ရန်ကုန်မြို့လယ်ကို ခွဲထုတ်ပေးမည့် ဒုတိယ ဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ စီမံကိန်း) အဆင်ပြေနိုင်မလား

ရန်ကုန်မြို့လယ်ကို ခွဲထုတ်ပေးမည့် ဒုတိယ ဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ စီမံကိန်း) အဆင်ပြေနိုင်မလား
Published 14 February 2016

ရန်ကုန်မြို့တော်၏ ဒုတိယ မြို့လယ် ဗဟိုစီးပွားရေးဇုန်အဖြစ် ရည်မှန်းထားသည့် မင်းဓမ္မ ဒုတိယ ဗဟိုစီးပွားရေးဇုန် စီမံကိန်းကို စတင် အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ခွင့် ရရှိသည့် ကုမ္ပဏီနှင့် ဇန်နဝါရီလ အတွင်းက စာချုပ် ချုပ်ဆိုခဲ့ပြီး ယခု အဆိုပါ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်မှု လုပ်ငန်းများ စတင်နေကာ စီမံကိန်းအတွက် မြေသားပြုပြင်သည့် လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်သည်။ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်၏ သိပ်သည်းကျပ်တည်းမှုကို ခွဲထုတ်ဖို့ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့နှင့် ဆက်စပ်နေသည့် နေရာများတွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ စက်ရုံ၊ အလုပ်ရုံများစွာ ပေါ်ပေါက်လာခြင်းကြောင့် ကျေးလက်ဒေသများမှာ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။ရန်ကုန်မြို့၏ လက်ရှိ လူဦးရေ အရ တစ်နေရာနှင့် တစ်နေရာ နေထိုင်မှုနှုန်းများ မတူညီကြဘဲ ကွာခြားနေကြောင်း၊ အထူးသဖြင့် ရန်ကုန်မြို့လယ်ဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စသော နေရာများတွင် နေထိုင်သူဦးရေ များစွာ သိပ်သည်းလာပြီး တစ်စတုရန်းမိုင်လျှင် လူဦးရေ တစ်သိန်းအထိ နေထိုင်နေကြသည်။ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်သည် များစွာကျပ်တည်း သိပ်သည်းနေသည်။ အထူးသဖြင့် နေ့စဉ် အလုပ်အကိုင် ပေါများစွာ တည်ရှိနေသည့် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်သို့သာ ဦးတည်သွားလာ နေရကြသဖြင့် ယာဉ်ကြောကျပ်တည်းမှုများ၊ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေရသည်။ သို့ဖြစ်ရာ ယင်းသို့ သိပ်သည်းမှုကို ခွဲထုတ်ရန် မဖြစ်မနေ လိုအပ်လာသည်ဟု မြို့ပြဆိုင်ရာ ပညာရှင်များက ထောက်ပြခဲ့ကြသည်။ယင်းသို့ ခွဲထုတ်လိုက်ခြင်းဖြင့် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်၏ သိပ်သည်းမှုများသည် လျော့ပါးသွားမည်ဖြစ်ပြီး မြို့လယ်ကို ဗဟိုပြုကာ ဦးလာသွားလာမှုကိုလည်း အခြားနေရာ တစ်ခုသို့ ကူးပြောင်းပေးလိုက်သည့် သဘော ဖြစ်သွားမည်ဖြစ်သည်။ 
■ ဒုတိယ ဗဟိုစီးပွားရေးဇုန်အဖြစ် မင်းဓမ္မကို ဘာကြောင့် ရွေးချယ်ခဲ့သလဲရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်ကို ခွဲထုတ်ရန် စဉ်းစားရာတွင် လှိုင်သာယာကဲ့သို့  ဆင်ဖြေဖုံး နေရာသို့လည်း ခွဲထုတ်၍ မရ၊ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် လျာထားသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကဲ့သို့ နေရာများသည်လည်း အဆင်မပြေဘဲ လက်ရှိ စီးပွားရေး အချက်အချာ နေရာများနှင့်လည်း ချိတ်ဆက်မှုများစွာ အလှမ်းမဝေးနိုင်သည့် နေရာဖြစ်ရန် လိုအပ်သည်။သို့ဖြစ်ရာ ရန်ကုန်မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မနယ်မြေကို ဒုတိယဗဟို စီးပွားရေးဇုန်အဖြစ် အကောင်အထည်ဖော်ရန် ရွေးချယ်ခဲ့ကြသည်။ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေစုစုပေါင်း ဧရိယာ ၃၆ ဒသမ  ၅၅၁ ဧကပေါ်တွင် စီမံကိန်းကို ဦးစွာ အကောင်အထည်ဖော်မည် ဖြစ်သည်။အဆိုပါ နေရာသည် လက်ရှိ ရန်ကုန်မြို့လယ် စီးပွားရေးဇုန် ဧရိယာနှင့် အချိတ်အဆက်မိသော နေရာတွင် တည်ရှိနေပြီး စီးပွားရေး လုပ်ငန်းများနှင့် များစွာ အလှမ်းမဝေးကွာသည့် နေရာတွင် ရှိခြင်းကြောင့် ယင်းနေရာကို ဒုတိယ ဗဟိုစီးပွားရေးဇုန်အဖြစ် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့ခြင်းလည်းဖြစ်သည်။ ယင်းနေရာသည် ရှစ်မိုင်၊ ကိုးမိုင် စသည့် နေရာများနှင့် လွန်စွာ နီးကပ်နေသည်။ 
■ ၂၀၁၃ ခုနှစ်မှာ အကောင်အထည်ဖော်ရန် တင်ဒါစတင်ခေါ်ယူယင်းစီမံကိန်းအတွက် မြေငှားရမ်း လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့် ပြည်ပဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းများကို တင်ဒါခေါ်ယူခဲ့ရာ တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီများ အနက်မှ First Myanmar Construction ကုမ္ပဏီကို တင်ဒါ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။ 
■ ကြန့်ကြာနေခဲ့သည့် ဒုတိယဗဟို စီးပွားရေးဇုန် စီမံကိန်းဒုတိယ ဗဟို စီးပွားရေးဇုန် စီမံကိန်း ဖော်ဆောင်မှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်၍ ၂၀၁၂ ခုနှစ် ကတည်းက လုပ်ဆောင်ရန် မျှော်မှန်းထားခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပိုင်ဆိုင် စီမံခန့်ခွဲသည့် မြေများ ပါဝင်သလို ဝန်ကြီးဌာန အချို့က စီမံခန့်ခွဲသည့် မြေအချို့လည်း ပါဝင်နေသဖြင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရသည်။အလားတူ မင်းဓမ္မ ဒုတိယ ဗဟို စီးပွားရေးဇုန် ဧရိယာအတွင်း ပါဝင်နေသည့် မင်းဓမ္မပန်းကွင်းကိုလည်း ၂၀၁၂ ခုနှစ် ကတည်းက သာကေတမြို့နယ် ယမုံနာ လမ်းဘေးသို့ ပြောင်းရွှေ့ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားခဲ့သော်လည်း ပြောင်းရွှေ့ခိုင်းသည့် မြေနေရာသည် ရေအဆင်မပြေနိုင်ခြင်း၊ ကျဉ်းမြောင်းခြင်း စသည်တို့ကြောင့် မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်း အများစု မပြောင်းရွှေ့ဘဲ ကျန်ရှိခဲ့ကြသည်။သို့ဖြစ်ရာ ထပ်မံပြောင်းရွှေ့ရန် လုပ်ဆောင်ရင်း စည်ပင်နှင့် ပန်းကွင်းမှ ဆိုင်ခန်းပိုင်ရှင်များ ထိပ်တိုက်တွေ့ဆုံကာ ပြဿနာများ ဖြစ်ပွားခဲ့ပြီး မင်္ဂလာဒုံမြို့နယ် ပုလဲတွင် နေရာပြန်ပေးရန် ညှိနှိုင်းမှု အဆင်ပြေခဲ့ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ကုန်ပိုင်းမှ မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်းများ ပြောင်းရွှေ့သွားခဲ့သည်။ယင်းကိစ္စများကြောင့်လည်း စီမံကိန်း လုပ်ဆောင်ရန် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုမူ စီမံကိန်း စတင်ဖော်ဆောင်ခွင့် ရရှိခဲ့ပြီး အချိန်မည်မျှ ကြာမြင့်မည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။ 
