ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ မြင့်တက်လာခဲ့ခြင်းကြောင့် သဲသောင်စပ်ရှိ ကြက်သွန်စိုက်ခင်းများ ရေဖုံးလွှမ်းခံရပြီး တံငါလုပ်သားများ လုပ်ငန်းထိခိုက်မှုရှိကြောင်း သိရ

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ မြင့်တက်လာခဲ့ခြင်းကြောင့် သဲသောင်စပ်ရှိ ကြက်သွန်စိုက်ခင်းများ ရေဖုံးလွှမ်းခံရပြီး တံငါလုပ်သားများ လုပ်ငန်းထိခိုက်မှုရှိကြောင်း သိရ
Published 29 February 2016
သက်ထိန်ဝင်း

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ ယခု လ ၂၇ ရက် ညဦးပိုင်းမှ စတင်မြင့်တက်လာပြီး မြစ်ရေကျဆင်းစဉ်က ပေါ်ထွန်းနေသည့် သဲသောင်ပြင်အတွင်း စိုက်ပျိုးထားသည့် ကြက်သွန်စိုက်ခင်းအချို့ ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။မြစ်ရေမှာ ဖေဖော်ဝါရီ ၂၇ ရက် ညဦးပိုင်းမှ ၂၈ ရက်အထိ သုံးပေမြင့်တက်ခဲ့သည့်အတွက် သဲသောင်ပြင်ရှိ ကြက်သွန်စိုက်ခင်းအချို့ ရေဖုံးလွှမ်းခံရခြင်းဖြစ်ပြီး တောင်သူများ၏ အဓိက ကျွန်းစိုက်ခင်းသီးနှံများမှာ ကျွန်းမြေရင့်များပေါ် တည်ရှိကြောင်း သိရသည်။“ရေစပ်နားက သောင်တွေမှာ ကြက်သွန်စိုက်တဲ့သူတွေ ရှိတယ်။ ရေက ဒီလိုအချိန် တစ်ခါမှမတက်ဘူးတော့ အခု မြစ်ရေက အဲဒီစိုက်ခင်းတွေ မြုပ်သွားတယ်။ အများကြီးတော့ မဟုတ်ဘူး။ အဓိကစိုက်တဲ့ သီးနှံခင်းတွေကတော့ မြေအမြင့်တွေမှာရှိလို့ ရေမရောက်နိုင်သေးဘူး။ ရှစ်ပေလောက်တက်ရင်တော့ ပဲနီခင်းတွေအတွက် စိုးရိမ်ရတယ်။ ဆေးခင်းတို့ မြေပဲခင်းတို့ကတော့ တော်ရုံနဲ့ မမြုပ်နိုင်ပါဘူး”ဟု ပခုက္ကူကျွန်းကျေးရွာမှ ဦးမျိုးမြင့်က ပြောကြားသည်။မြစ်ရေမြင့်တက်လာသည့်အတွက် သဲသောင်များတွင် တဲထိုးနေထိုင်သည့် တံငါလုပ်သားများ ရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ရသည့်အပြင် အင်းအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် လုပ်ငန်းများ ထိခိုက်မှုရှိခဲ့ကြောင်းလည်း ရေလုပ်သားများထံမှ သိရသည်။“ရေကျသွားတော့ တချို့ရေရှိတဲ့နေရာတွေက မြစ်ဘက်နဲ့ ဝေးသွားပြီး အင်းဖြစ်သွားတယ်။ အဲဒီမှာ ကျွန်တော်တို့က ပိုက်တွေ ပိတ်လိုက်ပြီး ငါးဖမ်းတယ်။ အခုမြစ်ရေက သုံးပေလောက်အထိ တက်သွားတော့ အင်းဖြစ်နေတဲ့ နေရာနဲ့ မြစ်မကြီးနဲ့က ပြန်ဆက်သွားတယ်။ငါးထွက်ပေါက်ရသွားတာတော့ ငါးလည်း အမိနည်းသွားတာပေါ့။ ရေကျချိန်ရောက်လို့ အင်းပြန်ပေါ်မှ ပြန်လုပ်လို့ အဆင်ပြေမယ်။ အခုကတော့ ငါးအထိအမိ နည်းဦးမှာပဲ” ဟု ပခုက္ကူမြို့အနီး ဧရာဝတီမြစ်အတွင်း ရေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။ပခုက္ကူမြို့နှင့် လိပ်ကုန်း၊ ဗွက်ကုန်း၊ ပခုက္ကူကျွန်း အစရှိသည့် ကျွန်းကျေးရွာများ ကြားရှိ မြစ်ကြောင်းမှာ ယခု ရေနည်းကာလတွင် ရေစီးဆင်းမှု မရှိတော့သည့်အတွက် ဒေသခံများမှာ ခြေကျင်သွားလာနေပြီး မြစ်ရေ ရုတ်တရက် မြင့်တက်လာခြင်းကြောင့် ၎င်းနေရာများ ရေပြန်လည်ဖုံးလွှမ်းသွားသည့်အတွက် သွားလာရေးအဆင်မပြေမှုကြုံတွေ့ရကြောင်း သိရသည်။“ရေတက်ချိန်မဟုတ်တော့ လှေတွေက အကုန်ပြန်တင်ထားကြတာ။ အခု ရေတက်လာတော့ အဆင်မပြေဖြစ်သွားတယ်။ လှေချလို့ ရလောက်အောင်လည်း ရေက မတက်တော့ ခက်သွားတာပေါ့။ ဈေးသည်တွေနဲ့ ပွဲရုံလုပ်သားတွေလောက်ပဲ အခက်အခဲရှိပါတယ်” ဟု ပခုက္ကူကျွန်းကျေးရွာမှ ဦးမျိုးမြင့် က ပြောကြားသည်။ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အတွင်း ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ငါးပေမှ ခြောက်ပေခန့်အထိ မြင့်တက်လာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာမှ ထုတ်ပြန်ထားသည်။ 

Most Read

Most Recent