စည်းကမ်းပျက် ယာဉ်များကို ပြည်သူများက ဓာတ်ပုံရိုက်ကူးကာ Viber ဖြင့် ပေးပို့ တိုင်တန်းသည့် အမှု ၆၂၀၀ ကျော်အနက် ဒဏ်ကြေးငွေ ပေးဆောင်သည့် အမှုမှာ ၁၀၀၀ ကျော်သာ ရှိသေး

စည်းကမ်းပျက် ယာဉ်များကို ပြည်သူများက ဓာတ်ပုံရိုက်ကူးကာ Viber ဖြင့် ပေးပို့ တိုင်တန်းသည့် အမှု ၆၂၀၀ ကျော်အနက် ဒဏ်ကြေးငွေ ပေးဆောင်သည့် အမှုမှာ ၁၀၀၀ ကျော်သာ ရှိသေး
Published 24 February 2016
ရှိုင်းလင်းအောင်

စည်းကမ်းပျက် ယာဉ်များကို ပြည်သူများက ဓာတ်ပုံရိုက်ကူးကာ Viber ဖြင့် ပေးပို့တိုင်တန်းသည့် အမှုပေါင်း ၆၂၀၀ ကျော် ရှိသည့်အနက် ဒဏ်ကြေးငွေဆောင်ပြီးသည့် အမှုမှာ ၁၀၀၀ ကျော်သာ ရှိသေးကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် သိရသည်။အဆိုပါ စည်းကမ်းပျက်ယာဉ်များကို ပြည်သူများက ဓာတ်ပုံများပေးပို့ တိုင်တန်းနိုင်သည့် OCC (Online Complaint Centre) အား ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်တွင် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ တိုင်တန်းသည့် အမှုပေါင်း ၆၂၅၆ မှုအထိရှိကြောင်း သိရပြီး ယင်းသို့ တိုင်ကြားခံရသည့် ယာဉ်များ အများဆုံး ကျူးလွန်သည့် အမှုမှာ လမ်းပြောင်းပြန် မောင်းနှင်မှုဖြစ်သည်။ယင်းသို့ တိုင်တန်းခဲ့သည့် အမှု ၆၂၅၆ မှုတွင် ဒဏ်ကြေးငွေ ပေးဆောင်ပြီးသည့် အမှုမှာ ၁၀၃၀ မှုသာ ရှိကြောင်း သိရသည်။“တိုင်ကြားခံရတဲ့ ကားတွေကို ကျွန်တော်တို့က အကြောင်းကြားပါတယ်။ တချို့ကတော့ သိသိချင်းပဲ ဒဏ်ငွေ လာဆောင်ကြတယ်။ များသောအားဖြင့်တော့ အတိုင်ခံရတဲ့ ကားတွေက သက်တမ်းတိုးမှ ဒဏ်ငွေ လာဆောင်တာ ပိုများတယ်” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ် အောင်ဖြိုးသိန်းက ပြောကြားသည်။အရေးယူခံရသည့် ယာဉ်များအား ၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်၌ အသစ် ထွက်ရှိခဲ့သည့် မော်တော်ယာဉ် ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း သိရပြီး စက်တင်ဘာ ၇ ရက်မတိုင်မီ တိုင်ကြားခံရသည့် ယာဉ်များကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေဖြင့်သာ အရေးယူသွားမည်ဟု သိရသည်။“တချို့ ယာဉ်မောင်းတွေက ကားမောင်းတာ တော်တော့်ကို စည်းပျက်ကမ်းပျက်နိုင်တယ်။ လိုင်းကားတွေ ပိုဆိုးတယ်။ အလုပ်သွား အလုပ်ပြန် ကားစီးရင် သူတို့ကြောင့် အကုသိုလ် များရတယ်။ အပေါ်ကြောက မောင်းနေရင်း မှတ်တိုင်ရပ်ချင်ရင် တစ်စီးလောက်ဆိုပြီး လက်ကလေးထောင်ပြီး တောင်းကြတယ်။ လမ်းမပေးတဲ့ ကားတွေကိုဆို ဆဲတာ မိုးမွှန်နေတာပဲ” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ကိုကောင်းကောင်းက ပြောကြားသည်။စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များအား ပြည်သူများက Viber မှတစ်ဆင့် တိုင်ကြားလိုပါက စည်းကမ်းဖောက်ဖျက်သည့် ယာဉ်၏ နံပါတ်ပြားကို ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်၊ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့် ဓာတ်ပုံများကို ပေးပို့ရန်၊ သတ်မှတ်ထားသည့် လမ်းညွှန် အမှတ်အသား၊ စည်းတားထားသည့် အမှတ်အသားများ ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်နှင့် ပေးပို့ရာတွင် ကျူးလွန်သည့်ယာဉ်၏ အချိန်၊ နေရာတို့ကို ထည့်သွင်းပေးပို့ပေးပါရန် စသည့် အချက်များနှင့် ပြည့်စုံသည့် ဓာတ်ပုံများကို ကြည့်၍ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။စည်းကမ်းပျက်ယာဉ်များအား ပြည်သူလူထုမှ ဓာတ်ပုံရိုက်ကူး၍ အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး Viber ဖုန်းနံပါတ် ဖြစ်သည့် ၀၉ ၇၃၀၉၃၂၂၆၊ ၀၉ ၇၉၁၂၀၃၂၈ တို့ကို ဓာတ်ပုံများပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။          

Most Read

Most Recent