပူထဲက ဆယ်ပြီး မီးပုံထဲ ပစ်ချခံလိုက်ရသလို ဒုက္ခမျိုးစုံနဲ့ ကြုံနေရတာမျိုး ရှိသေးတယ်။ ဒါ့အပြင် လက်ရှိ သွားနေတဲ့ ပြည်သူတွေ လိုလားတောင့်တတဲ့ စနစ်ကြီးကို အကောင်အထည် ဖော်နေပါတယ်လည်း ပြောရဲ့ တကယ့်တကယ် ရှေ့တိုးမယ်လည်း ကြံရော သွားလို့မရအောင် ခါးကို ဖမ်းဆွဲထားတဲ့ သူမျိုးကလည်း ရှိသေးတယ်။တကယ်တော့ တိုင်းပြည် တစ်ပြည်မှာ အဖွဲ့အစည်း တစ်ခု လူပုဂ္ဂိုလ်တစ်ယောက် ဆိုတာ ပြည်သူရဲ့ အစိတ်အပိုင်းကလေး တစ်ခုမျှသာပါပဲ။ ဘယ်သူ့ အပေါ်မှာပဲ သစ္စာမရှိဘူး ပြောပြော ဘယ်အဖွဲ့အစည်း အပေါ်မှာပဲ သစ္စာမထားဘူး ဆိုဆို ပြည်သူတွေရဲ့ဘ၀ အေးချမ်းသာယာရေး၊ စိတ်ချလုံခြုံရေး၊ ပြည်သူလူထု ကောင်းစာရေးအတွက် ကိုယ့်အကျိုးစီးပွားကို မငဲ့ဘဲ အသက်နဲ့ စည်းစိမ်ကို စွန့်ပြီး မှန်တဲ့အတိုင်း ရပ်တည် လုပ်ဆောင်မယ် ဆိုရင် သူ့ကို ကျွန်တော့်တို့ ပြည်သူတွေက ဘယ်တော့မှ သစ္စာဖောက်လို့ မခေါ်ပါဘူး။ သူရဲကောင်းလို့ပဲ သတ်မှတ်မှာပါ။ ဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ . . .။










