ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက် (တနင်္လာနေ့) တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးက ကိုယ်စားလှယ်များထံသို့ အကြောင်းကြားထား သည်။
အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ် တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယသမ္မတလောင်း အဆိုပြုမည့် အစည်းအဝေးများ ကျင်းပမည့်နေ့ရက်ကို သတ်မှတ်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး၏ အကြောင်းကြားစာအရ သိရသည်။
“အဲဒီနေ့ကျရင် ဒုသမ္မတရွေးဖို့ အစုအဖွဲ့တွေအလိုက် ဆွေးနွေးမယ့်ရက်ကို ကြေညာမှာပါ။ သမ္မတ ရွေးဖို့အတွက် အဆင့်တွေထဲက ပထမဆုံးအဆင့်ပဲ ရှိပါသေးတယ်။ အဲဒီနေ့မှာတော့ တခြားမေးခွန်းတွေ၊ အဆိုတွေတော့ ပါနိုင်မှာမဟုတ်ပါဘူး”ဟု လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီမှ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က“ပြီးခဲ့တဲ့ လွှတ်တော်မှာတော့ အစုအဖွဲ့ သုံးခုစလုံးကို တစ်ပြိုင်နက်ကျင်းပတယ်။ ဒီတစ်ခေါက်တော့ ဘယ်လိုရှိမယ်တော့ မသိသေးပါဘူး”ဟု ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ ပြည်သူ့လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတတစ်ဦး၊ အမျိုးသားလွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတတစ်ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်ရမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်၍ တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်မည်ဖြစ်သည်။
ဒုတိယအကြိမ် လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ၃၂၃ ဦးရှိသည့်အနက် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော်တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ၁၆၈ ဦးအနက် ၁၃၅ ဦး ပါဝင်သည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးတွင် တင်မြှောက်ရမည့် ဒုတိယသမ္မတနှစ်ဦးကို ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီ ဖြစ်သည်။
ထို့ပြင် သမ္မတ ရွေးချယ်တင်မြှောက်ရာတွင် လိုအပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး၊ စုစုပေါင်း ၆၅၇ ဦး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြစ်သည့် ၃၂၉ နေရာကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရရှိထားသည်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမန်းဝင်းခိုင်သန်းတို့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က သက်တမ်းတစ်ဝက်စီ ဆောင်ရွက်မည်ဖြစ်ရာ ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက နာယကအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများကိုလည်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ တင်မြှောက်နိုင်ရန် ကိုယ်စားလှယ် အစုအဖွဲ့အလိုက် ဒုတိယသမ္မတလောင်း အဆိုပြုမည့် အစည်းအဝေးများ ကျင်းပမည့်ရက်ကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်၌ ကြေညာမည်















