တောင်ဥက္ကလာပမြို့နယ်ရှိ နန်းထိုက်တော်ဝင် စင်တင်စားသောက်ဆိုင်အတွင်း နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှ ကျန်ရှိသည့် သက်သေများဖြစ်သည့် ဆိုင်ဝန်ထမ်းများအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်ဥက္ကလာပ မြို့မရဲစခန်းမှ စုံစမ်းသိရသည်။“ကျန်ရှိနေတဲ့ သက်သေတွေဖြစ်တဲ့ ဆိုင်ဝန်ထမ်းတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။ ဆိုင်ထဲကို ဝင်ရိုက်တဲ့ အုပ်စုဘက်မှာ ဖမ်းဆီးဖို့ကျန်တဲ့ လူတွေကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။ဇန်နဝါရီ ၂၆ ရက်ည ၁၀ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ ပါရမီလမ်းတွင် ဖွင့်ထားသည့် နန်းထိုက်တော်ဝင် စားသောက်ဆိုင်သို့ နေ့စဉ်လာရောက် စားသောက်နေသည့် စားသောက်ဝိုင်းနှစ်ဝိုင်းမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စကားများရာ ဆိုင်ဝန်ထမ်းများမှ ဝိုင်းဝန်းဖျောင်းဖျပေးခဲ့၍ ၎င်းတို့ဆိုင်မှ ထွက်ခွာသွားခဲ့ပြီး နာရီဝက်ခန့်အကြာတွင် ဇာနည်အောင်က ပရိုဘောက်ယာဉ်ဖြင့် ဆိုင်သံတံခါးအား ငါးကြိမ်ခန့်တိုက်ခဲ့ကာ တံခါးလဲသွားသည့်အချိန်တွင် ဇာနည်အောင် မောင်းလာသည့် ပရိုဘောက်ယာဉ်နှင့် အတူပါလာသည့် CRV ယာဉ်တို့မှာ ဆိုင်အတွင်းသို့ အတင်းဝင်ရောက် မောင်းလာခဲ့ကြောင်း၊ ယင်းယာဉ်နှစ်စီးပေါ်မှ လိုက်ပါလာသည့် လူ ၂၀ ကျော်ခန့်က တံခါးဝတွင် ဆိုင်လုံခြုံရေး တာဝန်ကျနေသူ နှစ်ဦးအား ဓားများဖြင့်ထိုးခြင်း၊ တုတ်များဖြင့် ရိုက်ခြင်းပြုလုပ်ခဲ့ရာ ဆိုင်လုံခြုံရေး ဝန်ထမ်းနှစ်ဦးမှာ ထွက်ပြေးခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။အဆိုပါ လူအုပ်စုသည် ဆိုင်အတွင်း၌ စားသောက်နေသည့် လူခြောက်ဦးခန့်အား ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဖွဲ့မှာ ဆိုင်၏အပြင်ဘက်တွင် တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထိုသို့ဖြစ်ပွားနေသည်ကို ဆိုင်မှဝန်ထမ်းများနှင့် လုံခြုံရေးများမှ ဝင်ရောက်ဟန့်တားရာ ဇာနည်အောင်က ၎င်းလက်ထဲတွင်ရှိသည့် တုတ်ဖြင့်ရိုက်သဖြင့် ဆိုင်ဝန်ထမ်း ကျော်ကျော်ဦးမှာ သတိမေ့သွားသဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရသည်။ထိုသို့ဆိုင်မှပစ္စည်းများနှင့် ဆိုင်ဝန်ထမ်း အချို့အား ထိခိုက်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် ဇာနည်အောင်အပါအဝင် ပရိုဘောက်ယာဉ်နှင့် CRV ယာဉ်ပေါ်ပါ လူ ၂၀ ဦးခန့်အား အရေးယူပေးရန် ဆိုင်မန်နေဂျာဖြစ်သူ ဦးနေဝင်းဦးက တောင်ဥက္ကလာပ မြို့မရဲစခန်းတွင် (ပ) ၅၆/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၂၅/၄၂၇/၁၁၄ တို့ဖြင့် အမှုဖွင့်ခဲ့သည်။အဆိုပါ နှစ်ဖက်ခိုက်ရန် ဖြစ်ပွားမှုကြောင့် ဇာနည်အောင်နှင့် အတူပါလာသည့် လပြည့်အောင် ၃၀ နှစ်မှာ ဦးခေါင်းပေါက်ပြဲ ပြတ်ရှဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ်တွင် သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် ဇာနည်အောင် ၃၃ နှစ်မှာလည်း ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများနှင့် ဝဲမျက်လုံး ဖူးရောင်ဒဏ်ရာများရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း၊ ထို့ကြောင့် ဇာနည်အောင်နှင့် လပြည့်အောင်တို့နှင့် အဆောင်တစ်ဆောင်တည်းတွင် အတူနေထိုင်သည့် ဦးခင်မောင်စန်းက တောင်ဥက္ကလာပ မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားသဖြင့် (ပ)၅၇/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၀၂/၃၂၅/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် နန်းထိုက်တော်ဝင် စားသောက်ဆိုင်တွင် နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှ ကျန်ရှိသက်သေ ဆိုင်ဝန်ထမ်းများအား ခေါ်ယူစစ်ဆေး