ပို့ကုန်သွင်းကုန် လုပ်ငန်းများ၏ လွှဲပြောင်းငွေများကို အစိုးရဘဏ်မှ ကန့်သတ်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်

ပို့ကုန်သွင်းကုန် လုပ်ငန်းများ၏ လွှဲပြောင်းငွေများကို အစိုးရဘဏ်မှ ကန့်သတ်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်
Published 11 February 2016

ပို့ကုန်သွင်းကုန်လုပ်ငန်းများ၏ လွှဲပြောင်းငွေများကို အစိုးရဘဏ်မှ ကန့်သတ်မှု ပြုလုပ်သည့်အတွက် စီးပွားရေးလုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များသည် ပြည်ပငွေ ပေးချေမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းများနှင့် အစိုးရပိုင် ဘဏ်များဖြစ်သော MICB ဘဏ်နှင့် MFTB ဘဏ်တို့မှတစ်ဆင့် လုပ်ဆောင်နေခြင်းဖြစ်ရာ ယခုကဲ့သို့ ကန့်သတ်မှုများကြောင့် ငွေပေးငွေယူအပိုင်းတွင် အခက်အခဲ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်မှု ပုံစံများအရ ပြည်တွင်း ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော်လည်း ငွေလွှဲစာတမ်း (LC) ဖွင့်လှစ်ရာတွင် အစိုးရဘဏ်များမှ တစ်ဆင့်ခံ ဆောင်ရွက်ရခြင်းဖြစ်သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ MFTB ပုဂ္ဂလိကဘဏ် တစ်ခုလျှင် တစ်ပတ် အမေရိကန်ဒေါ်လာ ငါးသိန်းသာ လွှဲပြောင်းနိုင်သည်ဟု ကန့်သတ်ထားခြင်းဖြစ်ပြီး MFTB  လွှဲပြောင်းမှု လက်ခံသည် ဆိုသော်လည်း ငွေရရှိမှု ဇာစ်မြစ်ကို စစ်ဆေးမှုများ ပြုလုပ်ကာ မလွှဲပြောင်းနိုင်ခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက MFTB  က လက်ခံတယ်။ ဒါပေမဲ့ အကန့်အသတ်နဲ့ ဖြစ်နေတယ်။ တစ်ပတ်ကို ဘယ်လောက် ဘာညာနဲ့ ပြောတယ်။ MICB က လုံး၀ လုပ်လို့မရဘူး။ သူတို့ကတော့ လုပ်လို့ရတယ်ပြောတယ်။ ဒါပေမဲ့ လွှဲခါနီးကျရင် ဥပမာ ဘဏ်တစ်ခုရဲ့ပိုက်ဆံကို ဝယ်လိုက်လို့ အကောင့်တစ်ခုထဲ ထည့်လိုက်လို့ဆိုရင် လွှဲပြောင်းပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ LC လျှောက်တဲ့နေရာမှာ ဒီပိုက်ဆံက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးတော့ ပြောတယ်။LC လွှတ်တဲ့ နေရာမှာ အခက်အခဲဖြစ်တယ်။ သူတို့ကတော့ လွှဲပြောင်းပိုင်ခွင့်ရှိတယ်။ လွှဲနေတယ်လို့တော့ ပြောမှာပဲ။ တကယ့်တကယ် ဒီပိုက်ဆံကို အသုံးပြုဖို့လုပ်တော့ သုံးလို့မရဘူး”ဟု ရှင်းပြသည်။
ယခုကဲ့သို့ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံပိုင်ဘဏ်များအကြား ငွေလွှဲပြောင်းမှု အခက်အခဲဖြစ်ပေါ်မှုအပေါ် ပြည်တွင်းဘဏ် တာဝန်ရှိသူများကို မေးမြန်းရာ ထိုသို့အခက်အခဲ ဖြစ်ပေါ်နေကြောင်း အတည်ပြုသော်လည်း တရားဝင်စာ မရောက်ရှိသေးကြောင်းနှင့် ဖြစ်ပေါ်ရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Most Read

Most Recent