၂၀၁၅ ခုနှစ်မတ်လက ဖြစ်ပွားခဲ့သော မော်လမြိုင် သာယာအေးရပ်ကွက်သက်ငယ် မုဒိမ်းကြံစည်မှုကို ဖေဖော်ဝါရီ ၉ ရက်တွင် မော်လမြိုင်မြို့နယ် တရားရုံးတွင် ရုံးချိန်းစစ်ဆေးပြီး ဖေဖော်ဝါရီ ၁၇ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း သတင်းရရှိသည်။“ဖေဖော်ဝါရီ ၉ ရက် ရုံးချိန်းမှာ ကျွန်မရှေ့နေက ဒေါ်ခင်စန္ဒာချိုစစ်မေးရန် တင်ပြရာ တရားသူကြီးက ကလေးထွက်ဆိုထားပြီးတဲ့တွက် သူထွက်ဆိုဖို့ မလိုအပ်တော့ဘူးလို့ ပြောတာကြားရတော့ ကလေးကို စစ်ဆေးတုန်းက ခေါင်းငြိမ့်လက်ပြတာမျိုး သတိရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ နောက်ရုံးချိန်းကို ဖေဖော်ဝါရီ ၁၇ ရက်ကို ချိန်းလိုက်ပါတယ် ” ဟု ကလေး၏ မိခင်က ပြောကြားသည်။ကလေးကို စစ်ဆေးစဉ်က တစ်ဖက်ရှေ့နေ အုပ်စုဖြင့်ဝိုင်းကာ ချောင်းဟန့်ခြင်း၊ အမေက သင်ပေးတာလားဟုမေးခြင်း၊ ခေါင်းညိမ့်ပြခြင်း၊ ကလေးကြောက်ရွံ့သည့် စွပ်စွဲခံရသူနှင့် ၁ နာရီခန့်ကြာ စစ်မေးခံရသည့်အပေါ် အမှန်တရား တွက်စိုးရိမ်သောက ရောက်ခြင်းဖြစ်ရကြောင်း ကလေးမိခင်က ပြောကြားသည်။ဆက်လက်ပြောကြားသည်မှာ စွပ်စွဲခံရသူ အာမခံရရှိမှုကို ပယ်ဖျက်ရန် ခရိုင်တရားရုံးသို့ တင်ပြမှုပယ်ချခံရ၍ ပြည်နယ်တရားလွှတ်တော်သို့ ဆက်လက်တင်ပြမှုကို ပြည်နယ်တရားလွှတ်တော်က မတ် ၁ ရက် တွင် စစ်ဆေးရန်ရှိသည်ဟု သိရကြောင်း၊ ထပ်မံပယ်ချခံရပါက မိမိရှေ့နေနှင့် တိုင်ပင်ကာ အမှန်တရားတွက် ဆက်တက်မည်ဖြစ်ကြောင်း၊ အမှန်တရားကို သိလိုပါက မိမိတို့ ရပ်ကွက်ရှိ အခြားကလေး၊ အုပ်ထိန်းသူများကို ကွင်းဆင်းမေးမြန်းနိုင်ပါကြောင်းဟု ကလေးမိခင်က ပြောကြားသည်။ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် မတ်လက မော်လမြိုင်မြို့နယ် သာယာအေးရပ်၊ လှိုင်ဈေးလမ်း၊ အမှတ် (--)နေ ဦး------၊ဒေါ်-----တို့၏ သမီး မ----- (၅-နှစ်)(သူငယ်တန်း)ကလေးကို အိမ်နီးချင်း ဦးမြအေး (ခေါ်) သားပု (၅၂-နှစ်) ဆိုသူက အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ ဇေယျာသီရိ ရဲစခန်းတွင် (၄-၄-၂၀၁၅) တိုင်ကြားခဲ့ရာ၊ (ပ)၃၆/၂၀၁၅၊ ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် မော်လမြိုင်မြို့နယ် တရားရုံးသို့ (၃-၅-၂၀၁၅) ရက်တွင် တရားစွဲဆို တင်ပို့၍ ပြစ်မှုကြီး အမှတ် - ၉၆၀/ ၁၅ ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် စစ်ဆေးပြီး၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် အမှုလိုက်ကို စစ်ဆေးမည်ဟု သိရသည်။စစ်ဆေးပြီးသော တရားလိုသက်သေများမှာ ကလေးမိခင်၊ ကလေး၊ အဒေါ်၊ မသန်းသန်းမြင့် (ခ) မဘုတ်ဆုံ၊ ဦးငွေလာ (အိမ်နီးချင်း)၊ ဦးအေးလွင် (ရာအိမ်မှူး)၊ ဦးနန်းဝင်း (ရာအိမ်မှူး)၊ မှုခင်းဆရာဝန်တို့ကို စစ်ဆေးပြီးကြောင်း သိရသည်။
မော်လမြိုင်မြို့မှ သူငယ်တန်းကလေးအား မုဒိမ်းပြုကျင့်ရန် ကြံစည်မှုကို စစ်ဆေးကာ ဖေဖော်ဝါရီ ၁၇ ရက်သို့ ပြန်လည်ချိန်းဆို