ထောင်ဒဏ်ငါးနှစ်ကျော် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ဗိုလ်တထောင်မြို့နယ်နှင့် တာမွေမြို့နယ် တရားရုံးတို့တွင် ဆက်လက်ရုံးထုတ်ခဲ့ပြီး အမှုတွင်ပါဝင်သည့် ကိုစည်သူအား တရားခံပြေးအဖြစ် တရားရုံးက အမိန့်ချ

ထောင်ဒဏ်ငါးနှစ်ကျော် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ဗိုလ်တထောင်မြို့နယ်နှင့် တာမွေမြို့နယ် တရားရုံးတို့တွင် ဆက်လက်ရုံးထုတ်ခဲ့ပြီး အမှုတွင်ပါဝင်သည့် ကိုစည်သူအား တရားခံပြေးအဖြစ် တရားရုံးက အမိန့်ချ
Published 22 February 2016
ဝေလင်းအောင်၊ နေမျိုးဝင်း

လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှု အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံး အသီးသီးမှ ထောင်ဒဏ်ငါးနှစ်ကျော်အထိ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို         ဗိုလ်တထောင်မြို့နယ် တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့တွင် ဖေဖော်ဝါရီ ၂၂  ရက်က ဆက်လက်ရုံးထုတ်ခဲ့သည်။ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုမိုးသူနှင့် ကိုစည်သူတို့ကို ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး (၂၆)နှစ်ပြည့် အရေးတော်ပုံ လမ်းလျှောက်ထောက်ခံပွဲတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီ ၃ ရက်က ဗိုလ်တထောင်မြို့နယ် တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့တွင် ပုဒ်မ ၁၈ ဖြင့် စတင်တရားစွဲဆိုထားခြင်း ဖြစ်သည်။ဖေဖော်ဝါရီ ၂၂ ရက်ရုံးချိန်းတွင် တာမွေမြို့နယ် တရားရုံးက တရားစွဲဆိုခံထားရသူများအနက် တရားရုံးသို့ လာရောက်အမှုရင်ဆိုင်ခြင်း မရှိသည့် ကိုစည်သူအား တရားခံပြေးအဖြစ် ကြေညာကြောင်း အမိန့်ချမှတ်ခဲ့ပြီး ဗိုလ်တထောင် တရားရုံးတွင်မူ စွပ်စွဲခံရသူ မစုံလင်သေးသဖြင့် အမှုကို မစစ်ဆေးဖြစ်ခဲ့ကြောင်း သိရသည်။

ထောင်ဒဏ် ငါးနှစ်ကျော်ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ဖေဖော်ဝါရီ ၂၂ ရက် ရုံးထုတ်ချိန်တွင် တွေ့ရစဉ်“နိုင်ငံတကာမှာလည်း ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး လူထုလှုပ်ရှားမှုတွေ ရှိတယ်။ နှစ်ပတ်လည်ပွဲတွေ ကျင်းပကြတယ်။ ရှစ်လေးလုံး လူထုလှုပ်ရှားမှုဆိုတာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့အတွက် အရေးပါတဲ့ လှုပ်ရှားမှုကြီးဖြစ်တယ်။ အဲဒီရှစ်လေးလုံး(၂၆) နှစ်ပြည့်မှာ ကျွန်တော်တို့ တတ်နိုင်တဲ့ ပြည်သူအားနဲ့ အမှတ်တရပွဲတွေ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ရှစ်လေးလုံး (၂၅) နှစ်ပြည့် ရွှေရတုပွဲမှာတောင် သမ္မတရုံး ဝန်ကြီးအချို့ ပူးပေါင်းပြီး တက်ခဲ့ပေမယ့် ကျွန်တော်တို့ လမ်းလျှောက်ပွဲမှာ ပုဒ်မ ၁၈ နဲ့တရားစွဲ ခံရတယ်ဆိုတာဟာ လွဲချော်နေပါတယ်” ဟု တရားစွဲခံထားရသူ တစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။လက်ရှိတွင် ၎င်းတို့လေးဦးမှာ ရှစ်လေးလုံး(၂၆) နှစ်ပြည့် အရေးတော်ပုံ လမ်းလျှောက်မှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၊ ဗိုလ်တထောင်မြို့နယ် တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့တွင် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရပြီး ပုဇွန်တောင်မြို့နယ်၊ ကျောက်တံတားမြို့နယ် တရားရုံးတို့တွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံရဖွယ်ရှိကြောင်း စွပ်စွဲခံရသူများထံမှ သိရသည်။ထို့အပြင် ၂၀၁၅ ခုနှစ်မေ ၁၅ ရက်က လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း အသတ်ခံရမှုအား ဖော်ထုတ်ပေးရန် ကျောက်တံတားမြို့နယ်မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် မြို့နယ်တရားရုံး အသီးသီးက ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ကိုတင်ထွဋ်ပိုင်အား အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ကျော်နှင့် ဒေါ်နော်အုန်းလှအား ထောင်ဒဏ်ခြောက်နှစ်ကျော် ချမှတ်ထားကြောင်း သိရသည်။သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း မကုန်မီကာလအတွင်း ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များအား အမှုဟောင်းများဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ရှိသည်ကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်လျက်ရှိပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် တက်ကြွလှုပ်ရှားသူများအား ယခင်ဆန္ဒပြခဲ့မှုများဖြင့် ထပ်မံတရားစွဲဆိုမှုများရှိပြီး လက်ရှိတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃၀၀ ကျော် တရားစွဲဆိုခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent