၂၀၁၄ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကန်ပိန်းပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအဝင် သုံးဦးအား ပုဒ်မ ၁၈ ဖြင့် သန်လျင်မြို့နယ် တရားရုံး၌ ဖေဖော်ဝါရီ ၅ ရက် (ယနေ့) တွင် စတင်စစ်ဆေးမည်ဟု သိရသည်။
ယင်းကဲ့သို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၌ ကန်ပိန်းပြုလုပ်မှုကို ၂၀၁၄ ခုနှစ် သြဂုတ်တွင် ဗမာ တစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထို့သို့ပြုလုပ်ခဲ့မှုအတွက် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအဝင် မပိုပို၊ မအိပုံတို့ သုံးဦးအား သန်လျင်မြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည့် အကြောင်းအား ဗကသများအဖွဲ့ဝင် မပိုပို၏ နေအိမ်သို့ သက်ဆိုင်ရာ သန်လျင်ရဲစခန်းက လာရောက် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။အဆိုပါကဲ့သို့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ကန်ပိန်းပြုလုပ်ရာတွင် ဗကသများအဖွဲ့မှ ကျောင်းသားကျောင်းသူများမှာ ရန်ကုန်မြို့ အရှေ့ပိုင်းတက္ကသိုလ်အတွင်း အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်များနှင့် လက်ရှိအမျိုးသား ပညာရေးဥပဒေအား ကန့်ကွက်သည့် အချက်များကို ယင်းတက္ကသိုလ်ရှိ ကျောင်းသားများ သိရှိနားလည်စေရန်အတွက် ရေးဆွဲထားသော ရုပ်ပြောင်ကာတွန်းများအား ဖြန့်ဝေခြင်း၊ လက်ရှိအမျိုးသား ပညာရေးဥပဒေအား သရော်ထားသည့် သရော်စာများ ရေးထားသည့် စာရွက်များကို ကျောကုန်းတွင်ကပ်ပြီး လက်၌လည်းကိုင်ကာ ကျောင်းဝင်းထဲတွင် လမ်းလျှောက် လိုက်လံပြသခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ သန်လျင်မြို့မ ရဲစခန်းတွင် အမှုဖွင့်ခံထားရသည့် ဗကသ ကျောင်းသား ကျောင်းသူသုံးဦးအနက် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်မှာ ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် သပိတ်စခန်းဖွင့်၍ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အခြား ဗကသကျောင်းသား ခေါင်းဆောင်များ၊ ဗကသ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများနှင့်အတူ ဆန္ဒပြ တောင်းဆိုမှုကြောင့် သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းကျခံရပြီး အမှုရင်ဆိုင်နေရသည်။ ထို့အပြင် ကျောင်းသူ မပိုပိုမှာလည်း လက်ပံတန်းမြို့ရှိ ကျောင်းသား သပိတ်အကြမ်းဖက်ခံရမှုကို ရှုတ်ချသည့်အနေဖြင့် ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များ၊ အခြားကျောင်းသား ကျောင်းသူများနှင့်အတူ လမ်းလျှောက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့်အတွက် ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် အမှု ရင်ဆိုင်နေသူလည်း ဖြစ်သည်။
၂၀၁၄ ခုနှစ်က အရှေ့ပိုင်းတက္ကသိုလ်၌ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ကန်ပိန်း ပြုလုပ်ခဲ့၍ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအဝင် သုံးဦးအား ပုဒ်မ ၁၈ ဖြင့် သန်လျင်တရားရုံးတွင် (ယနေ့) စတင်စစ်ဆေးမည်















