ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Gemfields ကုမ္ပဏီက မြန်မာနိုင်ငံသည် ကမ္ဘာ့ပတ္တမြား ဈေးကွက်တွင် ဈေးကွက်လိုအပ်မှု ပမာဏ၏ ရာခိုင်နှုန်း ၈၀ မှ ၉၀ အထိကို ဖြည့်ဆည်းပေးပြီး လာမည့် ငါးနှစ်အတွင်း ပတ္တမြားများ၏ ဈေးနှုန်းမှာ နှစ်ဆ မြင့်တက်သွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖေဖော်ဝါရီ ၉ ရက်က Bloomberg သို့ ပြောကြားချက်အရ သိရသည်။ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (CEO) အီယန်ဟာရေးဘော့တ်က “အခုဆို မြန်မာနိုင်ငံက ပွင့်လင်းလာပြီ၊ ကျွန်တော်တို့ ကုမ္ပဏီက ဘူမိဗေဒပညာရှင် တစ်ယောက်လည်း မကြာသေးခင်ကမှ မြန်မာပြည်က ပြန်လာခဲ့တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း မကြာခင် သွားရောက်လေ့လာဖို့ ရှိတယ်” ဟု ပြောကြားသည်။ဆက်လက်၍ အီယန်ဟာရေးဘော့တ်က မြန်မာနိုင်ငံသည် ကမ္ဘာ့ပတ္တမြားဈေးကွက် လိုအပ်ချက်၏ ရာခိုင်နှုန်း ၈၀ မှ ၉၀ အထိ ဖြည့်ဆည်းပေးကြောင်း၊ လာမည့် ငါးနှစ်အတွင်း ပတ္တမြား၏ တန်ဖိုးမှာလည်း နှစ်ဆအထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။၎င်းက Gemfields မှ ရောင်းချနေသော ပတ္တမြားများတွင် ဘားမားဟု အမည်တပ်ထားခြင်းကို မြန်မာဟု အမည်တပ်ရန် စီစဉ်နေကြောင်းလည်း ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပတ္တမြားနှင့် ကျောက်စိမ်း အပါအဝင် ကျောက်မျက်ရတနာများမှ အမေရိကန်ဒေါ်လာ ၆၁ သန်းခန့် အသားတင်ဝင်ငွေ ရရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။Gemfields ကျောက်မျက် ကုမ္ပဏီသည် ကမ္ဘာ့ပတ္တမြားဈေးကွက်တွင် ဈေးကွက်ဝေစု၏ ၄၀ ရာခိုင်နှုန်းကို လုပ်ကိုင်လျက်ရှိပြီး မြကျောက်မျက်ဈေးကွက်တွင် ၂၀ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားသည်။ CEO ဖြစ်သူ အီယန်သည် ၂၀၀၉ ခုနှစ်ကတည်းက ကုမ္ပဏီကို စတင်ကိုင်တွယ် အုပ်ချုပ်ခဲ့ပြီး ယင်းအချိန်က ရှယ်ယာတန်ဖိုးထက် ၁၆ ဆ မြင့်တက်ခဲ့သည်။ Gemfields ကုမ္ပဏီ၏ လက်ရှိတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၀ ခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ပတ္တမြားဈေးကွက် လိုအပ်ချက်၏ ရာခိုင်နှုန်း ၈၀ မှ ၉၀ အထိ ဖြည့်ဆည်းပေးပြီး လာမည့် ငါးနှစ်အတွင်း ဈေးနှစ်ဆ မြင့်တက်နိုင်ဟု လန်ဒန်အခြေစိုက် Gemfields ကုမ္ပဏီ ခန့်မှန်း










