(၁)
မတ်လ ၁၀ ရက်နှင့် မတ် ၁၃ ရက်တို့သည် အများပြည်သူနှင့် ကဗျာဆရာအဖို့ အနိဋ္ဌာရုံဖြင့်ပြွမ်းသော ရက်များဟု ဆိုစမှတ် ပြုရမည်ဖြစ်သည်။
နုနယ်စဉ် အချိန်အခါတုန်းက တောင်ကျရေတံခွန်ကိုပင် မျက်ရည်ဖြင့် တင်စားလျက် စိမ်းကားစွန့်ခွာသွားသော ချစ်သူအတွက် မျက်ရည်အိုင်ထွန်းသည့် စိတ္တဇနေ့ညများအား ဖော်ကျူးသော ကဗျာမျိုး သီကုံးရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ လျှောက်ခဲ့သည့် လမ်းခရီးကား သမားရိုးကျ လမ်းခရီးအဖြစ် ကဗျာဆရာတိုင်း ဖြတ်သန်းကျော်လွှား ခဲ့ရမြဲပင် ဖြစ်ပေမည်။ ဤကဗျာမျိုးသည် မရင့်ကျက်သေးသည့် နှလုံးသား၏ ညည်းတွားသံမျိုး ဖြစ်သဖြင့် ကဗျာဆရာသည် မိမိဆန္ဒတစ်ခု တည်းကိုသာ ဖြေဖျော်တတ်သော တစ်ကိုယ်ကောင်းသမားတစ်ဦး မဖြစ်စေရန် သတိချပ်ရန် လိုပေသည်။ လူ့ဘောင်လောကတွင် ကြမ်းတမ်းသော ရုန်းကန်လှုပ်ရှားမှု၊ ဒုစရိုက်နှင့် သုစရိုက်များ စသည်ဖြင့် လွှမ်းခြုံနေရကား ယင်းမှ အတွေးအခေါ်နှင့် ဘဝအတွေ့အကြုံကို ရှာဖွေရင်း နက်နဲသော ဘဝပိုင်း၊ အတွေးပိုင်းသို့ ခြေချမိလေ အနိဋ္ဌာရုံခံစားချက်များနှင့် ရင်ဆိုင်ကြုံတွေ့ ရလေပင်ဖြစ်သည်။
လူအတော်များများ မကြိုက်မနှစ်သက်တတ်သည့် အနိဋ္ဌာရုံခံစားမှုအား ကဗျာဆရာသည် ကဗျာတစ်ပုဒ်ဖြင့် ဖန်တီးတင်ပြရာ၌ သရုပ်သကန် အမှန်ဖြစ်သည့် "ဤအနိဋ္ဌာရုံ လောကကြီးသည် စက်ဆုပ်ရွံမုန်းဖွယ် ကောင်းလှပါတကား" ဟူသော အချက်ကို လူတို့၏ တစ်ဝက်တစ်ပျက် နိုးကြားစေသော နှလုံးသား အနက်အရှိုင်းထဲသို့ သွတ်သွင်း ပေးလိုက်ခြင်းဖြင့် အနိဋ္ဌာရုံ၏ အနှစ်သာရကို ပိုမိုပေါ်လွင် ထင်ရှားလာစေရန် လှုံ့ဆော်ပေးခြင်း ဖြစ်သည်။
အကောင်းနှင့်အဆိုး၊ ဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံတို့ကို ယှဉ်တွဲပြောဆိုခြင်းမှာ ရသနှစ်ခုကို အင်အားချင်း ပြိုင်ဆိုင်ပေးခြင်း ဖြစ်သည်ဟု ဆိုနိုင်စေကာမူ ဤနိုင်ငံတွင် မြင်လေ လေတိုင်း၊ ကြားလေလေတိုင်း အနိဋ္ဌာရုံသာ ဖြစ်ပျက်ဖုံးလွှမ်း ခဲ့သည့်အတွက် တရားမျှတမှု၏ အလှအပကို ခံစားသည့် ဣဋ္ဌာရုံဆိုသည်မှာ မည်သို့နည်းဟူ၍ မေးခွန်းထုတ်ရမည့် အခြေသို့ ဆိုက်ရောက် ခဲ့လေသည်။
(၂)
