အတက်ကြမ်း အဆင်းကြမ်း ဒေါ်လာနဲ့ အစိုးရသစ် လက်ထက် စတင်ပြောင်းလဲရမယ့် ဗဟိုဘဏ်

အတက်ကြမ်း အဆင်းကြမ်း ဒေါ်လာနဲ့ အစိုးရသစ် လက်ထက် စတင်ပြောင်းလဲရမယ့် ဗဟိုဘဏ်
Published 14 February 2016
ဖြိုးဝေ

၂၀၁၅ ခုနှစ် ဇူလိုင်လလောက်က စတင်ခဲ့တဲ့ မြန်မာကျပ်ငွေ အလွန်အကျွံ တန်ဖိုးကျဆင်းခြင်း ပြဿနာ က အခြေအနေ ဆိုးရွားတော့မယ်လို့ ယူဆနေချိန်မှာ မြန်မာကျပ်ငွေ အလွန်အကျွံ တန်ဖိုးမြင့်တက်ခြင်းကို ကြုံလာရပြန်ပါတယ်။အစိုးရသစ် တာဝန်ယူခဲ့တဲ့ ငါးနှစ်အတွင်းမှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုက ဆိုးရွားခဲ့ပြီး စတင် သတ်မှတ်စဉ် တစ်ဒေါ်လာ ၈၁၅ ကျပ်နဲ့ အမြင့်ဆုံးဖြစ်ခဲ့တဲ့ တစ်ဒေါ်လာ ၁၃၁၁ ကျပ်နဲ့ တွက်မယ်ဆိုရင် ခြားနားခြင်းက ၄၉၆ ကျပ်ဖြစ်နေပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုက ရာခိုင်နှုန်း ၆၀ ကျော်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့ လက်ရှိအစိုးရ သက်တမ်းကုန်ဆုံးလု အချိန်ဖြစ်တဲ့ ဒီဇင်ဘာလကုန် ကနေပြီးတော့ လက်ရှိ ဖေဖော်ဝါရီ ဒုတိယ အပတ်လောက်မှာတော့ မြန်မာကျပ်ငွေ တန်ဖိုးပြန်လည် မြင့်တက်လာပြီး အမေရိကန် ဒေါ်လာ တန်ဖိုးကျဆင်းမှုက ရက်ပိုင်း အတွင်းမှာပဲ ၈၁ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုမျိုး နိုင်ငံခြားငွေတန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်းတာက လက်ရှိအစိုးရသက်တမ်း အတွင်းမှာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်တာလားလို့ ဆိုရမှာဖြစ်သလို ဒီလိုမျိုး အတက်ကြမ်း အဆင်းကြမ်းနဲ့ တည်ငြိမ်မှု မရှိတဲ့ နိုင်ငံခြားငွေလဲနှုန်း (Exchange Rate) ဟာ ဒီတစ်ပတ် စီးပွားရေးကဏ္ဍအတွက် သုံးသပ်စရာ ဖြစ်လာသလို ထိန်းချုပ်နိုင်မှု မရှိတဲ့ နိုင်ငံခြားငွေလဲနှုန်း ပြဿနာ တွေက အစိုးရသစ် ပထမဆုံးစတင် ကိုင်တွယ်ရမယ့် ပြဿနာဖြစ်လာနေတယ်ဆိုတာ တင်ပြလိုပါတယ်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်မှု၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်ကစပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းကို နှုန်းရှင်ငွေလဲနှုန်းအဖြစ် စတင် သတ်မှတ်ခဲ့ပြီး တစ်ဒေါ်လာ ၈၁၅ ကျပ်သာ သတ်မှတ်ခဲ့တာပါ။ ဒီလို သတ်မှတ်ပြီးတဲ့နောက် မြန်မာကျပ်ငွေ တန်ဖိုးဟာ နှစ်စဉ်ကျဆင်းလာ နေခဲ့ပါတယ်။ အဆိုးဆုံး အနေနဲ့ပြောရမယ်ဆိုရင် ၂၀၁၅ ခုနှစ် ဇူလိုင် ၁၁ ရက် ၁၂ရက်မှာ တစ်ဒေါ်လာကို ၁၁၂၅ ကျပ်ကနေ ဇူလိုင် ၁၃ ရက်မှာ ကျပ် ၁၂၀၀ အထိ ရုတ်ခြည်း ခုန်တက်ခဲ့ပြီး မြန်မာကျပ်ငွေ တန်ဖိုးကို ဆိုးရွားစွာ ကျဆင်းစေခဲ့တာပါ။ရုတ်တရက်ကြီး မြန်မာကျပ် ငွေတန်ဖိုး ချပစ်လိုက်မှုမှာ အကျိုးအမြတ် ရသွားသူတွေကတော့ ဒီလို မြန်မာကျပ်ငွေတန်ဖိုး လျှော့ချပြီး နိုင်ငံခြားငွေ တန်ဖိုးတက်မယ်ဆိုတာ ဗဟိုဘဏ်က ကနဦး တိုင်ပင်ခဲ့တဲ့ ဘဏ်တွေ၊ စီးပွားရေး အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေပါ။ ဒီလိုဒေါ်လာဈေး တက်မယ်ဆိုတာ ကြိုသိခွင့်ရသွားတဲ့ ဘဏ်တွေ၊ စီးပွားရေး အဖွဲ့အစည်းတွေက ဒေါ်လာတွေ အဆမတန် ဝယ်ယူသိုလှောင်ကြပြီး ဈေးကစားမှုတွေ လုပ်လာတဲ့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ငွေကြေးဈေးကစားမှုတွေမှာ ဘဏ်တွေ မပါဝင်ဖို့နဲ့ ကြီးကြပ်စစ်ဆေးသွားမယ်လို့ကို သတိပေးခဲ့ရပါတယ်။ဗဟိုဘဏ်ရဲ့ လုပ်ရပ်ကြောင့် ဆိုးရွားစွာ တန်ဖိုးကျဆင်းသွားတဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုက ကျပ် ၁၂၀၀ နဲ့ ရပ်မသွားပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင် နိုဝင်ဘာ ၂ ရက် ၃ ရက်တွေမှာ တစ်ဒေါ်လာ ၁၂၇၇ ကျပ်ကနေ ရွေးကောက်ပွဲ အပြီး နိုဝင်ဘာ ၉ ရက်မှ တစ်ဒေါ်လာလျှင် ကျပ် ၁၂၉၀ ဖြစ်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်မှာတော့ ကျပ် ၁၃၀၀ ဖြစ်လာပါတယ်။ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ၁၃၀၅ ကျပ် ဝန်းကျင်အထိ တန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မှာတော့ လက်ရှိအစိုးရ လက်ထက်မှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု အဆိုးဆုံးအဖြစ် ၁၃၁၁ ကျပ်အထိ ဖြစ်ပေါ်လာခဲ့ပါတယ်။ဒီနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်သစ်ကြီး ပေါ်ထွက်ပြီး ဖေဖော်ဝါရီ ၄ ရက်မှာတော့ ၁၂၆၅ ကျပ် ဖြစ်လာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာတော့ ၁၂၅၅ ကျပ်ပါ။ ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ ကျပ် ၁၂၃၀ ဖြစ်လာခဲ့ပါတယ်။ ဒေါ်လာဈေး ကျဆင်းပြီး မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာမှု အကြောင်းရှာမရချိန် ရက်ပိုင်းအတွင်း ၈၁ ကျပ်တိတိ ပြုတ်ကျလာခဲ့တဲ့အတွက် ဒါက နိုင်ငံရေး တည်ငြိမ်မှုရဲ့ ပြယုဂ်လို့ ညွှန်းခဲ့သလို မြန်မာကရော၊ ကမ္ဘာကပါ တောင့်တနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အစိုးရသစ်ဖွဲ့ဖို့ ကနဦးခြေလှမ်းကြောင့်လို့ပဲ ဆိုရမှာပါ။တခြားအချက်တွေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒေါ်လာဈေးရော၊ ယွမ်ဈေးပါ ကျဆင်းနေတာ၊ ပြည်တွင်းက ကားမူဝါဒ အပြောင်းအလဲနဲ့ နိုင်ငံခြားဘဏ် ၁၃ ဘဏ် ဖွင့်လှစ်ခွင့်ပြုဖို့ စီစဉ်လာခြင်း စတဲ့အခြေအနေကြောင့်လို့လည်း ဆိုကြပါတယ်။ဒေါ်လာဈေးတက်ရင် မရောင်း၊ ဒေါ်လာဈေးကျရင် မဝယ်တဲ့ ဘဏ်တွေနဲ့ တက်ဈေးမှာ မှိန်းနေတဲ့ ကုန်ဈေးနှုန်းမြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပုဂ္ဂလိက ဘဏ်တွေကို ငွေကြေး ဈေးမကစားဖို့ သတိပေးရုံတင်မကဘဲ လက်ရှိမှာ ဒေါ်လာအရောင်းအဝယ် ပြုလုပ်ခွင့် တရားဝင် လိုင်စင်ရနေတဲ့ ဘဏ်တွေက ဒေါ်လာဈေးတက်ရင် ထုတ်မရောင်း၊ ဒေါ်လာ ဈေးကျရင် မဝယ်တဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။ အဲဒီလိုအရောင်းရပ်၊ အဝယ်ရပ် လုပ်တဲ့နေရာမှာလည်း ဗဟိုဘဏ်က ညွှန်ကြားလို့ပါဆိုပြီး အလွဲသုံးစားလုပ်တဲ့ အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေပြီး အရေးယူဖို့ စီစဉ်မှုတွေလည်း လုပ်နေရပါတယ်။"ဗဟိုဘဏ်က ညွှန်ကြားပါတယ် ဆိုပြီးပြောတဲ့ ဘဏ်ကို အရေးယူဖို့ ဆောင်ရွက်နေတယ်။ ဗဟိုဘဏ်သည် ဘယ်လောက်ကိုပဲ ရောင်းရမယ်၊ ဘယ်လောက်ကိုပဲ ဝယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို လိုက်ပြီးတော့ မလုပ်ပါဘူး။ မိမိ အကျိုးအမြတ်ပေါ်မှာ မူတည်ပြီးတော့ ဒေါ်လာဈေး ကျလာတဲ့အချိန်မှာ မိမိဘာသာ မဝယ်ရဲလို့ မဝယ်တာကို ဗဟိုဘဏ်က ညွှန်ကြားလို့ဆိုပြီး အကြောင်းပြတဲ့ ဘဏ်တွေကို အရေးယူဖို့ ဆောင်ရွက်နေပါတယ်" လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှု ဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆိုပါတယ်။ဒါ့အပြင် ဒေါ်လာဈေး မြင့်တက်ချိန်မှာ မြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကလည်း ဒေါ်လာဈေး ကျဆင်းသွားချိန်မှာတော့ ပြန်လည် ကျဆင်းခြင်း မရှိသလို ဒီလိုအခြေအနေတွေကို ထိန်းချုပ်ရမယ့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဟာလည်း တာဝန်မဲ့နေဆဲပါ။မြန်မာကျပ်ငွေ တန်ဖိုးတည်ငြိမ်မှု မရှိဘဲ ဒီလိုအတက်ကြမ်း အဆင်းကြမ်းဖြစ်နေတဲ့ အခြေအနေဟာ တိုင်းပြည်အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာသလို ရေရှည် ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေအတွက်လည်း ခက်ခဲမှု ရင်ဆိုင်ရစေပါတယ်။ ဒီလိုမျိုး အတက်ကြမ်း အဆင်းကြမ်းဖြစ်နေတဲ့ နိုင်ငံခြား ငွေလဲနှုန်းကြောင့် အမှန်တကယ် အကျိုးအမြတ် ရသွားသူတွေကတော့ ငွေကြေးဈေး ကစားသူတွေပါပဲ။ဒီလိုမျိုး အခြေအနေတွေ အတွက်ကြောင့် နိုင်ငံခြား ငွေလဲနှုန်းကို နှုန်းရှင်သတ်မှတ်ပြီး နေ့စဉ်ဈေးနှုန်း သတ်မှတ်ပေးနေတဲ့ ဗဟိုဘဏ်ရဲ့ စွမ်းဆောင်ရည်မဲ့ လုပ်ရပ်တွေကြောင့် မြန်မာ့ငွေကြေး တည်ငြိမ်ပြီး ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ချင်ရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အရင်ဆုံး ပြောင်းလဲနိုင်ဖို့ လိုမယ်လို့ ဈေးကွက်ကရော ပြည်တွင်းပြည်ပ ပညာရှင်တွေကပါ လိုလားနေတယ်လို့ မူဝါဒဆိုင်ရာ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပါတယ်။ဗဟိုဘဏ်ကို အစိုးရသစ် ဘယ်လိုပြောင်းမှာလဲ  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေကြေးတည်ငြိမ်အောင် လုပ်ဆောင်ရာမှာ သူ့အနေနဲ့ လုပ်နိုင်တာက ငွေကြေးမူဝါဒပိုင်းကနေပဲ တည်ငြိမ်အောင် လုပ်နိုင်တာပါ။ ဒါ့ကြောင့် ငွေကြေးတည်ငြိမ်အောင် လုပ်နိုင်ဖို့ဆိုရင် ငွေကြေးမူဝါဒ လုပ်နေတဲ့ ဗဟိုဘဏ်အပြင် ဘဏ္ဍာရေး မူဝါဒလုပ်နေတဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးမူဝါဒ လုပ်နေတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မူဝါဒ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်တို့ အထူးအမြန်ဆုံး ပူးပေါင်းဖြေရှင်းဖို့ လိုအပ်မယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဒေါက်တာလှမောင်က သုံးသပ်ပါတယ်။လာမယ့် ဧပြီ ၁ ရက်မှာ အသစ်ထွက် ပေါ်လာမယ့် အစိုးရသစ် အနေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ထိန်းချုပ်သွားမယ့် နည်းလမ်းတွေအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ ဖော်ပြခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနေနဲ့ ဗဟိုဘဏ်ကို အမှန်တကယ် လွတ်လပ်စွာ သီးခြားလုပ်ကိုင် ခွင့်ပြုသွားမှာဖြစ်ပြီး ငွေကြေး တည်ငြိမ်မှုနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပြည်သူများ၏ ငွေကြေးလိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းပေးနိုင်မည့် ငွေကြေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေးအတွက် ဦးတည် ဆောင်ရွက်သွားမယ်လို့ ဆိုထားတယ်ဆိုတာ တင်ပြရင်း စီးပွားရေး သုံးသပ်ချက်ကို ပြည်သူများ လေ့လာနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

Most Read

Most Recent