မကွေးတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီ ၁၅ ရက်က စတင်ဖြေကြားခဲ့သည့် ခရိုင်အဆင့် စတုတ္ထတန်းမေးခွန်းနှင့် တိုင်းအဆင့် အဋ္ဌမတန်း မေးခွန်းများ လေးဘာသာဆက်တိုက် ရာနှုန်းပြည့် ကြိုတင်ပေါက်ကြားခဲ့မှုနှင့် ပတ်သက်၍ စတင်ပေါက်ကြားသည်ဟု စစ်ဆေး ပေါ်ပေါက်ထားသော ချောက်မြို့နယ် အခြေခံပညာ မူလတန်းလွန်ကျောင်း တစ်ကျောင်းမှ ပညာရေးဝန်ထမ်း အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးအား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၅ (၁)/ (က) (ဂ)တို့ဖြင့် ချောက်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဦးမင်းဟန်က မီဒီယာများသို့ ဖေဖော်ဝါရီ ၂၁ ရက်က အတည်ပြုပြောကြားသည်။အဆိုပါအတန်းများအတွက် ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းဘာသာရပ်များကို မေးမြန်းမည့် မေးခွန်းများ သက်ဆိုင်ရာ ဘာသာရပ်အလိုက် မဖြေကြားမီ Facebook လူမှုကွန်ရက်များမှ တစ်ဆင့် နေ့စဉ် ကြိုတင် ပေါက်ကြားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ထိုသို့ မေးခွန်းများ အတိအကျ ပေါက်ကြားမှုနှင့် ပတ်သက်၍ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများ အပါအဝင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းစုံစမ်း၍ မကွေးမြို့ သုခိတာလမ်း ရန်ကင်းဈေးဆိုင်ခန်းရှိ မိတ္တူ ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်တစ်ဦးနှင့် ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းမှ ဆရာမတစ်ဦးတို့အား စစ်ဆေးခဲ့ကြကြောင်း၊ ထိုသို့စစ်ဆေးမှုများမှတစ်ဆင့် မေးခွန်းများ စတင်ပေါက်ကြားခဲ့သည်မှာ ချောက်မြို့နယ်အတွင်း အခြေခံပညာ မူလတန်းလွန်ကျောင်းတစ်ကျောင်းမှဟု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။“Facebook စာမျက်နှာတွေပေါ်မှာ တက်လာခဲ့သလို မေးခွန်းပေါက်ကြားခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးစတဲ့ သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းစုံစမ်းစစ်ဆေး ကြရာကနေ ချောက်မြို့နယ်ထဲက အစပြုတယ်လို့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အဲဒီကျောင်းက ဝန်ထမ်းတွေကို အမှုဖွင့် အရေးယူထားပါတယ်။ ပညာရေးဌာနကလည်း အရေးယူဖို့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ကလည်း ထပ်မံစစ်ဆေးမှုတွေ ဆောင်ရွက်နေပြီး အရေးယူရမယ့် သူတွေကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဦးမင်းဟန်က မီဒီယာများကို ပြောကြားသည်။အဆိုပါ အမှုနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်း အမျိုးသားသုံးဦးအား ချောက်မြို့နယ် မြို့မရဲစခန်းက (ပ) ၂၃/၂၀၁၆ မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေ ၅ (၁)/(က) (ဂ) ဖြင့်လည်းကောင်း၊ အမျိုးသမီးပညာရေးဝန်ထမ်း တစ်ဦးအား (ပ) ၂၄/၂၀၁၆ ဖြင့် အဆိုပါ ဥပဒေပုဒ်မများအတိုင်းလည်းကောင်း အမှုဖွင့်ထားကြောင်း၊ ၎င်းဥပဒေကို ကျူးလွန်ဖောက်ဖျက်ပါက ထောင်ဒဏ် နှစ်နှစ်နှင့် ဒဏ်ငွေလည်း ချမှတ်နိုင်ကြောင်း၊ ယခု အရေးယူထားသော ပညာရေးဝန်ထမ်းများ၏ ရာထူးနှင့် အမည်များကို မကွေးခရိုင် ရဲတပ်ဖွဲ့မှူးက ထုတ်ဖော်မပြောကြားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထောက်များက မကွေးတိုင်းပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခွင့် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ အဆိုပါရုံးမှ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းအထိ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာ မရှိသေးကြောင်း သတင်းရရှိသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲမေးခွန်း လေးဘာသာ ဆက်တိုက် ရာနှုန်းပြည့် ကြိုတင်ပေါက်ကြားမှုနှင့် ပတ်သက်၍ ပညာရေးဝန်ထမ်း လေးဦးအား အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အမှုဖွင့်