အမျိုးသား ပညာရေးဥပဒေကို ပြုပြင်ပြောင်းလဲရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သော ကျောင်းသားဒီမိုကရေစီ သပိတ်စစ်ကြောင်းအား လက်ပံတန်း၌ အကြမ်းဖက် ဖြိုခွင်းကာ ကျောင်းသားနှင့် ဝန်းရံသူ အများအပြားအား ဖမ်းဆီးခဲ့မှုသည် ယခုမတ် ၁၀ ရက်ဆိုလျှင် တစ်နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။ ယခုအချိန်တွင် ဗကသ ကျောင်းသားခေါင်းဆောင်များသည် သာယာဝတီတွင်သာမက ရန်ကုန်ရှိ မြို့နယ်တရားရုံး အသီးသီးများတွင်ပါ ရုံးထုတ်တရားစွဲဆိုခြင်း ခံနေရသည်။ ရုံးထုတ်ကြိမ်မည်မျှ၊ တရားရုံး အရေအတွက် မည်မျှဆိုသည်ကိုပင် လေ့လာသုံးသပ်သူ အနေဖြင့် မျက်စိလည်စရာ ဖြစ်လောက်အောင် များပြားလှသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စိတ်နေသဘောထားကို မှန်းဆကြည့်နိုင်ပြီဟု ဝေဖန်သူများက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက် ရုံးထုတ်စဉ် ကျောင်းသားခေါင်းဆေင် မဖြိုးဖြိုးအောင်က "ဥပဒေတွေကို ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေတွေအဖြစ် ပြောင်းပေးနိုင်ဖို့ လိုတယ်။ ကျွန်မတို့လို တက်ကြွလှုပ်ရှားသူတွေနဲ့ ပတ်သက်လို့ဆိုရင် ပုဒ်မ ၁၈ လိုမျိုး ဖိနှိပ်ဖို့သက်သက် ရေးဆွဲထားတဲ့ ပုဒ်မတွေကို မဖြစ်မနေ ပြင်ဆင်ဖျက်သိမ်းတာမျိုး လုပ်ရမှာပဲ။ လွှတ်တော်ထဲကတော့ ဥပဒေပြုရေးဆိုင်ရာ တာဝန်ရှိတာဖြစ်လို့ တက်လာမယ့် အစိုးရက စောစောစီးစီး ပြင်ဆင်ပြဋ္ဌာန်းတာတွေ၊ အသစ်ရေးဆွဲတာတွေ လုပ်သင့်နေပြီ" ဟု ပြောကြားခဲ့သည်။ (The Daily Eleven - ၂၄-၂-၂၀၁၆ နေ့ထုတ်)။
မတရားဖမ်းဆီးခံ အပြစ်မဲ့ ကျောင်းသားများကို ကြည့်လျှင် သူတို့၏ မျက်နှာပေါ်တွင် အပြုံးမာန်နှင့် သံမဏိ စိတ်ဓာတ်တို့အား အပြည့်အ၀ မြင်တွေ့ခံစားရသည်။ ဣဋ္ဌာရုံ၏ အလှဆိုသည်မှာ ဒါပဲဖြစ်ရမည်ဟု ကောက်ချက်ချလိုက် မိသည်နှင့် တစ်ချိန်တည်းမှာပင် သူတို့အား ပထမဆုံးအကြိမ် ရုံးထုတ်သော ၂၀၁၅ ဧပြီလဆန်း၌ ပါလာသည့် မီဒီယာ သတင်းဓာတ်ပုံများမှတစ်ဆင့် သူတို့ကို လက်ထိတ်ကိုယ်စီဖြင့် မြင်တွေ့လိုက်ရသည့် အချိန်။ ရုတ်ခြည်းပင် ထိုမြင်ကွင်းဖြစ်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အနိဋ္ဌာရုံ ခံစားချက်တစ်ခု ရင်တွင်းသို့ စူးစူးနစ်နစ် တိုးဝှေ့ဝင်ရောက် လာတော့သည်။
လက်ထိတ်
လက်ထိတ်ဟာ …..
