တရားဝင် သတ်မှတ်ထားခြင်း မရှိသည့် အက္ခရာ၊ ဂဏန်းများ တပ်ဆင် သွားလာနေသော မော်တော်ယာဉ်များကို အရေးယူမည်

တရားဝင် သတ်မှတ်ထားခြင်း မရှိသည့် အက္ခရာ၊ ဂဏန်းများ တပ်ဆင် သွားလာနေသော မော်တော်ယာဉ်များကို အရေးယူမည်
Published 24 February 2016
ဆန်းထူးအောင်

တရားဝင် သတ်မှတ်ထားခြင်း မရှိသည့် အက္ခရာ၊ ဂဏန်းများ ရေးသား တပ်ဆင်၍ သွားလာနေသော မော်တော်ယာဉ်များကို စစ်ဆေး အရေးယူသွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန)က ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလကုန်အထိ တရားဝင် မှတ်ပုံတင်ထားသော မော်တော်ကားစီးရေ ၇၇၂၇၈၈ စီး၊ မော်တော်ဆိုင်ကယ် ၄၅၃၆၅၇၀ စီး၊ သုံးဘီးဆိုင်ကယ် ၇၃၆၁၁ စီးရှိပြီး ကညနတွင် မှတ်ပုံတင်ပြီးမှသာ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်ခွင့် ရှိခြင်းဖြစ်သည်။လက်ရှိ အချိန်တွင် မော်တော်ယာဉ် စီးနင်းသူ အချို့သည် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ပေးထားခြင်း မရှိသည့် ယာဉ်များ၊ မှတ်ပုံမတင်နိုင်သည့် ယာဉ်များအား စီးနင်း အသုံးပြုခြင်း၊ တရားဝင် မှတ်ပုံတင်ပေးမည်ဟု မမှန်မကန် ပြောဆိုပြီး အရောင်းအဝယ် ပြုလုပ်နေသည်များ ရှိနေသည်ဟု သိရသည်။လက်ရှိ လမ်းများပေါ်တွင် မော်တော်ယာဉ် အချို့သည် ကညနမှ သတ်မှတ်ထုတ်ပေးထားသော ဖောင်းကြွ အက္ခရာ ဂဏန်းများ မဟုတ်သည့် နံပါတ်များ၊ ယာယီနံပါတ်များ၊ ကိုယ်ထည်နံပါတ်များ (ဥပမာ-ယာယီ ANH 10/----၊ ZE-2/---- စသည်ဖြင့်) ရေးသားပြီး တပ်ဆင်သွားလာနေသည်ကို တွေ့ရှိနေသည်ဟု ကညန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မော်တော်ယာဉ် ဥပဒေအရ မော်တော်ယာဉ်တွင် တပ်ဆင်ရမည့် မော်တော်ယာဉ် နံပါတ်များနှင့် ပတ်သက်ပြီး ယာဉ်နံပါတ်ပြားကို မထင်ရှားအောင် ပြုလုပ်ခြင်း၊ ယာဉ်နံပါတ်ပြားကို ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်ခြင်း၊ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင် အသုံးပြုခြင်းများအား မည်သူမျှ မပြုလုပ်ရဟု တားမြစ် ပြဋ္ဌာန်းထားသည်။ ထို့ပြင် မှတ်ပုံမတင်ထားသော ယာဉ်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လည်းကောင်း စစ်ဆေးတွေ့ရှိလျှင် ထိန်းသိမ်းပြီး နီးစပ်ရာ ရဲစခန်းတွင် အပ်နှံရမည်ဟု ပြဋ္ဌာန်းထားသည်။တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု သတ်မှတ်ထားသည်။ထိုသို့ တရားဝင် မှတ်ပုံမတင်ထားဘဲ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင်ကာ အများပြည်သူဆိုင်ရာ နေရာများတွင် မောင်းနှင်ခြင်း၊ ရပ်နားထားခြင်းများကို စိစစ်သွားမည်ဖြစ်ပြီး အဆိုပါ ယာဉ်များကို မောင်းနှင်သူများ၊ မောင်းနှင်ခွင့်ပြုသူများအား မော်တော်ယာဉ်ဥပဒေ၊ တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူသွားမည့်အပြင် မော်တော်ယာဉ်ကိုလည်း သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ကညနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

Most Read

Most Recent