ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အတွင်း သွားလာသည့် ရေယာဉ်များ ရေလမ်း ဖြတ်သန်းခကို ရေလမ်းကြောင်း အကွာအဝေးပေါ် မူတည်၍ ပြင်ဆင်ကောက်ခံ

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အတွင်း သွားလာသည့် ရေယာဉ်များ ရေလမ်း ဖြတ်သန်းခကို ရေလမ်းကြောင်း အကွာအဝေးပေါ် မူတည်၍ ပြင်ဆင်ကောက်ခံ
Published 10 February 2016

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များအတွင်း ဖြတ်သန်းသွားလာနေသည့် ရေယာဉ်များကို ရေလမ်းဖြတ်သန်းခအဖြစ် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကောက်ခံလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရေလမ်းကြောင်း အကွာအဝေးပေါ် မူတည်ကာ ပြောင်းလဲတွက်ချက် ပြင်ဆင်ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။ရေလမ်းဖြတ်သန်းခအဖြစ် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် မြစ်အတွင်း ကောက်ခံရေး စခန်းများ ဖွင့်လှစ်ကောက်ခံလျက်ရှိပြီး ယခင်က သတ်မှတ်နှုန်းထားများအတိုင်း ကောက်ခံလျက်ရှိရာမှ လက်ရှိတွင် ရေမိုင်နှုန်းအလိုက် တစ်တန်လျှင် ဈေးနှုန်းများ သတ်မှတ်တွက်ချက် ကောက်ခံလျက်ရှိကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး) မှ သိရသည်။ ယခင်က ရေလမ်းကြောင်း အသုံးပြုခအဖြစ် စက်တပ်ရေယာဉ်အလျား ၃၉ ပေအောက် ရေယာဉ်များအား တစ်စင်းလျှင် ကျပ် ၂၀၀ နှုန်း၊ စက်တပ်ရေယာဉ် တစ်တန်မှ တန် ၁၀၀ အထိလျှင် တစ်တန် ကျပ် ၅၀ နှုန်းနှင့် တန် ၁၀၀ အထက်လျှင် ၃၅ ကျပ်နှုန်း၊ စက်မဲ့ရေယာဉ်များကိုလည်း တန် ၁၀၀ အထိလျှင် ကျပ် ၅၀ နှုန်းနှင့် တန် ၁၀၀ အထက် ရေယာဉ်များကို ၃၅ ကျပ်နှုန်း သတ်မှတ်တွက်ချက် ကောက်ခံခဲ့ရာမှ ယခုအခါ စက်တပ်၊ စက်မဲ့တန် ၁၀၀ နှင့် တန် ၁၀၀ အထက် ရေယာဉ်များကို တစ်တန်လျှင် ၁၅ ကျပ်၊ ကျပ် ၂၀၊ ၂၅ ကျပ်မှ အများဆုံး ကျပ် ၇၀၊ ၇၅ ကျပ် အထိ ရေလမ်းကြောင်း အကွာအဝေးပေါ် မူတည်၍ ပြောင်းလဲကောက်ခံခြင်း ဖြစ်သည်။

Most Read

Most Recent