ရှက်စိတ် မရှိသူတွေ အတွက်
အဖျက်အမှောင့်သမားတွေ အတွက်
ကလေကချေ လူရမ်းကားတွေ အတွက်
အာဏာအလွဲသုံးစားတွေ အတွက်
ရိုက်နှက်ဖိနှိပ်သူတွေ အတွက်
တွယ်ဖက်ထားတဲ့ အရာဝတ္ထု
တစ်ခုမဟုတ်တော့ပါလား။
လက်ထိတ်ဆိုတာ…..
ရှက်စိတ်တရားနဲ့ နေထိုင်သူတွေ
မှန်ရာကိုပြောဟောဝံ့သူတွေ
ဆန္ဒဇော ဖော်ထုတ်ဝံ့သူတွေ
လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ
ပရုတ်လုံးလို လုံးပါးပါးသူတွေ
ငါတို့တစ်တွေ အတွက် …..
ရင်နာနေလျက်ပင်
တီထွင်ထားတဲ့ အရာဝတ္ထု
တစ်ခု ဖြစ်လာခဲ့ပြီတကား….။ ။
(၁၀ ဧပြီ ၂၀၁၅)
(၃)
၁၉၈၈ မတ်လ ၁၃ ရက်သည် စစ်အာဏာရှင် အစိုးရ၏ ရက်စက်စွာ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ဓာတုအင်ဂျင်နီယာကျောင်းသား ဖုန်းမော် ကျဆုံးခဲ့သောနေ့ဖြစ်သည်။ ပဉ္စမနှစ်ကျောင်းသား စိုးနိုင်သည်လည်း သေနတ်ကျည်သင့် ဒဏ်ရာကြောင့် ဧပြီလ ၅ ရက်တွင် ဆေးရုံပေါ်၌ ကျဆုံးခဲ့ပြန်သည်။ ဖုန်းမော်လဲကျသွားရာ နေရာနှင့် မလှမ်းမကမ်း နေရာ၌ ဆဋ္ဌမနှစ် စက်မှုအင်ဂျင်နီယာကျောင်းသား မြင့်ဦးသည် အသည်းထဲသို့ ကျည်ဆန်ဖောက်ဝင် သွားသဖြင့် လဲကျနေပြီး ကံကောင်းထောက်မစွာပင် (ဆရာဝန်၏ စွန့်စားမှုစေတနာ အပါအဝင်) ယနေ့တိုင် အသက်မသေဘဲ သူ့ကိုမြင်တွေ့ နေရပေသည်။
မတ်လ ၁၂ ရက်က ဖြစ်ပွားခဲ့သော ကျောင်းဝင်းပြင်ပရှိ လက်ဖက်ရည်ဆိုင်၌ ရပ်ကွက်လူငယ်အချို့နှင့် စက်မှုတက္ကသိုလ် ကျောင်းသားတို့၏ ရန်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ခြင်းမှ အာဏာပိုင်တို့၏ ရပ်တည်ဆုံးဖြတ် ပေးမှုကို ကျောင်းသားများက ကျေနပ်ခြင်း မရှိ၍ ယင်းမှစုရုံးကာ အုံကြွမှုတစ်ရပ် ဖြစ်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်နေ့ညတွင် လုံထိန်းတပ်ဖွဲ့မှ လက်နက်အပြည့်အစုံဖြင့် ကျောင်းဝင်းအတွင်းသို့ ဇွတ်ဝင်ရောက်ကာ မြင်သမျှလူအားလုံးကို ပစ်ခတ်ခြင်းဖြစ်သည်။
