ရန်ကုန်မြို့သစ် စီမံကိန်းအား ရွှေသံလွင်၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး၊ ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီနှင့် Business Capital City Development ကုမ္ပဏီ သုံးခုအား ပူးပေါင်းလုပ်ကိုင်ခွင့် ပြုလိုက်ဟု သိရ

ရန်ကုန်မြို့သစ် စီမံကိန်းအား ရွှေသံလွင်၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး၊ ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီနှင့် Business Capital City Development ကုမ္ပဏီ သုံးခုအား ပူးပေါင်းလုပ်ကိုင်ခွင့် ပြုလိုက်ဟု သိရ
Published 29 February 2016
ကျော်ထင်

ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ခွင့်အား တင်ဒါတင်သွင်းထားသည့် ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ လိမီတက် သုံးခုစလုံးအား ပူးပေါင်းလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။“Cabinet အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကုမ္ပဏီသုံးခုစလုံးကို ဒီရက်ပိုင်းမှာ ပူးပေါင်းလုပ်ကိုင်ခွင့် ချထားပေးခဲ့တာပါ။ ကျွန်တော်တို့က အစပျိုးခဲ့တာ။ နောက်အစိုးရနဲ့ ဆက်လုပ်ရမှာပါ။ စီမံကိန်းက ၁၀ နှစ်လောက် ကြာမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ဖေဖော်ဝါရီ ၂၉ ရက်က ပြောကြားသည်။“ဒီသုံးဖွဲ့က နောက်အစိုးရနဲ့ စနစ်တကျ ဆက်ပြီးလုပ်သွားဖို့ ခွင့်ပြုလိုက်တယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့တော့ ခွင့်ပြုမိန့်စာရွက်တော့ မမြင်ရသေးဘူး။ အခု သီလဝါ ပုံစံမျိုးပေါ့။ အများပိုင်လို ပုံစံပေါ့။ ရေရှည်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်လို့ သေချာလေးလုပ်ဖို့ လုပ်ပိုင်ခွင့် ပေးတယ်လို့ပြောတယ်။ အားလုံးပူးပေါင်းပြီး လုပ်ဖို့ပဲ။ သုံးခုစလုံး တင်ပြတဲ့ဟာတွေ ကောင်းတယ်။ သူတို့လည်း အထပ်ထပ် စိစစ်တယ်။ ဒီစီမံကိန်းဟာ ထုထည်ကြီးတယ်။ ပေါင်းလုပ်မှ အဆင်ပြေမယ်ဆိုတဲ့ အနေအထားနဲ့ တင်လာတဲ့ သုံးဖွဲ့စလုံးကို ရွေးချယ်လိုက်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ သုံးခုပေါင်းပြီး လုပ်မယ်ဆိုတာကို ရွာတွေထဲမှာ လက်မှတ်တွေ လိုက်ကောက်တာ။ ၉၈ ရာခိုင်နှုန်းလောက် သဘောတူ လက်မှတ်ထိုးပြီးသွားပြီ။ အစိုးရအဖွဲ့ကိုလည်း ကျွန်တော်တို့ တင်ပြီးထားတယ်” ဟု ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ဆိုသည်။ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ၊ Business Capital City Development Ltd မှ ပြည်တွင်း ပြည်ပဘဏ်များမှ ချေးငွေရယူခြင်းနှင့် ရှယ်ယာခေါ်ယူခြင်း၊ ဒါရိုက်တာများ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ဆောင်မည်ဟု တင်ပြထားပြီး ရွှေသံလွင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်က ကျပ်ငွေ ၅၀၀ ဘီလျံနှင့် ပြည်တွင်း ပြည်ပဘဏ်များမှ ချေးငွေရယူ လုပ်ဆောင်မည်ဖြစ်ကြောင်း တင်ပြထားသည်။ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်သည်။ရန်ကုန်မြို့သစ် စီမံကိန်းတွင် မြစ်ကူးတံတားများ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ အငှားအိမ်ရာ စီမံကိန်းများ၊ ဘိုးရွားရိပ်သာ၊ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ ပြတိုက်စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ဆောင်ပါက ယင်းဒေသရှိ လယ်မြေတစ်ဧကလျှင် လျော်ကြေးအဖြစ် မြေကွက်နှစ်ကွက်နှင့် တိုက်ခန်းတစ်ခန်းအား ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းကိစ္စကိုလည်း ဒေသခံ ၉၈ ရာခိုင်နှုန်းက သဘောတူထားကြောင်း ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ဆိုသည်။လက်ရှိ ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာအတွင်း လယ်မြေဈေးနှုန်းများလည်း ပြန်လည်မြင့်တက်လာပြီး ဝယ်သူများ လိုက်လာသော်လည်း ဒေသခံ လယ်သမားများက ရောင်းချခြင်း လုံးဝမရှိတော့ဟုလည်း စုံစမ်းသိရသည်။ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် အဘက်ဘက်မှ ဝေဖန်ခြင်းကို ခံခဲ့ရသည့် ရန်ကုန်မြို့သစ် စီမံကိန်းအား ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တရားဝင် ရုပ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် တစ်ကျော့ပြန် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ရန်ကုန်မြို့သစ် စီမံကိန်းအား အစိုးရ၏ ကျန်ရှိသက်တမ်း လအနည်းငယ်အတွင်း မည်သည့်အတွက်ကြောင့် အလျင်စလို အကောင်အထည်ဖော်လိုသနည်းဟု မေးခွန်းထုတ်မှုများ ထွက်ပေါ်ခဲ့သည်။ယခု ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည် ဖော်ခွင့်ပြုခဲ့သည့် ကုမ္ပဏီသုံးခုအနက် ရန်ကုန်အနောက်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် ယခင် ရန်ကုန်မြို့သစ် စီမံကိန်းကို တာဝန်ပေးအပ်ပြီးမှ ပြန်လည်ရုပ်သိမ်းခဲ့သည့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီနှင့် ပတ်သက်နေသည်ဟုဆိုသည့် သတင်းများလည်း ထွက်ပေါ်နေရာ မည်သို့မျှ ပတ်သက်ခြင်း မရှိကြောင်း ရန်ကုန်အနောက်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ငြင်းဆိုထားသည်။

Most Read

Most Recent