■ လူတန်းစား အားလုံးနှင့် သက်ဆိုင်သည့် စီမံကိန်း ဖြစ်ဖို့လည်း အရေးကြီးဒုတိယ ဗဟို စီးပွားရေးဇုန် စီမံကိန်း ဖော်ဆောင်ရာမှာ မည်သည့် စိမံကိန်းများ ဖော်ဆောင်မည် ဆိုသည်မှာလည်း အရေးကြီးသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ယခင် ထုတ်ပြန်ခဲ့မှုအရ ယင်းစီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်များ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းခန်းမကြီးများနှင့် ရုံးခန်း အဆောက်အအုံနေရာများ ပါဝင်မည် ဖြစ်သည်ဟု သိရသည်။ယခု ဖော်ဆောင်မည့် စီမံကိန်းများတွင် အဓိက အလုပ်အကိုင် အခွင့်အလမ်း မည်မျှ ဖန်တီးပေးနိုင်မည်နည်း။ လူတန်းစား အသီးသီးနှင့် မည်မျှဆက်နွှယ်မှု ရှိနိုင်မှာသာ အဆင်ပြေနိုင်မည်။ အထက်တန်းလွှာ လူတန်းစားများနှင့်သာ သက်ဆိုင်ပြီး အခြေခံ ပြည်သူများနှင့် သက်ဆိုင်ခြင်း မရှိသည့် စီမံကိန်းများ ဖြစ်နေပါကလည်း အကျိုးရှိနိုင်လိမ့်မည် မဟုတ်ပေ။ရုပ်ရှင်ရုံများ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ပြခန်းကြီးများ ပါဝင်မည် ဆိုသော်လည်း အခြေခံပြည်သူများ လက်လှမ်း မမီသော အထက်တန်းလွှာ လူတန်းစားသာ လက်လှမ်းမီသည့် နေရာများ ဖြစ်နေပါကလည်း ယင်းသို့ ဖော်ဆောင်နိုင်မှုမှာ အောင်မြင်နိုင်မည် မဟုတ်ဘဲ လူတန်းစား အသီးသီးကိုလည်း ယင်းနေရာသို့ ဖြန့်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။■ ဒုတိယ ဗဟို စီးပွားရေးဇုန် စီမံကိန်း အဆင်ပြေနိုင်မလားရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်၏ သိပ်သည်းမှုကို ခွဲထုတ်မည့် ယင်းစီမံကိန်းသည် ယေဘုယျအားဖြင့် ကောင်းမွန်သည့် စီမံကိန်းကြီးတစ်ခုဖြစ်သည်။စားဝတ်နေရေးအရ မြို့လယ် ဗဟို စီးပွားရေးဇုန်သို့ ဦးတည်နေသည့် အလုပ်သမားများ၊ စီးပွားရေး အခြေအနေအရ တွက်ခြေကိုက်စေရန် မြို့လယ် ဗဟိုပြု ပြေးဆွဲနေသည့် ဘတ်စ်ကား လမ်းကြောင်းများ ယင်းတို့ကို ခွဲထုတ်လိုက်ပါက ရန်ကုန်မြို့လယ်၏ ဝန်ထုပ် ပေါ့သွားမည်ဖြစ်ပြီး အဆိုပါ ဝန်ထုပ်ကို ဒုတိယ ဗဟို စီးပွားရေးဇုန်က ထမ်းဆောင်နိုင်ပါက များစွာ အကျိုးရှိမည့် စီမံကိန်းကြီး တစ်ခုလည်း ဖြစ်သည်။သို့သော် အထက်တွင် ဖော်ပြခဲ့သလို လူတန်းစားအားလုံး ဖြန့်ထုတ်နိုင်မှု အားနည်းသည့် စီမံကိန်းကြီးမျိုး ဖြစ်မည် ဆိုပါကမူ အဆင်ပြေနိုင်မည် မဟုတ်ဘဲ အလားအလာ ကောင်းနိုင်မည်ဟု မျှော်လင့်မိပါသည်။ 
■ ဒုတိယအပြီး တတိယ ဗဟို စီးပွားရေးဇုန် စီမံကိန်းဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းအတွက် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့စဉ်က ယခု လျာထားသည့် ရန်ကုန်မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် မင်းဓမ္မ နယ်မြေသာ မကဘဲ ရန်ကုန် အရှေ့ပိုင်း ခရိုင်ရှိ ဒဂုံမြို့သစ် လေးမြို့နယ်တွင်လည်း အကောင်အထည်ဖော်ပေးရန် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်၏ တင်ပြခဲ့မှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က သဘောတူထားခဲ့သည်။လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟို စီးပွားရေးဇုန်ကို ခွဲထုတ်ရန် မင်းဓမ္မ စီမံကိန်း တစ်ခုတည်းဖြင့် မလုံလောက်ဘဲ လက်ရှိ အချိန်အထိ ဖွံ့ဖြိုးမှု နောက်ကျကာ အခြေခံ အဆောက်အအုံ ပြည့်စုံမှု ရှိသေးသည့် ဒဂုံမြို့သစ် လေးမြို့နယ်ကိုပါ လုပ်ဆောင်ပေးရန် ယင်းအချိန်က တင်ပြခဲ့ခြင်းလည်း ဖြစ်သည်။“မြို့လယ်ဗဟို စီးပွားရေးဇုန်ကို မြို့သစ်တွေကို ခွဲထုတ်လိုက်မှ လုပ်ငန်းတွေလည်း လိုက်လာမယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း လျော့နည်းသွားမယ်။ ဥပမာ-ယခု ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုများတဲ့ နေရာတွေမှာပါတဲ့ ယုဇနပလာဇာ၊ မင်္ဂလာဈေးလို နေရာမျိုးကို ဒဂုံမြို့သစ်ကို ခွဲထုတ်လိုက်မယ်ဆိုရင် လုပ်ငန်းတွေမှာ အဲဒီမှာ ဖြစ်သွားမယ်။ ဒါဆိုရင် ယာဉ်ကြောပိတ်ဆို့မှုလည်း သက်သာသွားမှာပေါ့” ဟု ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်က ပြောကြားထားသည်။လွန်ခဲ့သည့် နှစ် ၂၀ ခန့် ကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည့် ဒဂုံမြို့သစ် လေးမြို့နယ်၏ လူဦးရေ သိပ်သည်းမှုနှုန်းမှာ တစ်စတုရန်းမိုင်လျှင် ၅၀၀၀ ခန့်သာ နေထိုင်နေကြပြီး ရန်ကုန်မြို့၏ လူဦးရေ သိပ်သည်းမှု အနိမ့်ဆုံးနေရာ ဖြစ်နေသည်။ ရေ၊ မီး၊ လမ်း စသော အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု လိုအပ်ချက်များကြောင့် ယင်းနေရာများသို့ လူဦးရေ ဖြန့်ကြက်နိုင်မှု အားနည်းပြီး အထူးသဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း စသည်တို့တွင် လူဦးရေ သိသာစွာ နည်းပါးနေသည်။သို့ဖြစ်ရာ ဒဂုံမြို့သစ် လေးမြို့နယ်တွင် ယခင် လျာထားခဲ့သည့် ဘူတာကြီး စီမံကိန်းလည်း လုပ်ဆောင်ဖြစ်မည် ဆိုပါက ဒုတိယမြို့လယ် စီးပွားရေးဇုန် အတွက်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။ ထို့ပြင် ဒဂုံမြို့သစ် လေးမြို့နယ်ရှိ မြေလွတ်များသည် မြို့မြေ အဖြစ်သို့ ပြောင်းလဲပြီးသားမြေများ ဖြစ်သောကြောင့် စီမံကိန်းများ လုပ်ဆောင်ရန် လွယ်ကူပြီး ယင်းနေရာတွင် စီမံကိန်း ဖော်ဆောင်နိုင်သည့် မြေဧက ၁၇၀၀၀ ခန့် ရှိနေသည်ဟု သိရသည်။
မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မင်းဓမ္မစီမံကိန်း နေရာကို တွေ့ရစဉ်
■ လိုအပ်သည့် ဒုတိယမြို့လယ် ဗဟို စီးပွားရေးဇုန်ရန်ကုန်မြို့နေလူထု နေ့စဉ် ခံစားနေရသော ယာဉ်ကြောပိတ်ဆို့မှု၊ မြို့လယ် ဗဟိုပြုနေသော သိပ်သည်း ကျပ်တည်းမှုများကို လျှော့ချနိုင်ရန်အတွက် ယခုလို စီမံကိန်းမျိုး လိုအပ်နေသည်။ရန်ကုန်မြို့သစ် စီမံကိန်းမျိုးကဲ့သို့ ဘာမှ မလုပ်ဆောင်ရသေးသည့် နေရာမျိုးတွင် မြို့သစ်တည်ခြင်းထက် ယခုကဲ့သို့ လူဦးရေ သိပ်သည်းမှု ကျဲပါးသော နေရာများ၊ ဒဂုံမြို့သစ်ကဲ့သို့ မြို့သစ် တည်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း အခြေခံ အဆောက်အအုံများ ပြည့်စုံမှု မရှိသေးသည့် နေရာများအား ယခုကဲ့သို့ စီမံကိန်းကြီးမျိုး အကောင်အထည်ဖော်ကာ အဆင့်မြှင့်တင်ပေးမည် ဆိုပါက ပိုမို အဆင်ပြေနိုင်မည့် အလားအလာများ ရှိနေသည်။ ထို့ပြင် ဒဂုံမြို့သစ် လေးမြို့နယ်အနက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်သည် လက်ရှိ စီးပွားရေးဇုန်အဖြစ် စတင် လည်ပတ်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်နှင့်လည်း ချိတ်ဆက်နိုင်မည့်အပြင် ပဲခူးတိုင်း ဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်လည်း ချိတ်ဆက် သွားလာနိုင်မည်ဖြစ်သည်။ 
