ဒီလထဲမှာ ချစ်သူများနေ့ ရှိတဲ့အတွက် အချစ်အကြောင်းလေး နည်းနည်းပြောချင်ပါတယ်။ ကျွန်မ စာပေနယ်ထဲကို စတင်ရောက်ရှိလာတာက အချစ်ဝတ္ထုတွေနဲ့ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ကလျာမဂ္ဂဇင်းမှာ ပထမဆုံး ဖော်ပြခံခဲ့ရတဲ့ ဝတ္ထုလေးအမည်က “ချစ်တတ်ပြီလေ” ပါ။ အဲဒီဝတ္ထုရေးခဲ့ချိန်က ကျွန်မ ၁၈ နှစ် မပြည့်သေးပါဘူး။ အခြားအကြောင်းအရာတွေကို သေသေချာချာ နားမလည်ဘဲရေးရင် လူများစွာက အပြစ်တင်ဝေဖန်မှာ ဖြစ်ပေမယ့် အချစ်အကြောင်းတွေကို ရေးရာမှာတော့ အတော်လေး အပြစ်လွတ်ပါတယ်။ ကျွန်မတို့အားလုံး အလိုလိုသိနေကြပြီးသားလို့ ထင်ထားတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ လူတိုင်းက အချစ်ကို ခံစားတတ်တယ်။ ဒါကြောင့် နားလည်တယ်လို့ ယူဆကြပါတယ်။ အချစ်လို့ထင်ရတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ရှေ့ကလူတွေက ရေးသွား၊ နောက်ကလူတွေက ဖတ်ရှုခံစား၊ ပြီးတော့ ဆက်လက်ဆင့်ပွား ရေးသားကြရင်း ကျွန်မတို့ အမှားတွေကို သယ်ဆောင်လက်ဆင့်ကမ်း ဖြစ်ခဲ့ကြပါတယ်။ အခုအချိန်မှာ အချစ်ကို သုတေသန ပြုလုပ်သူတွေ ရှိနေပြီ ဖြစ်ပေမယ့် သူတို့လည်း အချစ်ဆိုတာ ဘယ်လိုအရာပါလို့ ပြီးပြည့်စုံအောင် အဓိပ္ပာယ် ဖွင့်ဆိုနိုင်စွမ်း မရှိကြသေးပါဘူး။တစ်စုံတစ်ယောက်ကို ချစ်မိတယ်ဆိုရင် စိတ်ခံစားမှုတင် ဖြစ်ပေါ်တာမဟုတ်ဘဲ ဦးနှောက်ထဲမှာပါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဦးနှောက်ထဲမှာ ဒိုပါမင်းလို ဓာတုပစ္စည်းတွေ ထွက်သလို လင်းလက်တောက်ပလာတဲ့ အပိုင်းတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။ အချစ်နဲ့ သက်ဆိုင်နေတဲ့ ဦးနှောက်ထဲက တွန်းအားတွေကို ကာမဆန္ဒ၊ ရိုမန်းတစ် (Romantic) အချစ်၊ ရေရှည်လက်တွဲဖော်ကို သံယောဇဉ်တွယ်ခြင်းဆိုပြီး သုံးမျိုးသုံးစား တွေ့ရပါသတဲ့။ သို့ပေမဲ့ အဲဒါတွေက တစ်ခုနဲ့တစ်ခု အမြဲတမ်း ဆက်နွှယ်မနေဘူးလို့ ဆိုပါတယ်။ ရိုမန်းတစ်အချစ်မှာ မူးယစ်ဆေးကို စွဲလမ်းသလို တောင့်တစွဲလမ်းမှု (Craving) တွေ ဖြစ်ပေါ်တတ်ပါသတဲ့။ ကိုယ်ချစ်မိတဲ့သူကို မမြင်ရ၊ မတွေ့ရ၊ အသံမကြားရရင် မနေနိုင်တာမျိုးတွေပါ။ တခြားသူတစ်ယောက်ကို စွဲလမ်းလွန်တဲ့စိတ်နဲ့ မိမိကိုယ်ကိုယ် ပျောက်ဆုံးသွားပြီး ကြီးမားတဲ့ အန္တရာယ်တွေကိုလည်း ယူတတ်ပါသတဲ့။ အဲဒီအထဲမှာ ကာမဆန္ဒတွေ အမြဲတမ်း ပါဝင်ပတ်သက်မနေပါဘူး။အချစ်ဆိုတာ ဘာလဲဆိုတာ ပြီးပြည့်စုံအောင် မသိသေးပေမယ့် အချစ်ဆိုတာ ဘာတွေမဟုတ်ဘူးလဲ ဆိုတာကိုတော့ ကျွန်မတို့ သိတန်သလောက် သိလာကြပါပြီ။ အဲဒီအချစ်မဟုတ်တဲ့ အရာများစွာက