ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မခုနစ်ခုဖြင့်် တရားစွဲခံထားရသည့် ဒေါက်တာဒေါ်မြတ်နုခိုင်၏အမှု လာမည့်ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးမည်

ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မခုနစ်ခုဖြင့်် တရားစွဲခံထားရသည့် ဒေါက်တာဒေါ်မြတ်နုခိုင်၏အမှု လာမည့်ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးမည်
Published 18 February 2016
ပြည့်ဖြိုးအောင်

လက်ပံတောင်းတောင်အရေး တရုတ်သံရုံးရှေ့ဆန္ဒပြရာတွင် ပါဝင်သည်ဟုဆိုကာ ဒဂုံမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅ (ခ) အပါ အဝင်ပုဒ်မ ခုနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာဒေါ်မြတ်နုခိုင်ကို ဖေဖော်ဝါရီ ၁၈ တွင် ဒဂုံမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် အမှုနှင့် ပတ်သက်၍ ကျန်ရှိသော တရားလိုပြသက်သေ လေးဦးဖြစ်သည့် ရဲအရာရှိနှစ်ဦးနှင့် အရပ်သားနှစ်ဦးကို စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဖေဖော်ဝါရီ ၂၃ ရက်သို့ ချိန်းဆိုကာ အမှုနှင့် ပတ်သက်၍ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေး မည်ဖြစ်ကြောင်း သိရသည်။“ကျန်တဲ့ တရားလိုပြသက်သေ လေးဦးကို စစ်ဆေးခဲ့ပါတယ်။ တင်ပြထားတဲ့တရားလိုပြ သက်သေတွေထွက်ဆိုတာ စစ်ဆေးပြီးသွားလို့ နောက်ရုံးချိန်းမှာအမှုနှင့် ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့်ကို လျှောက်လဲချက်ပေးပါမယ်”ဟု ဒေါက်တာမြတ်နုခိုင်၏ ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရန် စီစဉ်ခဲ့သည့် ဒေါက်တာဒေါ်မြတ်နုခိုင်အား တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းတောင်အရေး ဆန္ဒပြရာ၌ ပါဝင်ခဲ့သည်ဟုဆိုကာ ၂၀၁၅ ခု နှစ်အောက်တိုဘာလအတွင်းမှ စတင်၍ ဒဂုံမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ၁၈၊  ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၄၉၊ ပုဒ်မ ၁၅၂ ၊ ပုဒ်မ ၂၉၄၊ ပ ုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။“အခုချိန်မှာက နိုင်ငံရေးအကျဉ်းသား၊ ကျောင်းသူ၊ ကျောင်းသားတွေက စွပ်စွဲခံရသူတွေပါပဲ။ တကယ်အသွင်ကူးပြောင်းတယ်လို့ ယူဆလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေ အကုန်လုံးကို ငဲ့ကြည့်ပြီး ပြန်လွှတ်သင့်ပြီလို့ ထင်ပါတယ်” ဟု ဒေါက်တာ ဒေါ်မြတ်နုခိုင်က ရုံးချိန်းအပြီးတွင် ပြောကြားသည်။အဆိုပါ တရားစွဲခံထားရမှုနှင့် ပတ်သက်၍ ဒေါက်တာဒေါ်မြတ်နုခိုင်က ၎င်းတွင် အပြစ်မရှိကြောင်း၊ တရုတ်သံရုံးရှေ့၌ ဆန္ဒပြရာတွင် မပါဝင်ခဲ့ဘဲ တရုတ်သံရုံး အရာရှိများ နားလည်အောင် အင်္ဂလိပ်စကားဖြင့် ဘာသာပြန်ပေးခဲ့ခြင်းသာဖြစ်သည်ဟု တရားရုံးတွင် ငြင်းဆိုထားကြောင်း မီဒီယာများအား ပြောကြားသည်။    ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာမြတ်နုခိုင်မှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကော်မရှင်၏ ခွင့်ပြုချက်ရရှိကာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခွင့် ရရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်းက ဖြူးမြို့နယ်၌ မဲဆွယ်စည်းရုံးစဉ် ဖမ်းဆီးခံခဲ့ရကာ တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။ 

Most Read

Most Recent