■ စီမံကိန်းကနေ နိုင်ငံတော်၏ အကျိုးအမြတ် ဘယ်လောက် ရနိုင်မလဲယင်းစီမံကိန်းမှ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာ မည်မျှ ဆောင်နိုင်မည့် ကိစ္စကိုလည်း ထည့်သွင်း တွက်ချက်ရမည်ဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးအမြတ် မည်မျှရနိုင်မည်ကို အဓိက အနေဖြင့် တွက်ချက်ရမည်ဖြစ်သည်။အဆိုပါ စီမံကိန်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြေငှားရမ်း အသုံးပြုခ ရရှိမည်ဖြစ်သည်။ ဒုတိယ ဗဟို စီးပွားရေးဇုန် စီမံကိန်း တင်ဒါ အောင်မြင်ခဲ့သည့် First Myanmar Construction ကုမ္ပဏီမှာ စီမံကိန်း မြေနေရာ ငှားရမ်းမှု အနေဖြင့် ပရီမီယံကြေး ဒေါ်လာ ၇၆ ဒသမ ၆၇ သန်း၊ ကွန်ဗင်းရှင်းစင်တာနှင့် မြေ ၃ ဒသမ ၅ ဧကနှင့် နှစ်စဉ် မြေငှားရမ်းခ တစ်ဧကလျှင် ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် နှစ် ၇၀ အတွက် ဒေါ်လာ ၈၄ သန်း ပေးမည်ဖြစ်ကြောင်း သိရသည်။သို့သော် နိုင်ငံတော်အတွက် များစွာ နစ်နာခဲ့ရသည့် ရန်ကုန်မြို့ရှိ မြေနေရာ ငှားရမ်းခများစွာကလည်း သာဓကအဖြစ် ရှိနေသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ်ရန် ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် တင်သွင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအရ ရန်ကုန်မြို့ရှိ အထင်ကရ ဖြစ်သော ပြည်သူ့ဥယျာဉ်၊ ကန်တော်ကြီး ကရဝိက်ဥယျာဉ် စသည်တို့ကို ပုဂ္ဂလိက ကုမ္ပဏီများကို ငှားရမ်းထားရာတွင် ဈေးနှုန်းများမှာ ကာလပေါက်ဈေးနှင့် လုံး၀ မလျော်ညီဘဲ နည်းနေသည့်အတွက် နိုင်ငံတော်အတွက် နစ်နာပြီး စာချုပ်များကို ပြင်ဆင်ချုပ်ဆိုသင့်ကြောင်း အစီရင်ခံစာက ဖော်ပြထားခဲ့သည်။ အစီရင်ခံစာအရ ကြည့်မည် ဆိုပါက ရန်ကုန်မြို့၏ နေရာကောင်းများကို ငှားရမ်း လုပ်ကိုင်ခွင့် ရထားသည့် ဈေးများမှာ ပြည်သူ့ရင်ပြင်အား Natural World ကုမ္ပဏီကို တစ်ဧက တစ်လလျှင် ကျပ် ၃၅၀၀၀ ဖြင့် ငှားရမ်းထားမှု၊ ဇေကမ္ဘာ ကုမ္ပဏီကို ကန်တော်ကြီး ကရဝိက် ဥယျာဉ် ၂၅ ဧကကို တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀ ဖြင့် ငှားရမ်းထားမှုများသည် နိုင်ငံတော်အတွက် များစွာ နစ်နာနေပြီး နှစ်ရှည်ငှားရမ်းထားမှုများ ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကျပ် ဘီလျံနှင့်ချီ၍ နစ်နာနေသည်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသည်။“ငွေကြေးအင်အား စာရင်းတွေအရ ဒီစီမံကိန်းအတွက် နှစ် ၇၀ ငှားမယ်ဆိုလည်း နှစ် ၇၀ အတွက်ကို ရေရှည် Plan ဆွဲခိုင်းဖို့လိုတယ်။ ၁၀ နှစ်ပြည့်ရင် ငှားခ ဘယ်လောက်ဆိုပြီး။ ဒီငှားခဈေးက နစ်နာရင် တိုင်းပြည်အတွက်လည်း နစ်နာတယ်။ ဒါတွေလည်း တွက်ချက်ရမယ်။ ပြီးတော့ ဒီကနေ အခွန် ဘယ်လောက် ရမလဲပေါ့” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဖြစ်သူ ဦးခင်လှိုင် (ဇောတိက)က ပြောကြားထားသည်။

Most Read

Most Recent