အချစ်ဟုတ်သလိုပုံစံနဲ့ ဖျော်ဖြေရေးမီဒီယာတွေထဲမှာ များစွာပါဝင်နေကြပါတယ်။ အဲဒါတွေကို ဝေဖန်ဆန်းစစ်နိုင်ကြဖို့ ငယ်ရွယ်သူတွေကို လက်နက်တွေ တပ်ဆင်ပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးက သူ့မိခင်က သူ့ကိုေ့ပြာခဲ့တဲ့ စကားကလေးကို ဝေမျှခဲ့ဖူးပါတယ်။ ဖခင်ကဆုံးသွားပြီမို့ တစ်ဦးတည်း ရုန်းကန်ရှာဖွေရင်း သမီးတွေကို ကြည့်ရှုစောင့်ရှောက်နေရတဲ့ မိခင်က သမီးတွေကို အပျိုဖော်ဝင်စအချိန်မှာ အခုလိုမှာခဲ့ပါသတဲ့။ “ဒီလိုအချိန်မှာ ယောကျ်ားလေး တစ်ယောက်ယောက်ကို ရင်ခုန်မိတာမျိုးတွေ ဖြစ်တတ်တယ်။ စိတ်ကစားမယ်။ ဒါပေမဲ့ အဲဒါကို အချစ်လို့ မထင်နဲ့၊ အချစ်မဟုတ်ဘူး” တဲ့။ မိခင်ရဲ့စကားကြောင့် သမီးတွေ စတင်ရင် ခုန်တတ်ချိန်မှာ စဉ်းစားဖြစ်သွားခဲ့ပါတယ်။ ဒီလိုဖြစ်လာမယ့် အခြေအနေကို တည့်တည့်ရင်ဆိုင်ပြီး ပြောဖူးတဲ့မိခင်၊ ကျွန်မတို့ မြန်မာနိုင်ငံမှာ လက်ချိုးရေတွက်လို့ရမယ်လို့ ထင်ပါတယ်။ အဲဒီလို မပြောခင်မှာ မိခင်နဲ့သမီးတွေကြားမှာ ယုံကြည်မှု ဘယ်လောက်တည်ဆောက်ထားလဲ ဆိုတာတွေနဲ့လည်း သက်ဆိုင်မယ်လို့ ထင်ပါတယ်။ကျွန်မဘွဲ့လွန်တက်ချိန်က စာသင်ခန်းထဲက ဆွေးနွေးမှုတစ်ခုမှာ မိဘတွေက သားသမီးတွေကို လိင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြဆွေးနွေးထားရင် အဲဒီသားသမီးတွေက လိင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး စောစီးစွာ မစမ်းသပ်ဖြစ်တော့ဘဲ အချိန်စောင့်ဖြစ်သွားတယ်။ စဉ်းစားဖြစ်သွားတယ် ဆိုတာမျိုးကို ကြားသိခဲ့ရပါတယ်။ ဒီကိစ္စတွေက ရုတ်တရက်ကြည့်ရင်တော့ ယဉ်ကျေးမှုအရ မလွယ်လှသလို ဖြစ်နေပါတယ်။ သို့ပေမဲ့ ဆရာဝန်ဖြစ်တဲ့မိခင်က သမီးကို အပျိုဖော် မဝင်ခင်ကတည်းက သိသင့်သိထိုက်တာတွေ ပြောပြထားခဲ့တယ်ဆိုတဲ့ မြန်မာမိန်းကလေးငယ်တစ်ဦးကို တွေ့ခဲ့ဖူးပါတယ်။ အတော်ကို ရှားရှားပါးပါး မိခင်မျိုးဖြစ်မယ်လို့ ယူဆရပါတယ်။ လေးစားစရာလည်း ကောင်းပါတယ်။လိင်မှုကိစ္စတွေနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို အရင်မပြောရင် အချင်းချင်း လက်ဆင့်ကမ်းကြတဲ့ လွဲမှားတဲ့အရာတွေ၊ မသိသင့် မသိထိုက်တာတွေ ဦးစွာသိသွားကြဖို့ များပါတယ်။ ကျွန်မတို့ ငယ်စဉ်ကလည်း ပတ်ဝန်းကျင်မှာရှိသူ ကိုယ့်ထက်အနည်းငယ် အသက်ပိုကြီးတဲ့ အမျိုးသမီးတွေ ပြောဆိုပို့ချတဲ့ မမှန်ကန်တဲ့ အချက်အလက်များစွာကို ကြားခဲ့ရဖူးပါတယ်။ ပညာပေး စာအုပ်တွေ ရှိနေတယ်ဆိုပေမယ့် ရေးသူတွေက ကိုယ်သိစေချင်သလို ရေးသလား၊ အမှောင်ဘက်ခြမ်းက စိတ်တွေကို နှိုးဆွတဲ့ အနေအထားနဲ့ ရေးသလား၊ ဘယ်လို စာအုပ်မျိုးတွေကို ကိုယ့်သားသမီးတွေ ဖတ်တယ်ဆိုတာလည်း သိဖို့မလွယ်လှပါဘူး။ ကလစ်ကလေး တစ်ချက်ခေါက်လိုက်တာနဲ့ ကိုယ်မသိစေ၊ မမြင်စေချင်တဲ့ အရာတွေ အားလုံးကို အတားအဆီးမရှိ ကြည့်လို့ရနေတဲ့ အင်တာနက်ခေတ်ကိုလည်း ရောက်နေခဲ့ပါပြီ။ယောကျ်ားလေးတွေကို ငယ်ရွယ်စဉ်ကတည်းက မိန်းကလေးတွေကို လေးစားဖို့၊ သူတို့ရဲ့ သဘောဆန္ဒတွေကို နားထောင်ဖို့၊ လက်ခံဖို့ လိုအပ်ကြောင်း သိစေသင့်ပါတယ်။ အမျိုးသားသေတ္တာနဲ့ ရင်းနှီးကြီးပြင်းလာပြီး၊ ဖျော်ဖြေရေး မီဒီယာများစွာက ဆက်လက်ပေးပို့တဲ့ သတင်းအချက်အလက်တွေအရ မိန်းကလေး တစ်ယောက်ကို ချစ်မိပြီဆိုရင် သူ့အချစ်ကို မရရအောင် ယူရမယ်ဆိုတဲ့ စိတ်မျိုးတွေ ဝင်နေနိုင်ပါတယ်။ ချစ်သူဖြစ်ပြီးပြီဆိုတဲ့ ကာလတွေမှာလဲ အဲဒီထက်တစ်ဆင့်တက်ဖို့ ကိုယ်အဆင်သင့်ဖြစ်တဲ့အချိန်မှာ သူအဆင်သင့်ဖြစ်တာမဖြစ်တာ စိတ်မဝင်စားဘူးဆိုတဲ့ အနေအထားမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ချစ်တယ်ဆိုတဲ့ကိစ္စက အလွန်ကို ထူးဆန်းတဲ့ကိစ္စ ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ရုပ်ရည်၊ ငွေကြေး၊ ပညာ၊ ဂုဏ် စသဖြင့် အဘက်ဘက်က ပြည့်စုံနေပေမယ့် မချစ်နိုင်ဘူးဆိုတဲ့ အနေအထားတွေ ရှိတတ်ပါတယ်။ အဲဒါက အားနည်းချက်၊ ချို့ယွင်းချက်တွေနဲ့ မဆိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်က တခြားလူကို မချစ်ဘဲ ဒီလူကိုမှ ဘာကြောင့်ချစ်မိသလဲလို့ အချိန်ယူတွေးကြည့်ရင် အဲဒီလူက ကိုယ့်ကိုဘာကြောင့် ပြန်မချစ်သလဲဆိုတာကို ကိုယ်ချင်းစာစိတ်နဲ့ မြင်ကောင်းမြင်နိုင်ပါလိမ့်မယ်။ လူတစ်ဦးချင်းစီရဲ့ ကွဲပြားစွာ နှစ်သက်တတ်မှုပါ။ အချစ်ကို သုတေသနလုပ်နေတဲ့ သုတေသီ ဟယ်လန်ဖစ်ရှားကတော့ အဲဒါဟာ “အချစ်မြေပုံ” (Love Map) ထဲကို ကျရောက်ခြင်းနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက မသိစိတ်ကနေ စတင်စာရင်းပြုစုထားမိတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေးတွေရှိရာ နယ်ပယ်ဒေသထဲကို ကျရောက်တဲ့သူကိုမှ ရွေးချယ်ချစ်မိတတ်ကြပုံ ရပါသတဲ့။ ရုပ်ချင်းအလွန်တူတဲ့ အမြွှာညီအစ်မထဲမှာတောင် တစ်ယောက်ကိုသာ ရွေးချယ်ပြီး ချစ်မိတတ်ကြတာမျိုး မဟုတ်လား။လူတစ်ယောက်ရဲ့အချစ်ကို ရရှိခြင်းကလည်း လူတစ်ယောက်ရဲ့ အရာရာကို အပြီးတိုင် ပိုင်ဆိုင်ခွင့်ရရှိသွားခြင်း မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်ကို သူ့စိတ်သဘောအရ သူခွင့်ပြုချက်ပေးမှ ပေးသလောက်အထိကိုပဲ အဆင့်တက်သင့်ပါတယ်။ ခွင့်ပြုချက် သေချာစွာ ရယူခြင်းမရှိဘဲ အဆင့်တွေ ကျော်တက်ခဲ့ရင် အဲဒါက အဓမ္မပြုကျင့်ခြင်းသာ ဖြစ်ပါတယ်။ ပြုကျင့်ခံရသူက ကိုယ့်ချစ်သူဖြစ်နေခြင်း၊ မဖြစ်နေခြင်းနဲ့ မသက်ဆိုင်ပါဘူး။ဆပ်ဘ်ဆာဟာရန် (Sub Saharam) အာဖရိကနိုင်ငံများလို့ခေါ်တဲ့ အာဖရိကနိုင်ငံအချို့ကို သုတေသနပြုလုပ်ရာမှာ တွေ့ဆုံမေးမြန်းခဲ့သူ မိန်းကလေးတစ်ဝက်ကျော်က သူတို့ပထမဦးဆုံး ကြုံတွေ့ရတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံက အကျပ်ကိုင်ခံရခြင်း၊ ဒါမှမဟုတ် ဖိအားပေးခံရခြင်းတွေကြောင့် အလိုမတူဘဲ ဖြစ်သွားခဲ့ရခြင်းလို့ ဆိုပါသတဲ့။ “ကျွန်မက အဓမ္မပြုကျင့် ခံခဲ့ရတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့...” ဆိုတဲ့ အခြေအနေမျိုးပါ။ ငြင်းပယ်လို့မရတဲ့ အခြေအနေတစ်ခုထဲကို ထောင်ချောက်ဆင် ခေါ်သွားခဲ့တာ၊ ဒါမှမဟုတ် ဆုံးဖြတ်ချက် မကျသေးတဲ့ ဇဝေဇဝါ အခြေအနေမှာ လိုရာတစ်ဖက်ကို အတင်းတွန်းပို့ ခံခဲ့ရတာတွေကို ကြုံခဲ့ကြရပါတယ်။ လူမှုရေးအရ ပါဝါနိမ့်ပါးနေတဲ့ သူတွေက ထိခိုက်ခံစားရတဲ့ အချိန်မှာတောင် အပြစ်တင်ခံရတတ်ပါတယ်။ လူမှုရေးအရ ပါဝါမြင့်မားနေတဲ့ သူတွေကတော့ အပြစ်ကျူးလွန်ပြီးရင်တောင် ဟန်မပျက် နေနိုင်စွမ်း ရှိကြပါတယ်။ ဒါတွေကို စတင်ပြောင်းလဲနိုင်ဖို့အတွက် လူအများက မိမိရဲ့အတွင်းစိတ်ထဲက ဘက်လိုက်မှုတွေကို စတင်အသိအမှတ်ပြု လက်ခံလာကြဖို့ လိုအပ်ပါလိမ့်မယ်။ချစ်ခြင်းနဲ့ ပတ်သက်ရင် သေချာလွန်းနေတဲ့ အရာတစ်ခုက အကြမ်းဖက်ခြင်းဟာ အချစ်မဟုတ်ဘူးဆိုတာပါပဲ။ ချစ်သူရဲ့ဆန္ဒကို သေချာစွာမေးမြန်း ဆွေးနွေးခြင်းမရှိဘဲ ကိုယ့်သဘောအတိုင်း တစ်ဖက်သတ်ပြုမူတာတွေက အချစ်မဟုတ်ပါဘူး။ ချစ်သူကို အကျပ်ကိုင် အနိုင်ကျင့်ခြင်းကလည်း အချစ်မဟုတ်ပါဘူး။ “ငါလိုချင်တာမှ မရရင် မင်းကိုမချစ်တော့ဘူး” ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေကလည်း အချစ်မဟုတ်ပါဘူး။ မလိမ့်တပတ်နဲ့ အခြေအနေတစ်ခုထဲကို တွန်းပို့လိုက်တာကလည်း အချစ်မဟုတ်ပါဘူး။ဒီနှစ် ချစ်သူများနေ့မှာ ချစ်သူတိုင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့ ချစ်ခြင်းတွေနဲ့ လက်တွဲကျော်ဖြတ်နိုင်ကြပါစေ၊ ချစ်ခြင်းရဲ့ အဓိပ္ပာယ်တွေကို တန်းတူညီမျှတစွာ၊ ငြိမ်းချမ်းစွာ၊ နှစ်ဦးသဘောတူ ဖွင့်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ကျွန်မရဲ့ ဆောင်းပါးလေးကို ဒီမှာပဲ ရပ်ချင်ပါတယ်။(Ref: Why we love, Why we chat TED talk by Helen Fisher, Coerced First Sex among adolescent Girls in Sub-saharam Africa: Prevalence and Context by Ann M.Moore et al .,)
ချစ်ခြင်းနှင့် စပ်လျဉ်း၍ ...
Most Read
Most Recent
16 hours ago










