ကျန်းမာရေး ကဏ္ဍအတွက် ဘတ်ဂျက်တိုး ချထားပေးသော်လည်း ပြည်သူများက စိုက်ထုတ်သုံးစွဲ နေရသည့်အပြင် ကျေးလက်ကျန်းမာရေး ဌာနများအား မြှင့်တင်ရန် လိုအပ်နေဟု လွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌသစ် ပြောကြား

ကျန်းမာရေး ကဏ္ဍအတွက် ဘတ်ဂျက်တိုး ချထားပေးသော်လည်း ပြည်သူများက စိုက်ထုတ်သုံးစွဲ နေရသည့်အပြင် ကျေးလက်ကျန်းမာရေး ဌာနများအား မြှင့်တင်ရန် လိုအပ်နေဟု လွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌသစ် ပြောကြား
Published 16 February 2016
စိုးမင်းထိုက်

ကျန်းမာရေး ကဏ္ဍအတွက် ဘတ်ဂျက်တိုးတက် ချထားပေးသော်လည်း ပြည်သူများက စိုက်ထုတ်သုံးစွဲ နေရသည့်အပြင် ကျေးလက်ကျန်းမာရေး ဌာနများအား အဆင့်မြှင့်တင်ရန် လိုအပ်နေသေးကြောင်း အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌသစ် ဒေါက်တာသန်းဝင်းက ပြောကြားသည်။
အဆိုပါကော်မတီအား ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းရန် လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
ဒေါက်တာသန်းဝင်းက "နိုင်ငံတော်က ချထားပေးတဲ့ ဘတ်ဂျက်ကိုလည်း ဆေးရုံကြီးတွေဘက်ကို ဇောင်းပေးမနေဘဲနဲ့ ကျေးလက်ကျန်းမာရေး ဌာနတွေ၊ အခြေခံကျန်းမာရေး ဌာနတွေဘက်ကို ဇောင်းပေးပြီးတော့ လုပ်ဖို့လိုတယ်လို့ မြင်ပါတယ်။ အဲဒီအပိုင်းတွေအတွက် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမယ်လို့ စဉ်းစားထားပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် ပြည်သူများကို လွှမ်းခြုံသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင်လည်း လုပ်နေကြသည့် အတွက် မြန်မာနိုင်ငံတွင်လည်း အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း၊ အောင်မြင်ရန်အတွက် ဆက်လုပ်သွားရန်ရှိကြောင်း၊ ကော်မတီအနေနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
"ကျန်းမာရေးကဏ္ဍ အနေနဲ့ဆိုတော့ အဓိက,ကတော့ ပြည်သူတွေရဲ့ ကျန်းမာမှုကဏ္ဍကို တာဝန်ယူ စောင့်ရှောက်ရတဲ့ကဏ္ဍ ဖြစ်ပါတယ်။ ကျန်းမာရေးက စောင့်ရှောက်မှု ဆိုပေမယ့် တကယ်တမ်းကတော့ ကျန်းမာတဲ့ အလေ့အကျင့်တွေ ပြုစုပျိုးထောင်ဖို့ရော ရောဂါကာကွယ်ဖို့ရော၊ နောက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ရောဂါကို ကုသဖို့ရော၊ ကုသပြီးနောက်မှာ ပြန်လည်ပြီးတော့ ပုံမှန်ဘက် ပြန်ရောက်သွားဖို့ဆိုတဲ့ အဆင့်ဆင့် ရှိပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
ကျန်းမာရေး ကဏ္ဍအတွက် ကျန်းမာရေး ဝန်ကြီးဌာန တစ်ခုတည်းနှင့် သက်ဆိုင်ခြင်း မဟုတ်ကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများနှင့်လည်း ဆိုင်ကြောင်း၊ ထို့ပြင် အခြားဝန်ကြီးဌာန အားလုံးနှင့်လည်း သက်ဆိုင်ကြောင်း ဆက်လက်ပြောကြားသည်။
"ပြည်သူတွေအဓိက မြင်တာကတော့ ကုသတာကို မြင်တာပေါ့။ အဲဒီတော့ ဆေးရုံ ဆေးခန်းတွေကို ပိုမြင်တာပေါ့။ ဒါကြောင့် လက်ရှိ လုပ်ဆောင်နေတာမှာလည်း အထူးသဖြင့်တော့ ဆေးရုံတွေပေါ့။ တိုင်းဆေးရုံတွေ၊ အထူးကုဆေးရုံတွေ တောက်လျှောက် လုပ်လာတာကို တွေ့ရတယ်။ တကယ်တမ်းကျတော့ တိုင်းပြည် တစ်ပြည်လုံး၊ လူအားလုံးအတွက် ကျန်းမာရေး တိုးတက်ဖို့ ဆိုတာက ကာကွယ်မှုရော၊ ကျန်းမာရေး မြှင့်တင်မှုရောဆို ပိုပြီးတော့ အခြေခံကျတယ်။ ပိုပြီးတော့ လွှမ်းခြုံနိုင်တာပေါ့။ ဒါမှလည်း ကျန်းမာရေး စောင့်ရှောက်မှုလို့ခေါ်တဲ့ ကျေးရွာတွေ၊ နောက်ပြီးတော့ မြို့နယ်တွေမှာရှိတဲ့ ကျန်းမာရေးဌာနတွေကို ပိုပြီးမြှင့်တင်ဖို့ လိုတာပေါ့" ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။
ဘတ်ဂျက် အနေအထားသည် ပြီးခဲ့သည့် သုံးနှစ်လောက် အတွင်းတွင် တိုးတက်လာသည်ကို တွေ့ရကြောင်း၊ ဘတ်ဂျက် တက်လာသည် ဆိုသော်လည်း ကျန်းမာရေးကဏ္ဍတွင် အများစုကို ပြည်သူတွေက ကိုယ့်အိတ်ထဲက စိုက်ထုတ် သုံးစွဲနေရဆဲဖြစ်ကြောင်း၊ ထိုသို့ သုံးနေရသည့် အတွက်ကြောင့် ချထားပေးသည့် ဘတ်ဂျက်ပမာဏ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူးဟု ပြောရမည်ဖြစ်ကြောင်း၊ ထို့အတွက်လည်း နိုင်ငံတော်က ချပေးသည့် ဘတ်ဂျက်အပြင် ပြင်ပကနေ ရန်ပုံငွေတွေ ရှာရန်လည်း လိုအပ်ကြောင်း၊ ဒါကိုလည်း ကော်မတီအနေဖြင့် အကြံပေးနိုင်မယ်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
လက်ရှိကျင့်သုံးနေသည့် အခမဲ့ ကျန်းမာရေးစနစ် ရေရှည်တည်တံ့ဖို့ အတွက် ဘတ်ဂျက်တောင့်တင်းရန် လိုအပ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအတွက် ဘတ်ဂျက်ခွဲေ၀ ချထားပေးမှုက ဘယ်လိုမှ လုံလောက်မှာ မဟုတ်သည့် အတွက်ကြောင့် လုံလောက်သည့် ရန်ပုံငွေရရှိရန် ဆက်လက် ဆွေးနွေးရမည့် ကိစ္စများ ရှိနေသေးကြောင်း ဒေါက်တာသန်းဝင်းက ပြောကြားသည်။
                 

Most Read

Most Recent