၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်တွင် ဘဏ်များ၏ ဗဟိုဘဏ်တွင်ထားရှိငွေမှာ ကျပ်သန်းထောင်ပေါင်း ၄၆၂၂ ရှိသဖြင့် သီးသန့်ငွေကြေးပမာဏ၏ ၁၂ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒအကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
သီးသန့်ငွေကြေးပမာဏမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် ကျပ်သန်းထောင်ပေါင်း ၃၄၃၇၀ ရှိခဲ့ရာမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်တွင် ကျပ်သန်းထောင်ပေါင်း ၃၇၀၈၆ ရှိခဲ့သဖြင့် ယခင်နှစ်ကထက် ရှစ်ရာ ခိုင်နှုန်းတိုးတက်ခဲ့သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်တွင် ပြည်တွင်းလှည့်လည်သုံးစွဲငွေပမာဏမှာ ကျပ်သန်းထောင်ပေါင်း ၃၂၄၆၅ ရှိခဲ့သဖြင့် သီးသန့်ငွေကြေးပမာဏ၏ ၈၈ ရာခိုင်နှုန်းနှင့် ဘဏ်များ၏ ဗဟိုဘဏ်တွင်ထားရှိငွေမှာ ကျပ်သန်းထောင်ပေါင်း ၄၆၂၂ ရှိခဲ့သဖြင့် သီးသန့်ငွေကြေးပမာဏ၏ ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်တွင် ပြည်တွင်းလှည့်လည်သုံးစွဲငွေပမာဏသည် ယခင်နှစ်အလားတူကာလထက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဘဏ်များ၏ ဗဟိုဘဏ်တွင် ထားရှိငွေသည် ယခင်နှစ်၏အလားတူ ကာလအောက် ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။
သီးသန့်ငွေကြေးပမာဏကို ပြောင်းလဲစေသည့်အချက်များ(Factors Effecting Reserve Money)မှာ အသားတင်နိုင်ငံခြား ရရန်ပိုင်ခွင့်များ၊ အစိုးရကဏ္ဍသို့ ချေးငွေများ၊ ဘဏ်လုပ်ငန်းကဏ္ဍသို့ ချေးငွေနှင့်အခြား ပေးရန်တာဝန်များဖြစ်သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်ရှိ သီးသန့်ငွေကြေးပမာဏတွင် အသားတင်နိုင်ငံခြားရရန်ပိုင်ခွင့်မှာ ၃၆ ရာခိုင်နှုန်း၊ အစိုးရကဏ္ဍသို့ ချေးငွေမှာ ၈၂ ရာခိုင်နှုန်း၊ ဘဏ်လုပ်ငန်းကဏ္ဍသို့ ချေးငွေမှာ ၁၁ ရာခိုင်နှုန်းနှင့် အခြားပေးရန်တာဝန်မှာ(-)၃၀ ရာခိုင်နှုန်းအသီးသီးပါဝင်လျက်ရှိရာ သီးသန့်ငွေကြေးပမာဏတွင် အစိုးရကဏ္ဍသို့ ချေးငွေပါဝင်မှုမှာ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ငွေကြေးမူဝါဒအကောင် အထည်ဖော်ဆောင်ရွက်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စက်တင်ဘာတွင် အသားတင်နိုင်ငံခြားရရန်ပိုင်ခွင့်မှာ ကျပ်သန်းထောင်ပေါင်း ၁၄၄၂၃ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ကျပ်သန်းထောင်ပေါင်း ၁၃၅၃၂ ရှိသဖြင့် ခြောက်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အစိုးရကဏ္ဍသို့ ချေးငွေများမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် ကျပ်သန်းထောင်ပေါင်း ၂၄၈၅၅ ရှိခဲ့ရာမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်တွင် ကျပ်သန်းထောင်ပေါင်း ၃၀၅၇၁ ရှိသဖြင့် ယခင်နှစ်အ လားတူကာလထက် ၂၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
ဘဏ်လုပ်ငန်းကဏ္ဍသို့ ချေးငွေမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် ကျပ်သန်းထောင်ပေါင်း ၄၇၉၂ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်တွင် ကျပ်သန်းထောင်ပေါင်း ၄၀၉၈ ရှိသဖြင့် ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ငွေကြေးပမာဏတိုးတက်မှုနှုန်း ရည်မှန်းချက်များမှာ သီးသန့်ငွေကြေးပမာဏ ၁၅ ရာခိုင်နှုန်းနှင့် စုစုပေါင်းငွေကြေးပမာဏ ၁၀ ရာ ခိုင်နှုန်းဖြစ်သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သီးသန့်ငွေကြေးပမာဏ တိုးတက်မှုနှုန်းမှာ ရှစ်ရာခိုင်နှုန်းနှင့်စုစုပေါင်းငွေကြေးပမာဏတိုးတက်မှုနှုန်းမှာ(-)ဝဒသမ ၇ ရာ ခိုင်နှုန်းအသီးသီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ငွေကြေးမူဝါဒအကောင်အထည် ဖော်ဆောင်ရွက်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။










