မှတ်ပုံတင်ထားခြင်း မရှိသော မြေသြဇာများ ဈေးကွက်အတွင်း ရောင်းချမှုကို အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်

မှတ်ပုံတင်ထားခြင်း မရှိသော မြေသြဇာများ ဈေးကွက်အတွင်း ရောင်းချမှုကို အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်
Published 11 February 2016

မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားခြင်း မရှိသော မြေသြဇာငါးမျိုးကို ဈေးကွက်အတွင်း ရောင်းချနေသဖြင့် ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြေသြဇာကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။
မြေသြဇာကော်မတီသည် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်း ပြည့်မီသော မြေသြဇာများကို စိုက်ပျိုးရေး လုပ်ကိုင်သူများ သုံးစွဲနိုင်ရန် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ စနစ်တကျပြုလုပ်ပြီး မြေသြဇာမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သို့သော်လည်း လက်ရှိအချိန်တွင် ဈေးကွက်အတွင်း မြေသြဇာမှတ်ပုံတင် လက်မှတ်မရှိဘဲ မြေသြဇာ ရောင်းဝယ်ခြင်း၊ မြေသြဇာ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်မရှိဘဲ ဖြန့်ဖြူးရောင်းချနေသူများ ရှိနေကြောင်း မြေသြဇာကော်မတီက ထုတ်ပြန်ထားသည်။
အဆိုပါ မြေသြဇာအမည်များနှင့် တွေ့ရှိရသည့် ဒေသများမှာ ဟာမိုနီ ပဲမျိုးစုံ အထူးရွက်ဖျန်းဆေး A၊ ဟာမိုနီ ပဲမျိုးစုံ အထူးရွက်ဖျန်းဆေး B ကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် လည်းကောင်း၊ ရှင်းသန့်အမိုင်နို အသီးအပွင့်အား ဆေးရည်ကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် လည်းကောင်း၊ ဒို့လယ်သမား (၂) ရွက်ဖျန်းအားဆေးရည်ကို ရန်ကုန်တိုင်းဒေသကြီးတွင် လည်းကောင်း၊ Enriched Compost Fertilizer Shwe Myay Si Organic Fertilizer Factory Taungoo(25)kg ကို ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် လည်းကောင်း၊ Foliar Fertilizer (ယိုးဒယားစာ) (aos 3)ကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တို့တွင် လည်းကောင်း အသီးသီး စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ယင်းမြေသြဇာများကို ဝယ်ယူသုံးစွဲမိသူများမှာ သီးနှံအထွက်နှုန်းများ ထိခိုက်လျော့နည်းပြီး သုံးစွဲသူများအတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်နိုင်သဖြင့် မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားသော မြေသြဇာများကိုသာ ဝယ်ယူသုံးစွဲရန် တိုက်တွန်းထားသည်။
မြေသြဇာထုတ်လုပ်၊ တင်သွင်းသည့် ကုမ္ပဏီ၊ လုပ်ငန်းများ၊ မြေသြဇာရောင်းချသည့် အရောင်းဆိုင်များသည် မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားခြင်း မရှိသော မြေသြဇာများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက မြေသြဇာဥပဒေပုဒ်မ (၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅) တို့အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                                                      နီလာ

Most Read

Most Recent