အဓိကထား ပြောလိုသည်မှာ သတင်းကြေညာချက်များ၌ ဖုန်းမော်သည် ခိုက်ရန်ဖြစ်ပွားမှုမှ ရရှိသော ဒဏ်ရာဖြင့် သေဆုံးရခြင်း ဖြစ်သည်ဟု ပါရှိခဲ့သည်ဆိုသည်။ ထိုစဉ်က စစ်အာဏာရှင် အစိုးရသည် သတင်းအမှောင်ချ၍ သတင်းမှားများ ဖြန့်ဝေခြင်း၊ သမိုင်းအချက်အလက်များအား တိမ်းစောင်းစေခြင်း စသည်တို့ကို ကာလတစ်လျှောက်လုံး ပြုလုပ်လေ့ရှိသည်။ တကယ်တမ်း ပြောရမည်ဆိုလျှင် စက်မှုတက္ကသိုလ်မှ အာဇာနည်ကျောင်းသား ဖုန်းမော်နှင့် စိုးနိုင်တို့သည် အာဏာရှင် အစိုးရ၏ လူမဆန်သော ရက်စက်မှု လုပ်ရပ်ကြောင့် ကျဆုံးခဲ့ခြင်းမှတစ်ဆင့် စစ်အာဏာရှင်စနစ်ကို တော်လှန်သည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ စခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါက မည်သူငြင်းဆို နိုင်မည်နည်း။
ဖုန်းမော်ကျဆုံးရခြင်း အဓိကအကြောင်းရင်းကို ပြန်လည်စိစစ် ဝေဖန်သုံးသပ် ကြည့်ပါက ထိုစဉ်က မြန်မာနိုင်ငံပြည်သူအများ အခြေခံလူ့အခွင့်အရေး မည်မျှဆုံးရှုံး နစ်နာနေသည်၊ လူ့အခွင့်အရေးမည်မျှ ချိုးဖောက်ခံနေရသည် ဆိုသည်ကို ပြက်ပြက်ထင်ထင် ဖော်ပြနေကြောင်း သုံးသပ်တွေ့မြင် ရမည်ဖြစ်သည်။
ဣဋ္ဌာရုံ ပျောက်ကွယ်နေပြီး အနိဋ္ဌာရုံသာ အများဆုံး ကြီးစိုးနေမှုမှာ ယခုမှမဟုတ်။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ ကတည်းကပင် အိပ်မက်တစ္ဆေလို ခြောက်လှန့်နေဆဲသာ ဖြစ်သည်။ အမှန်စင်စစ် အနိဋ္ဌာရုံသည် ဆိုးကျိုးဘက်သို့ တိမ်းညွတ်လျက် ရှိသော်လည်း မယူတတ်လျှင် အပျက်အစီး ဆုံးရှုံးမှုဖြစ်ကာ ခံယူတတ်ပါက အားမာန်ကို နိုးကြွစေသည့် ဂုဏ်သတ္တိရသ ပါဝင်သော ခံစားမှုမျိုးကို ပေးနိုင်စွမ်းရှိသည်။ သို့ဖြစ်ရကား ကဗျာဆရာအဖို့ မတ် ၁၀ နှင့် မတ် ၁၃ ၏ အနိဋ္ဌာရုံဖြစ်စဉ် တို့သည် ခံယူချက် အဘိဓမ္မာတစ်ရပ် အနေဖြင့် ပြောရလျှင် လောကကြီးသည် ရွံမုန်းစက်ဆုပ်ဖွယ် ကောင်းလှပါတကားဟူသော သရုပ်မှန် အဖြေတစ်ခုကို ရရှိစေသည်ဟု ဆိုရမည်သာ ဖြစ်လေသည်။
(The Daily Eleven တွင် ဖုန်းမော် အရေးအခင်းနှင့် ပတ်သက်သော "မတ်လမော်ကွန်း" နှင့် "တပေါင်းနွေတစ်ည မြေခခဲ့ ရော်ရွက်နီ" ဆောင်းပါးများအား ၁၁-၃-၂၀၁၄ နှင့် ၁၃-၃-၂၀၁၅ နေ့ အသီးသီးတွင် အကျယ်ရေးသားခဲ့ပြီး ဖြစ်ပါသည်)။










