၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ စတင်စစ်ဆေးပြီး ပထမနေ့ မြန်မာစာ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် တစ်နိုင်ငံလုံး စာရင်းရှိ ဦးရေ၏ ရာခိုင်နှုန်း ၉၀ ကျော် ဝင်ရောက်ဖြေဆို

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ စတင်စစ်ဆေးပြီး ပထမနေ့ မြန်မာစာ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် တစ်နိုင်ငံလုံး စာရင်းရှိ ဦးရေ၏ ရာခိုင်နှုန်း ၉၀ ကျော် ဝင်ရောက်ဖြေဆို
Published 9 March 2016

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား တစ်နိုင်ငံလုံး၌ မတ် ၉ ရက်တွင် စတင် ဖြေဆိုခဲ့ပြီး စာမေးပွဲ ဖြေဆိုသည့် ပထမနေ့ မြန်မာစာ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် စာမေးပွဲ ဖြေဆိုသူ ဦးရေ ၉၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ စာစစ်ဌာနပေါင်း ၁၄၇၀ ဝန်းကျင် ထားရှိ စစ်ဆေးခဲ့ပြီး ဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေမှာ ၆၇၁၄၃၁ ဦးရှိသည့်အနက် မြန်မာစာ ဘာသာရပ်အား ၆၃၆၁၄၄ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။        “မြန်မာစာ ဘာသာရပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာအရ စုစုပေါင်း စာရင်းပေးသွင်းထားတဲ့သူ ဦးရေရဲ့ ၉၄ ဒသမ ၇၂ ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုခဲ့ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။စာမေးပွဲ စတင် စစ်ဆေးသည့် ပထမနေ့ မြန်မာစာ ဘာသာရပ်ဖြေဆိုသည့်နေ့တွင် ကျောင်းသားကျောင်းသူ အများစု စာမေးပွဲ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။ “မြန်မာစာ ဖြေနိုင်ပါတယ်။ မြန်မာနိုင်ငံ စာစစ်အဖွဲ့က ထုတ်ထားတဲ့ မေးခွန်းတွေထဲကလည်း တိုးပါတယ်။ မေးခွန်းတွေလည်း မမှားပါဘူး။ စာမေးပွဲခန်းထဲမှာလည်း ဘာပြဿနာမှလည်း မရှိခဲ့ပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း လသာမြို့နယ် စာစစ်ဌာန၌ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသူတစ်ဦးက ပြောကြားသည်။တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် ဝင်ခွင့်ကတ်ပြားများကို စာမေးပွဲ ဖြေဆိုခွင့် တင်ထားကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ၏ ဝင်ခွင့်ကတ်ပြားများအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ကျောင်းသား ကျောင်းသူများအတွက် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍ လည်းကောင်း အခြေခံပညာ အထက်တန်းကျောင်း (ကျောင်းခွဲ)နှင့် (တွဲဖက်)အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်း ကျောင်းများမှ ကျောင်းသားကျောင်းသူများ ဝင်ခွင့်ကတ်ပြားများအား သက်ဆိုင်ရာ ကျောင်းအလိုက် မိမိတို့၏ ကျောင်းအုပ်ကြီးများထံတွင် လည်းကောင်း၊ ပြင်ပမှ ဖြေဆိုသူများ၏ ဝင်ခွင့်ကတ်ပြားများအား သက်ဆိုင်ရာအလိုက် စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံတွင် လည်းကောင်း ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၉ ရက်တွင် မြန်မာစာ၊ မတ် ၁၀ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၁ ရက်တွင် သင်္ချာ၊ မတ် ၁၂ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၅ ရက်တွင် ရူပဗေဒ၊ မတ် ၁၆ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ၊ မတ် ၁၇ ရက်တွင် ပထဝီဝင်၊ မတ် ၁၈ ရက်တွင် သမိုင်း စသည့် ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၂ နာရီအထိ စစ်ဆေးသွားမည်ဖြစ်သည်။အလားတူ နေပြည်တော်ကောင်စီ ရှစ်မြို့နယ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ၁၇၄၉၀ ဦးရှိပြီး စာမေးပွဲ လာရောက် မဖြေဆိုသူ ဦးရေ ၉၉၂ ဦးရှိကြောင်း နေပြည်တော် တိုင်းပညာရေးမှူးရုံးက သိရသည်။နေပြည်တော်ကောင်စီ ရှစ်မြို့နယ်တွင် စာစစ်ဌာန ၃၃ခု ရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ ၁၈၄၈၂ ဦး ရှိသော်လည်း စတင်ဖြေဆိုသည့် မြန်မာစာနေ့၌ပင် ပျက်ကွက်သူ ကျောင်းသားဦးရေ ၉၉၂ ဦးရှိကြောင်း သိရသည်။

Most Read

Most Recent